နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံကြားရှိ မလေးရှားပိုင် ရေပြင်သို့ ပို့ဆောင်မည့် ငွေကျပ် ၃၁ ဒသမ ၇၄ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်အဖက်တမင်း)များအား ရခိုင်ပြည်နယ် ကျိန္တလီမြို့အနီး ရေပြင်၌ ဖမ်းဆီးရမိ

သံတွဲ ဩဂုတ် ၁၉


 ဒေသခံတာဝန်သိပြည်သူတို့၏ သတင်းပေးချက်အရ ကျိန္တလီနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဩဂုတ် ၁၆ ရက်၊  မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်တွင် ကျိန္တလီမြို့အနောက်တောင်ဘက် ၂ မိုင်ခန့်အကွာ မောင်းဒေါက်ချောင်းဝအနီး မသင်္ကာဖွယ် ကျောက်ချရပ်နားထားသည့် ၈ လုံးထိုးအင်ဂျင်၊ အလျား ၆၀ ပေ၊ အနံ ၂၀ ပေရှိ စက်လှေတစ်စီးအား စစ်ဆေးရှာဖွေရာ စက်လှေအတွင်းမှ ဆာလာအိတ် ၆၁ အိတ်ဖြင့်ထည့်ထားသည့် အိုက်စ်(မက်အဖက်တမင်း) ၁,၃၈၀ ကီလို သိမ်းဆည်းရမိခဲ့ပါသည်။

ရဲတပ်ဖွဲ့ဝင်များသည် စက်လှေတစ်စီးဖြင့် မသင်္ကာစက်လှေအနီး ချဉ်းကပ်စဉ် ၎င်းစက်လှေပေါ်မှ အမျိုးသား ၅ ဦး ရေထဲခုန်ချထွက်ပြေးသဖြင့် ကျိန္တလီမြို့တွင်းနှင့် သံတွဲ-ကျိန္တလီသွား ကားလမ်းမပေါ်တွင် ပိတ်ဆို့စစ်ဆေးခဲ့ရာ ၎င်းနေ့ ညနေ ၅ နာရီခန့်တွင် သံတွဲ-ကျိန္တလီကားလမ်းပေါ်၌ ဟွန်ဒိုင်းလိုက်ထရပ် အမျိုးအစားယာဉ်ပေါ်မှ ကျော်မိုးဆွေ(၁၉)နှစ်၊ ဖြိုးမင်းအောင်(၂၇)နှစ်၊ စန်းလင်း(၂၉)နှစ်၊ ထွန်းထွန်းဝင်း(၄၁)နှစ်တို့အားလည်းကောင်း၊ ဩဂုတ်လ ၁၇ ရက်နေ့ နံနက် ၉ နာရီခွဲ အချိန်တွင် ဂွမြို့နယ်၊ စမ်းချောင်းကျေးရွာအနီး၌ မောင်ပု(ခ)လှငွေ(၄၂)နှစ်အားလည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်များအရ သံတွဲမြို့နယ်၊ ကင်းမော်ရွာအနီး ရေပြင်တွင် မူးယစ်ဆေးဝါး သယ်ဆောင်လာသည့် အခြားစက်လှေတစ်စီးပေါ်မှ ယခု ဖမ်းဆီးရမိစက်လှေပေါ်သို့ မူးယစ်ဆေးဝါးများ လွှဲပြောင်းတင်ဆောင်ခဲ့ကြောင်း၊ မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှား နိုင်ငံကြားရှိ ရေပြင်သို့ပို့ဆောင်ရန် ထွက်ခွာလာခြင်းဖြစ်ကြောင်း၊ စက်လှေအား ကြီးကြပ်၍ မူးယစ်ဆေးဝါးများ တာဝန်ခံသယ်ဆောင်လာသူမှာ ထွန်းထွန်းဝင်း ဖြစ်ကြောင်း၊ ပင်လယ်ပြင်အတွင်း လှိုင်းလေပြင်းထန်နေသဖြင့် မောင်းဒေါက်ချောင်းဝ အနီး ကျောက်ချရပ်နားနေစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ဥပေဒအရ ထိရောက်စွာအရေးယူ ဆောင်ရွက်ထားရှိကြောင်းနှင့် ကွင်းဆက်တရားခံများ ဖမ်းဆီးရမိရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။     

ဆွေဦး






အခြားဆက်စပ်သတင်းများ