နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဟောင်ကောင်မြို့တွင် ထင်ပေါ်ကျော်ကြားသည့် ဒီမိုကရေစီတက်ကြွလှုပ်ရှားသူများ ဖမ်းဆီးခံရ

ဧပြီ ၁၉၊ ဟောင်ကောင် ဟောင်ကောင်မြို့ရဲတပ်ဖွဲ့က ဟောင်ကောင်မြို့၏ နာမည်အကျော်ကြားဆုံး ဒီမိုကရေစီလိုလားသည့် တက်ကြွလှုပ်ရှားသူများအနက် ၁၅ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ဖမ်းဆီးခံရသူများတွင် အသက် ၇၁ နှစ်ရှိသည့် မီဒီယာလုပ်ငန်းပိုင်ရှင် သန်းကြွယ်သူဌေး ဂျင်မီလိုင်နှင့် ထင်ပေါ်ကျော်ကြားသည့် လွှတ်တော်အမတ်များ ပါဝင်သည်။ ယင်းတို့မှာ ပြီးခဲ့သည့်နှစ်က ဟောင်ကောင်မြို့တွင် အစုလိုက်အပြုံလိုက် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ချိန်အတွင်း ခွင့်ပြုချက်မရှိသည့် စုဝေးပွဲများ ဦးဆောင်ကျင်းပခြင်း၊ ပါဝင်ခြင်း၊ လူသိများစေရန် ကြိုးပမ်းခြင်း စသည့်လုပ်ရပ်များ လုပ်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။ ဖမ်းဆီးခံရသူများကို လာမည့်လတွင် ရုံးထုတ်မည်ဖြစ်သည်။ ယခုကဲ့သို့ ဖမ်းဆီးခဲ့ခြင်းအကြောင်းရင်းကို ဟောင်ကောင်အစိုးရအဖွဲ့က အကျယ်တဝင့် ရှင်းလင်းခဲ့ခြင်းမရှိပေ။ သို့သော် သဘောထားကွဲလွဲသူများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် လုံခြုံရေးဥပဒေသစ် ထုတ်ပြန်သင့်ကြောင်း ဟောင်ကောင်မြို့ရှိ ရာထူးအကြီးဆုံး တရုတ်အရာရှိက တိုက်တွန်းခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ယင်းတို့ကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားမီ သံသယရှိသူများကို တရုတ်ပြည်မကြီးထံ လွှဲပြောင်းပေးအပ်မည့် ဥပဒေကြမ်းအပေါ် ဆန့်ကျင်သည့်အနေဖြင့် ရက်သတ္တပတ်တိုင်းနီးပါး ဆန္ဒပြပွဲများ အကြီးအကျယ် ဖြစ်ပွားခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် Forbes မဂ္ဂဇင်း၏ ခန့်မှန်းချက်အရ အမေရိကန်ဒေါ်လာ သန်း ၆၆၀ ချမ်းသာသည့် ဂျင်မီလိုင်မှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလကလည်း တရားမဝင် လူစုလူဝေးလုပ်မှု၊ ခြိမ်းခြောက်အကျပ်ကိုင်မှု စသည့်စွဲချက်များဖြင့် ဖမ်းဆီးခံခဲ့ရသည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ