နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘရာဇီးတွင် ကိုဗစ်ကြောင့် သေဆုံးသူ ၁၀၀၀၀၀ ကျော် ရှိလာ

ဘရာစီလီယာ၊ ဩဂုတ် ၁၀

ဘရာဇီးနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၀၀၀၀၀ ကျော် ရှိလာခဲ့ပြီး ရောဂါကူးစက်ပျံ့နှံ့မှု လျော့နည်းလာသည့် လက္ခဏာ မရှိသေးကြောင်း ဘီဘီစီသတင်းဌာနက ဖော်ပြသည်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၀၀၄၇၇ ဦး၊ ကူးစက်ခံရသူ ၃၀၁၂၄၁၂ ဦး ရှိသည့် ဘရာဇီးနိုင်ငံမှာ အမေရိကန်နိုင်ငံပြီးနောက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အများဆုံး၊ သေဆုံးသူအများဆုံး နိုင်ငံအဖြစ် ရပ်တည်နေသည်။ သို့သော် ရောဂါစစ်ဆေးမှု နည်းပါးသည့်အတွက် အမှန်တကယ် ကူးစက်ခံရသူ၊ သေဆုံးသူ အရေအတွက်မှာ ပိုများဖွယ်ရှိသည်ဟု ထင်မှတ်ထားကြသည်။ 

ဘရာဇီးနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သုံးလအတွင်း လူ ၅၀၀၀၀ သေဆုံးခဲ့ပြီး နောက်ထပ်ရက် ၅၀ အတွင်း နောက်ထပ် လူ ၅၀၀၀၀ ကျော် သေဆုံးခဲ့သည်။ ရောဂါကူးစက်ပျံ့နှံ့မှု မြင့်တက်နေဆဲဖြစ်သော်လည်း စားသောက်ဆိုင်များနှင့် ဈေးဆိုင်များကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုထားသည်။ ဘရာဇီးသမ္မတ ဘော်ဆိုနာရိုက ကိုရိုနာဗိုင်းရပ်စ်၏ သက်ရောက်မှုကို လျှော့ချပြောဆိုနေဆဲဖြစ်ပြီး နိုင်ငံ့စီးပွားရေးကို ထိခိုက်စေမည့် စည်းမျဉ်းများ ထုတ်ပြန်ရန် ငြင်းဆန်နေဆဲဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရသော်လည်း ပြန်လည် သက်သာလာခဲ့သည့် ဘော်ဆိုနာရိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကိုထိန်းချုပ်နိုင်ရန်အတွက် ပြည်နယ် အုပ်ချုပ်ရေးမှူးများ ထုတ်ပြန်ထားသည့် ကန့်သတ်ချက်များကို ဆန့်ကျင်ခဲ့ဖူးသည်။

 KNT






အခြားဆက်စပ်သတင်းများ