နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လယ်ယာမြေတွင် ဆောက်လုပ်ရောင်းချသောအိမ်ရာ၌ နေထိုင်သူများ ပိုင်ဆိုင်မှုအပေါ်စိုးရိမ်မှုများရှိလာ

ရန်ကုန်    ဩဂုတ်  ၁၁


ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာနှင့် ထန်းတပင်မြို့နယ်တို့ရှိ လယ်မြေများတွင်ဆောက်လုပ်ထား သည့် အိမ်ရာများအား သုံးနှစ်အရစ်ကျသွင်းစနစ်ဖြင့် ဝယ်ယူနေထိုင်သောလက်လုပ်လက်စားများအနေဖြင့် အိမ်ရာပိုင်ဆိုင်မှုအပေါ် ကိုဗစ်-၁၉ ရောဂါကာလ၌ စိုးရိမ်မှုများတိုးလာလျက်ရှိကြောင်းသိရသည်။

လှိုင်သာယာမြို့နယ်နှင့်ထိစပ်လျက်ရှိသော ထန်းတပင်မြို့နယ် ရခိုင်ရိုးကြီးနှင့် ရိုးလေးကျေးရွာအုပ်စုရှိ လယ်မြေများအား ပေ၂၀၊ ပေ ၆၀ နှင့် ပေ ၄၀ ၊ပေ ၆၀ အကွက်ရိုက်၍ရောင်းချကြခဲ့သည့်နည်းတူ လယ်မြေ တစ်ဧကပေါ်၌ လုံးချင်းတန်းလျားအိမ်များဆောက်လုပ်၍ ရောင်းချလျက်ရှိရာ လက်လုပ်လက်စားများနှင့်    အခြေခံပြည်သူအချို့ဝယ်ယူနေထိုင်လျက်ရှိပြီး လစဉ်ငွေသွင်းရာ၌ ခိုင်မာသောပိုင်ဆိုင်မှုရရှိရန် မျှော်လင့် လာကြခြင်းဖြစ်သည်။ 

“ရပ်ကွက်ထဲမှာ လုံးချင်းအိမ်တစ်လကျပ် ၁၃၀.၀၀၀ ကျပ်ပေးရတယ်။ ဒီမှာဆိုရင် လစဉ်ကျပ် ၂၀၀,၀၀၀ သွင်းလို့ သုံးနှစ်ကြာရင်အိမ်ပိုင်ရမယ်ဆိုတဲ့အမြင်နဲ့ပြောင်းလာခဲ့တာပါ။ ၁၅ ပေ၊ ၃၅ ပေနဲ့အမြင့် ၁၅ ပေ   ဒက်ချီးပြားအကာလုံးချင်းအိမ်တစ်လုံးကို ကျပ် ၁၀ သိန်းစသွင်းရတယ်။ တစ်လကျပ် ၂၀၀,၀၀၀ သွင်းနဲ့ ၃၆လသွင်းရတာပါ။ ပန်းလှိုင်တံတားအောက်ကမြေကွက်တွေယူစဉ်ကလည်း လိမ်တာခံရဖူးတယ်။              အဲ့ဒီလိုဖြစ်မှာကိုလည်းစိုးရိမ်တယ်။ ဒီမှာပိုင်ဆိုင်မှုကအရောင်းအဝယ်စာချုပ်ပဲရှိတာ။ အားလုံးကျပ် ၈၃ သိန်းကျတယ်။ ငွေသွင်းတာခြောက်လရှိပြီ၊ အရင်လိုဖြစ်မှာစိုးရိမ်တယ်”ဟု မိသားစုလေးဦးနှင့်နေထိုင်လျက် ရှိသော ဒေါ်မိုးမိုးဆွေက ပြောသည်။

ထိုလယ်မြေများတွင် လုံးချင်းတန်းလျားပုံစံဖြင့် အခန်းပေါင်း ၂၀၀ ကျော်တည်ဆောက်ရောင်းချထားပြီးဝန်ကြီးဌာနနှင့်ဌာနဆိုင်ရာမှတာဝန်ယူဆောက်လုပ်ခြင်းမဟုတ်ဘဲ အိမ်ရာအဖွဲ့အစည်းအမည်ဖြင့် ပြန်လည်ရောင်းချခြင်းဖြစ်သည်။ သုံးနှစ်ပြည့်ပါက ပိုင်ဆိုင်မှုစာချုပ်ကို ထပ်မံချုပ်ဆိုမည်ဟူ၍ ဝယ်ယူသူ များကသိရှိထားပြီး မည်မျှခိုင်မာကြောင်းကိုသေချာစွာမသိရှိဘဲ နေ့စဉ်ရရှိသောဝင်ငွေနှင့် စက်ရုံလစာဖြင့်    နေအိမ်ပိုင်ဆိုင်မှုအတွက် လစဉ်ငွေသွင်းရလျက်ရှိကြောင်းသိရသည်။ “ကျွန်မတို့က သီးသန့်အရပ်ဘက် အဖွဲ့အစည်းကပါ။ လုံးချင်း ၁၄၀ ရှိတယ်။ အိမ်ပိုင်ဆိုင်မှုက တစ်ဦးတစ်ယောက်တည်းတော့မရှိဘူး။ လူ ၁၄၀ရဲ့ ပိုင်ဆိုင်မှုပဲရှိတယ်။ လယ်မြေကိုသီးသန့်ပိုင်ရှင်ထံကဝယ်ပြီးလုပ်ဆောင်ထားတာကြောင့် ဂရန်တော့မရသေး ဘူး။  ၂၀၁၇ ခုနှစ်ထဲကဆောက်ခဲ့တာ။ လယ်ပိုင်ရှင်ရဲ့ခွင့်ပြုချက်နဲ့ဆောက်တာ ”ဟု မေတ္တာလှိုင်အိမ်ရာမှ တာဝန်ခံ မစန္ဒာမိုးကပြောသည်။

အဆိုပါလယ်မြေများတွင် လုံးချင်းနေအိမ် ၂၈၀ ကျော်ဖြင့် အိမ်ရာသုံးခုတည်ဆောက်ထားပြီး ယခုတည်ဆောက်ထားသောလုံးချင်းတန်းလျားနေအိမ် ၁၄၀ ကို တည်ဆောက်ရောင်းချလျက်ရှိရာ နေအိမ် အတွက် သွင်းငွေမှာ ၂၁ သိန်းမှ သိန်း ၈၀ ကျော်ထိရှိကြောင်းသိရသည်။ လယ်မြေများတွင်မြေကွက်ရိုက် ရောင်းချမှုနှင့်အတူ အိမ်ရာများဆောက်လုပ်ရောင်းချလျက်ရှိရာ လယ်ယာမြေများစွာရှိသော ထန်းတပင် မြို့နယ် ရိုးကြီးကျေးရွာအုပ်စုနှင့် ရိုးလေးကျေးရွာအုပ်စုတို့တွင်ရောင်းချလျက်ရှိပြီး အနောက်ပိုင်းတက္ကသိုလ် လမ်းမကြီးတစ်လျောက်ရှိ ကားလမ်းဘေးဝဲ၊ ယာတစ်လျောက်တွင်လည်း လယ်မြေများအား ကွန်ကရစ်လမ်းခင်း၍မီးတိုင်များစိုက်ကာ ပေ ၂၀ ၊ ပေ ၆၀ တစ်ကွက်လျှင် ကျပ်သိန်း ၂၀ မှသိန်း ၅၀ ထိရောင်းချလျက်ရှိသည်။

ထန်းတပင်မြို့နယ် နင်းကြမ်းကျေးရွာရှိလယ်မြေများတွင် လုံးချင်းတန်းလျားပုံစံဖြင့်နေအိမ်များကို  ဆောက်လုပ်ရောင်းချလျက်ရှိရာ လျှပ်စစ်မီးရရှိလျက်ရှိပြီး လက်လုပ်လက်စားများအနေဖြင့် တစ်နေ့တာနှင့် တစ်လတာရရှိသောဝင်ငွေဖြင့် သုံးနှစ်ပြည့်လျှင် ကိုယ်ပိုင်နေအိမ်ပိုင်ဆိုင်နိုင်မည်ဟူသော မျှော်လင့်ချက်ဖြင့် ဝယ်ယူနေထိုင်ကြလျက် နိုင်ငံတော်ကဖော်ဆောင်သောအိမ်ရာစီမံကိန်းများမဟုတ်ကြောင်းကို သေချာ ကျနစွာနားလည်သိရှိခြင်းမရှိဘဲ ဝေခွဲမရသောပိုင်ဆိုင်မှုအတွက် လစဉ်ချွေးနည်းစာဖြင့်ပေးသွင်းနေသော ဝင်ငွေများ တစ်ချိန်တွင်ဆုံးရှုံးနစ်နာနိုင်မှုအား ကိုဗစ်-၁၉ရောဂါကာလ၌ စိုးရိမ်ပူပန်လျက်ရှိကြောင်း သိရ သည်။                                                                                                            ဓာတ်ပုံ- ကနူး - ( ၁၁၂ )






အခြားဆက်စပ်သတင်းများ