နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန် အိမ်၊ ခြံ၊ မြေ ဈေးကွက်အတွင်း Covid ဈေးဖြင့် အရောင်းအဝယ်ဖြစ်လာ

ရန်ကုန်၊ ဩဂုတ် ၁၁


 ရန်ကုန်မြို့ရှိ အိမ်၊ ခြံ၊ မြေ စျေးကွက်အတွင်းတွင် အရောင်းအဝယ်ပြန်လည်ဖြစ်ထွန်းလာလျက်ရှိသော် လည်း Covid စျေးကွက်အဖြစ် ရောင်းဝယ်နေကြခြင်းဖြစ်ကြောင်း အိမ်၊ ခြံ၊ မြေ ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

“အခု အရောင်းအဝယ်ပုံစံက ဘယ်လိုခေါ်မလဲဆိုတော့ ဝယ်သူကလည်း Covid စျေးနဲ့ လိုချင်တယ်ပေါ့၊ ရောင်းသူကလည်း Covid စျေးဆိုပြီး အရောင်းအဝယ်တွေရှိတယ်။ ဆိုလိုတာက ဥပမာ သိန်း ၇၀၀-၈၀၀ လောက်တန်တဲ့ မြေကို သိန်း ၄၅၀-၅၀၀ လောက်နဲ့ အရောင်းအဝယ် ဖြစ်ခဲ့တာလည်း ရှိပါတယ်။ ဝယ်သူတော်တော်များများကလည်း အရောင်းအဝယ်အတွက် စုံစမ်းရင် Covid စျေးနဲ့ မရဘူးလားဆိုတာ မျိုးကအစ ဖြစ်လာတယ်။ ပြောရရင် Covid စျေးကွက်တစ်ရပ် ဖြစ်ထွန်းလာတာပေါ့ဗျာ”ဟု မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။ လက်ရှိကာလတွင် Downtown ပြင်ပ မြို့နယ်များတွင် ကန်ထရိုက်တိုက်ခန်းများ အရောင်းအဝယ်ဖြစ်ထွန်းမှုရှိသလို လှိုင်၊ ကမာရွတ်၊ မရမ်းကုန်း၊ တာမွေ၊ သာကေတ စသည့် မြို့နယ်များတွင် တိုက်ခန်းများမှာ အများဆုံးအရောင်းအဝယ်ဖြစ်နေပြီး Covid စျေးနှုန်းဖြင့် ရောင်းဝယ်နေကြခြင်းလည်းဖြစ်သည်။

“စျေးကတော့ သွားပြောလို့မရဘူး၊ အရင်က သိန်း၃၅၀ နဲ့ စျေးခေါ်နေတဲ့ တတိယထပ်လောက်အခန်း က ရောင်းသူ၊ ဝယ်သူကြား သိန်း ၂၀၀ လောက်နဲ့ ရောင်းထွက်သွားတာ မနေ့က လေးတင်ပဲ၊ အိမ်၊ခြံ၊မြေ စျေးကွက်ထဲမှာ ဖြစ်နေတာက Covid စျေးကွက်နဲ့ အရောင်းအဝယ်ဖြစ်နေတာ။ ဒါကြောင့်လည်း စျေးက မှန်းလို့မရဘူး။ အရင်ကတော့ ဘယ်လိုနေရာ အထပ်အနိမ့်အမြင့်၊ အချက်အချာကျမှု စတဲ့ အခြေအနေပေါ် မူတည်ပြီး ဘယ်လောက်ဆိုတာမျိုး စျေးတန်းတစ်ခုလို သတ်မှတ်ရောင်းဝယ်နေကြပေမယ့် အခုက Covid စျေးကွက်ဖြစ်နေတော့ ရောင်းသူနဲ့ဝယ်သူကြား အဆင်ပြေသလိုညှိရင်း ရောင်းဝယ်ကြတာ။ ရောင်းမယ့် သူဘက်ကလည်း လက်ထဲမှာ ငွေမြုပ်နေတော့ ငွေပြန်ဖော်ချင်တဲ့ အခြေအနေမျိုးဖြစ်တယ်လေ၊ ဒါကြောင့် လည်း အရောင်းအဝယ်တော့ ပြန်ဖြစ်လာတယ်၊ ပြန်ဖြစ်လာတဲ့ အရောင်းအဝယ်က မြန်မာနိုင်ငံမှာ Covid မဖြစ်ခင် ၂၀၂၀ ဇန်နဝါရီ၊ ဖေဖော်ဝါရီလက အခြေအနေမျိုးကိုမမီသလို စျေးနှုန်းအနေအထားကလည်း တက်နေတယ်လို့လည်း ပြောမရသလို ကျနေတယ်လို့လည်း ပြောမရတဲ့အနေအထားမျိုးဖြစ်နေတာ”ဟု အဆိုပါ မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှုအသင်းမှ တာဝန်ရှိပုဂ္ဂိုလ်က ရှင်းပြသည်။

မကြာခင်ကာလတွင် ပွင့်လင်းရာသီရောက်လာမည်ဖြစ်သော်လည်း Covid လူနာသစ်တိုးလာခြင်းရှိမရှိ အခြေအနေများ၊ Covid နှင့်ပတ်သက်သော အစိုးရ၏ထုတ်ပြန်ချက်များ၊ ကန့်သတ်ဖြေလျှော့မှုများ မူဝါဒများပေါ် မူတည်၍လည်းကောင်း၊ ရွေးကောက်ပွဲအပါအဝင် နိုင်ငံရေးအခြေအနေများပေါ်မူတည်၍လည်းကောင်း လာမည့် အောက်တိုဘာ၊ နိုဝင်ဘာလတို့တွင် အရောင်းအဝယ် အေးနေမည့်အလားအလာက ပိုများသည်ဟု စျေးကွက် ကျွမ်းကျင်သူများက ခန့်မှန်းထားကြသည်။ “ထုံးစံက Election ကာလမှာ အရောင်းအဝယ်က အေးတတ်တယ်၊ ၂၀၁၅ တုန်းကလည်း ဒီလိုပဲ အေးတယ်၊ အခုစျေးကွက်ပုံစံကလည်းမမှန်တော့ အေးဖို့ပဲရှိတယ်”ဟု ဝါရင့်အကျိုးဆောင်တစ်ဦးဖြစ်သူ ဦးခင်ဝင်းက ရှင်းပြသည်။ 

(HK)






အခြားဆက်စပ်သတင်းများ