နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တက်နေလင်း ခရီးသည်တင်ယာဉ်ပေါ်တွင်လိုက်ပါလာသည့် ခါးပိုက်နှိုက်အား နာရီပိုင်းအတွင်းဖမ်းဆီးရမိ

ရန်ကုန်   ဩဂုတ်    ၁၂


အမြန်လမ်းမကြီးတွင်မောင်းနှင်နေသည့် တက်နေလင်း ခရီးသည်တင်ယာဉ်ပေါ်တွင်လိုက်ပါလာသည့် ခရီးသည်တစ်ဦးထံမှ ရွေဆွဲကြိုး၊ ဖုန်း၊ နာရီနှင့် ငွေများကို နှိုက်ယူခဲ့သောအသက် ၆၀ ကျော် ခါးပိုက်နှိုက်တစ် ဦးအား နာရီပိုင်းအတွင်းဖမ်းဆီးရမိခဲ့ကြောင်း သာဂရအမြန်လမ်းမကြီးရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း ဦးနန်းလွင်စိုး(၂၅)နှစ်၊ မောင်းနှင်လာသော ယာဉ်အမှတ်၊ YGN-2R/8321 မြစ်ကြီးနား-ရန်ကုန်တက်နေလင်း ခရီးသည်တင်ယာဉ်ပေါ်တွင် စီးနင်း လိုက်ပါလာသူခရီးသည် ကိုကျော်ကျော်ဦး (၃၇ နှစ်၊ စံလင်းဒေါင်းကျေးရွာ၊ မအူပင်မြို့နယ်နေသူ)သည်သူ၏ လည်ပင်းတွင်ဆွဲထားသည့် သံကြိုးဆက်ပုံရွှေကြုပ် တစ်ခုပါ (၂)ကျပ်သားခန့် ရွှေဆွဲကြိုး တစ်ကုံး၊ တန်ဖိုး ၂၀ သိန်းကျပ်ခန့်၊ ဆင်းကတ်ပါ Mi အမျိုးအစား(အနက်ရောင်) လက်ကိုင်ဖုန်း တစ်လုံး၊ တန်ဖိုး နှစ်သိန်းကျပ်ခန့်၊ ငွေစက္ကူရောရာ ငါးသိန်းကျော်ခန့် ထည့်ထားသည့် အညိုရောင်ပိုက်ဆံအိတ် တစ်လုံး/NAVIFORCE အမျိုးအစား(အနက်ရောင်) နာရီ တစ်လုံးတန်ဖိုး လေးသောင်းကျပ် စုစုပေါင်းတန်ဖိုး ၂၇၄၀၀၀၀ တို့မှာ ကားပေါ်၌အိပ်ပျော်နေစဉ် ပျောက်ဆုံးသွားကြောင်းနှင့်မသင်္ကာစရာအဖြစ်ကပ်လျက်လိုက်ပါလာသည့် ခရီးသည် ဦးတင်အေးမှာလည်း အမြန်လမ်းမကြီးမိုင်တိုင်(၂၀၀)ကျော် အရောက်တွင် ပျောက်ဆုံးနေကြောင်းတို့ကို သြဂုတ် ၁၂ ရက်၊ နံနက် ၅ နာရီ ၄၅ မိနစ်ချိန်က ကိုကျော်ကျော်ဦးက ရေတာရှည်မြို့နယ်၊ သာဂရအမြန်လမ်းမကြီးရဲစခန်းသို့ နံနက် ၇ နာရီခန့်က ဝင်ရောက်တိုင်ကြားခဲ့သော အမှုဖြစ်သည်။

တိုင်ကြားလာသည့်အမှုအား သာဂရအမြန်လမ်းမကြီးရဲစခန်းမှရဲအုပ် ဝင်းကိုက အမှုစစ်အဖြစ်လက်ခံပြီး အမှုနှင့်ပက်သက်၍ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး၏ ကြပ်မတ်ကွပ်ကဲမှုဖြင့် သာဂရအမြန်လမ်းမကြီးရဲစခန်းမှူး ရဲအုပ် ကျော်စွာလတ် ဦးစီးသောတပ်ဖွဲ့ဝင် ၁၀ ဦးတို့သည် သက်သေများနှင့်အတူ မန္တလေးဘက်မှ ရန်ကုန် ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင်ယာဉ်များအား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ရာ ယင်းနေ့ နံနက် ၈ နာရီခွဲအချိန်ခန့်တွင် ယာဉ်မောင်း သန့်ဇော်ဦး မောင်းနှင်လာသည့် ယာဉ်အမှတ်၊ 2N/3602 တောင်ပြာတန်း ခရီးသည်တင်ယာဉ်အား စစ်ဆေးစဉ် တင်အေး(၆၄နှစ်၊ သစ်ကြို့ပင်လမ်း၊ ကြာနီကန်ရပ်ကွက်၊ ရွှေတောင်မြို့ နေသူ) အား ကိုကျော်ကျော်ဦးပျောက်ဆုံးသွားသော သက်သေခံပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

"ခါးပိုက်နှိုက်က အသက် ၆၀ ကျော်လောက်ရှိတယ် နှိုက်ပြီးကားပေါ်က ဆင်းတယ် ပြီးတော့ နောက်ကားနဲ့ တက်လိုက်လာတော့ ရှေ့ကနေတားပြီးကားပေါ်တက်စစ်တော့သူ့ကိုတွေ့တော့စစ်တာမှာပစ္စည်းတွေပါအကုန် ပြန်ရတယ်" ဟု အမှုစစ်ရဲအရာရှိရဲအုပ်ဝင်းကိုက ပြောပြသိရှိရသည်။

အဆိုပါအမှုအားသာဂရအမြန်လမ်းမကြီးရဲစခန်း(ပ)၁၃/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၉ (နှိုက်) ဖြင့် အမှုဖွင့်လှစ်ထားပြီးအမှုနှင့်ပတ်သက်၍ရဲတပ်ဖွဲ့ဝင်များက တရားလိုနှင့်သက်သေများစစ်ဆေးခြင်း၊ သက်သေခံပစ္စည်းသိမ်းဆည်းခြင်းတို့ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။                         


ရွှေမြင့်ဦး(ရွှေပြည်သာ)






အခြားဆက်စပ်သတင်းများ