မန္တလေး ဩဂုတ် ၁၇
COVID ကာလအတွင်း စင်ကာပူနိုင်ငံသို့ မြန်မာ့သရက်သီးကို သင်္ဘောဖြင့် တန်ချိန် ၁ဝဝ ကျော်နီးပါး စမ်းသပ်တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ သရက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအစုအဖွဲ့ (မန္တလေးတိုင်းဒေသကြီး)မှ သိရသည်။
မြန်မာ့သရက်သီးကို ယခင်နှစ်များက စင်ကာပူနိုင်ငံသို့ တန်ချိန် ၂ဝ ကျော်သာ တင်ပို့နိုင်ခဲ့ပြီး ယခုနှစ် COVID ရောဂါဖြစ်ပွားသော်လည်း သင်္ဘောဖြင့် စမ်းသပ်တင်ပို့ခဲ့ရာ တန်ချိန် ၁ဝဝ ကျော်နီးပါး တင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။
"အရင်က သရက်သီးပေါ် တာနဲ့ တရုတ်ကို အများဆုံးပို့ တယ်။ အခု တရုတ်မှာက COVID ကြောင့် အဝင် အထွက် သိပ်မလွယ်တဲ့အခါကျတော့ စင်ကာပူကို ပို့ဖြစ်တယ်။ အရင်က လေယာဉ်နဲ့ ပို့တာ။ အခု ရောဂါကြောင့် လေယာဉ်တွေ ပိတ်ထားတော့ သင်္ဘောနဲ့ စမ်းသပ်တင်ပို့မှုက အောင်မြင်တယ်လို့ ပြောလို့ရတယ်"ဟု မြန်မာနိုင်ငံ သရက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအစုအဖွဲ့ (မန္တလေးတိုင်းဒေသကြီး) ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောသည်။
မြန်မာ့သရက်သီးမှာ ဧပြီလကုန်မှစ၍ ဇူလိုင်လနှင့် သြဂုတ်လအတွင်း ထွက်ရှိပြီး ပြည်ပသို့ စိန်တစ်လုံး၊ ရွှေဟင်္သာ၊ ရင်ကွဲ၊ မချစ်စု၊ ပတ္တမြားငမောက်တို့ကို အဓိက တင်ပို့ခြင်း ဖြစ်သည်။ယခင်က သရက်သီးရာသီတွင် တရုတ်နိုင်ငံသို့ တစ်ရက်လျှင် တန်ချိန် ၁ဝဝဝ အထိ တင်ပို့မှုရှိခဲ့ပြီး စင်ကာပူနိုင်ငံသို့ ၂ဝ၁၁ ခုနှစ်မှစတင် တင်ပို့ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
COVID ကာလအတွင်း လူငယ်အများစုသည် အွန်လိုင်းရှော့ပင်မှ သရက်သီးများ ရောင်းချခဲ့သည့် အတွက် သရက်သီးကဏ္ဍတွင် အများအပြား စိတ်ဝင်စားမှုရှိလာပြီး ရောဂါအခြေအနေကြောင့် စီးပွားရေး လုပ်ငန်းအများစု စိုးရိမ်ရသည့် အနေအထားရှိခဲ့သော်လည်း ပြည်တွင်းဈေးကွက်မှာ သရက်သီးရောင်းချမှုနဲ့ ပတ်သက်၍ ဆိုးရွားစွာ ထိခိုက်မှု မရှိကြောင်းသိရသည်။
လက်ရှိတွင် မြန်မာ့သရက်သီးကို ပြည်ပနိုင်ငံများမှ စိတ်ဝင်စားမှုရှိသောကြောင့် ဒူဘိုင်း၊ အင်္ဂလန်နိုင်ငံနှင့် အခြားသော နိုင်ငံများက မှာယူမှုများရှိပြီး လာမည့် သရက်ရာသီများ၌လည်း ပြည်ပတင်ပို့မှု အလား အလာ ကောင်းနိုင်ကြောင်း မြန်မာနိုင်ငံ သရက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများ အစုအဖွဲ့ထံမှ သိရသည်။
မေဘယ်လ်အောင်