နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အချက်အလက်မှားနေသည်ဟု သတင်းထောက်က ထောက်ပြခဲ့ပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စာနယ်ဇင်းရှင်းလင်းပွဲမှ ရုတ်တရက်ထွက်သွား

ဝါရှင်တန်၊ ဩဂုတ် ၁၀


စစ်မှုထမ်းဟောင်းများကို ကျန်းမာရေးစောင့်ရှောက်ပေးသည့်ကိစ္စနှင့်ပတ်သက်၍ ယင်း ပြောနေသည့် အချက်များ မှားယွင်းနေသည်ဟု သတင်းထောက်တစ်ဦးက ထောက်ပြခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်က စာနယ်ဇင်းရှင်းလင်းပွဲမှ ကောက်ခါငင်ကာ ထွက်သွားခဲ့သည်။ ဒေါ်နယ်ထရမ့်မှာ ပြီးခဲ့သည့် စနေနေ့က နယူးဂျာစီပြည်နယ်ရှိ ယင်း ပိုင်ဆိုင်သည့် ဘတ်မင်စတာဂေါ့ဖ်ကလပ်တွင် စာနယ်ဇင်းရှင်းလင်းပွဲ လုပ်ခဲ့ပြီး စစ်မှုထမ်းဟောင်းများ ဆေးကုသခွင့်ရစေမည့် Veterans Choice ဥပဒေကို ယင်း အတည်ပြုပေးခဲ့ခြင်းဟု ပြောခဲ့သည်။


'' အဲဒီအစီအစဉ်ကို အတည်ပြုဖို့ သူတို့ ကြိုးစားလာခဲ့တာ ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့ပါတယ်။ ဘယ်သမ္မတကမျှ အတည်မပြုနိုင်ခဲ့ပါဘူး။ ကျွန်တော်တို့တော့ လုပ်နိုင်ခဲ့တယ်''ဟု ဒေါ်နယ်ထရမ့်က ပြောသည်။ သို့သော်  Veterans Choice ဥပဒေ ဖြစ်လာစေရန် ၂၀၁၄ ခုနှစ်တွင် အမေရိကန်သမ္မတ (ဟောင်း) အိုဘားမားက လက်မှတ်ရေးထိုးအတည်ပြုပေးခဲ့ခြင်းဖြစ်သည်။ ယင်းဥပဒေမှာ ပါတီနှစ်ခု၏ ပူးပေါင်းတင်သွင်းမှုဖြစ်ပြီး ဒေါ်နယ်ထရမ့် မကြာခဏဝေဖန်လေ့ရှိသည့် ဗားမွန့်အထက် လွှတ်တော်အမတ် ဘာနီဆန်းဒါးစ်နှင့် ကွယ်လွန် သွားပြီဖြစ်သည့် ရီပတ်ဗလစ်ကန် လွှတ်တော်အမတ် ဂျွန်မက်ကိန်းတို့ ဦးဆောင်ဦးရွက်ပြုခဲ့ခြင်းဖြစ်သည်။


၂၀၁၈ ခုနှစ်တွင် ဒေါ်နယ်ထရမ့် လက်မှတ်ရေးထိုးခဲ့သည့် VA MISSION Act ဥပဒေမှာ Veterans Choice ဥပဒေတွင် အကျုံးဝင်စေမည့် အချက်အလက်များကို ပြင်ဆင်၊ ဖြည့်စွက်ခဲ့ခြင်းဖြစ်သည်။ အခြားသူများ နှစ် ၅၀ လောက် မလုပ်နိုင်ခဲ့သည့် Veterans Choice ဥပဒေကို ယင်းက ဖော်ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း ဒေါ်နယ်ထရမ့် က အကြိမ် ၁၅၀ ကျော် ပြောခဲ့ဖူးသည်။ 


'' Veterans Choice ဥပဒေကို ဥပဒေဖြစ်လာအောင် ခင်ဗျား အတည်ပြုပေးခဲ့တယ်လို့ ဘာကြောင့် ပြောရတာလဲ''ဟု CBS News သတင်းဌာန၏ အိမ်ဖြူတော်သတင်းထောက် ပေါ်လာရိဒ်က မေးခွန်းထုတ်ခဲ့ သည်။ ဒေါ်နယ်ထရမ့်က အခြားသတင်းထောက်တစ်ဦးကို အလှည့်ပေးရန် ကြိုးစားခဲ့သော်လည်း ပေါ်လာရိဒ် က '' Veterans Choice ကို ခင်ဗျား အတည်ပြုပေးခဲ့တာလို့ ပြောတယ်နော်။ အဲဒီဥပဒေကို ၂၀၁၄ ခုနှစ် မှာ အတည်ပြုပြဋ္ဌာန်းခဲ့တာပါ။ ခင်ဗျားပြောတဲ့အချက်အလက်က မှားနေပါတယ်ခင်ဗျာ''ဟု ထပ်ပြောခဲ့ သည်။ ထို့နောက်တွင် ဒေါ်နယ်ထရမ့်က စာနယ်ဇင်းရှင်းလင်းပွဲကို ရပ်နားပြီး '' အိုကေ။ အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်''ဟု ပြောကာ စာနယ်ဇင်းရှင်းလင်းပွဲမှ ထွက်သွားခဲ့သည်။ ဒေါ်နယ်ထရမ့်မှာ ယခင်က Veterans Choice ဥပဒေနှင့်ပတ်သက်၍ ယခုကဲ့သို့ ထောက်ပြပြောဆိုတာမျိုး မကြုံခဲ့ဖူးပေ။   


KNT






အခြားဆက်စပ်သတင်းများ