နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စာမေးပွဲကျတာ ရှက်စရာမဟုတ်ပါ

ရန်ကုန် ဩဂုတ် ၉


ယခု ကျွန်မဆောင်းပါးကို ဖတ်နေသောသူ (သင်) ဟာ ကျောင်းသား၊ကျောင်းသူ တစ်ယောက်ပါလား? (သို့) သင်ဟာ ကျောင်းသား၊ကျောင်းသူ၏ အုပ်ထိန်းသူ မိဘဖြစ်ပါသလား? ကျွန်မ ဆိုလိုချင်တာကတော့ စာမေးပွဲကျတာ ရှက်စရာမဟုတ်ပါ။ ထို့တူ စာမေးပွဲကျတာ ဘဝအတွက် ဆုံးရှုံးမှုကြီး တစ်ရပ်လို့လည်း မယူဆအပ်ပါဘူးရှင်။ 

ကျွန်မရဲ့ ကိုယ်တွေ့အကြောင်းအရာဖြင့် မျှဝေလိုက်ပါရစေ။ ပဲခူးမြိူ့မှာ စာသင်နှစ်ဝက် ကျွန်မ ၁၀ တန်း ကျောင်းတက် နေချိန်တုန်းကအစိုးရဝန်ထမ်းအရာရှိဖြစ်တဲ့ ဖေဖေက ချင်းတောင်သို့ ပြောင်းရွှေ့ ခံခဲ့ရပါတယ်။ ဖေဖေနယ်ပြောင်းရတဲ့အတွက် ကျွန်မတို့ မိသားစုတွေကို အစိုးရကပေးတဲ့ ဝန်ထမ်းအိမ်ကနေ ပြောင်းပေးရပါတယ်။ သိပ်မကြာပါဘူး။ ကျောင်းဆရာမဖြစ်တဲ့ မေမေကလည်း ရန်ကုန်မြို့ကို အလုပ် တာဝန်ပြောင်းရပြန်ပါတယ်။ ဆယ်တန်းတက်လက်စကြီးဖြစ်နေပြီး ပညာသင်နှစ်ဝက်မှာ တခြားကျောင်းကို ပြောင်းဖို့အဆင်မပြေတော့တာကြောင့် ပဲခူးမှာ ကျန်နေရစ်ခဲ့ပြီး၊ ကျွန်မတို့ကျောင်းကဆရာမကြီး(အပျိုကြီး) တစ်ဦးရဲ့အိမ်မှာ ကျွန်မတို့ ညီအစ်မတွေ အိမ်ငှားဘဝဖြင့်ပညာသင် နှစ်ကုန်တဲ့အထိ နေခဲ့ရပါတယ်။

မိဘတွေရဲ့ ရင်ငွေ့အောက်မှာအမြဲနေခဲ့ရပြီး အခုလို မိသားစုတွေ အလုပ်တာဝန်ကြောင့် တကွဲတပြား နေရတဲ့အချိန်မှာ ကျွန်မထက်အသက် ၂ နှစ်ခွဲခန့်သာကြီးတဲ့ တက္ကသိုလ် ပထမနှစ်ကျောင်းသူ မမကြီးက အမကြီး အမိအရာဆိုသလိုကျွန်မတို့အငယ်တွေကို ထမင်းချက်ကျွေး ဝေယျာဝစ္စလုပ်ပေးပေါ့။ အားငယ် စိတ်ရှိပြီးမျက်ရည်လွယ်တတ်တဲ့ ကျွန်မက ထစ်ခနဲရှိ မိဘတွေကို သတိရငိုနေတတ်ပြီး အမြဲတမ်း မျက်ရည်နဲ့မျက်ခွက် ဖြစ်လို့နေပါတယ်။ စာမေးပွဲဖြေတဲ့ရက်တွေမှာ မေမေကလည်း ရန်ကုန်မြို့ မှာစာမေးပွဲခန်း စောင့်တာဝန်ကျနေတော့ သမီးဆီကိုမလာနိုင်ခဲ့ပါဘူး။ ဖေဖေ့ခမျာမှာလည်းစာမေးပွဲဖြေတဲ့သမီးကို အချိန်မီလာပြီး အားပေးချင်ပေမယ့် လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်က လမ်းခရီး သွားလာရေး အခက်အခဲကြောင့် Chemistry(ဓာတုဗေဒ)ဘာသာ ဖြေတဲ့နေ့မှသာ ဖေဖေကပဲခူးကို ရောက်လာနိုင်ခဲ့ပါတယ်။ တိုတိုပြောရရင် အဲဒီနှစ်က ကျွန်မ ၁၀ တန်းစာမေးပွဲရှုံးခဲ့ပါတယ်။

စာမေးပွဲ အောင်စာရင်းထွက်တဲ့နေ့ကကျွန်မကို ဖေဖေ၊ မေမေတို့က လုံးဝမဆူမရိုက်ခဲ့ကြပါဘူး။ မေမေကတော့ အရမ်းငိုခဲ့တာကျွန်မတို့အိမ်က အသုဘအိမ်လိုမျိုး တိတ်ဆိတ်လို့နေပါတယ်။ မေမေငိုတာကိုကြည့်ပြီး ကျွန်မလည်း တအားငိုခဲ့ရပါတယ်။ စာမေးပွဲ အမှတ်စာရင်းတွေတောင်းကြည့်တဲ့အခါမှာ Physics(ရူပဗေဒ)ဘာသာကို ၃၇ မှတ်နဲ့ကျွန်မ စာမေးပွဲကျခဲ့တာ သိရပါတယ်။ အင်္ဂလိပ်နဲ့ဘိုင်အို ဘာသာတွေက ဂုဏ်ထူးနား ကပ်နေပါတယ်။ အမှတ်စာရင်းကို ဖတ်ပြီးမေမေ ငိုနေတာကို မြင်ရပြန်ပါတယ်။ ကျွန်မကြုံးဝါးခဲ့ပါတယ်။ “ ငါ့ကို ကျစေတဲ့ ဘာသာဒီ Physics ကို ဂုဏ်ထူးနဲ့ အောင်စေရမယ်။ ”

အောင်စာရင်းထွက်ပါပြီ။ ကျွန်မ Physics ကို ဂုဏ်ထူးနဲ့အောင်ခဲ့ပါတယ်။ ဒဂုံတက္ကသိုလ်မှာ Physics မေဂျာ ယူခဲ့ပြီး ပထမနှစ်မှစ၍စာမေးပွဲတိုင်းမှာ အထူးအောင်(Credit)နဲ့အောင်ခဲ့ပါတယ် (ကျွန်မတို့‌ခေတ်တုန်းက ဒဂုံတက္ကသိုလ်က အဝေးသင်မဟုတ်သေးပါ)။ Final Year မှာလည်း ဂုဏ်ထူး ၄ ဘာသာ (Physics မေဂျာ ဂုဏ်ထူး ၃ ဘာသာ၊ သင်္ချာ ဂုဏ်ထူး) ဖြင့်အောင်ခဲ့လို့ M.Scဘွဲ့ကို ဆက်ယူဖို့ကျောင်းအပ်ခဲ့ပါတယ်။ သို့သော် တက္ကသိုလ်ပထမနှစ်မတက်ခင်ကတည်းကမေမေက ကွယ်လွန်၊ဖေဖေ့ရဲ့အစိုးရဝန်ထမ်း လစာလေးတစ်ခုတည်းဖြင့် စီးပွားရေအခြေအနေအရ M.Scဘွဲ့ကိုဆက်မယူဖြစ်တော့ဘဲ ကျွန်မ ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်ဖြစ်ခဲ့ပါတော့တယ်။

ကျွန်မဆိုလိုချင်တာက စာမေးပွဲကျလို့ စိတ်ဓာတ်မကျကြပါနဲ့။ အရှက်ကြီး ရှက်နေဖို့လည်း မလိုပါဘူး။

(က) ယခု ဤ ဆောင်းပါးကို ဖတ်နေသော သူ(သင်) ဟာ ကျောင်းသား၊ကျောင်းသူ တစ်ယောက်ပါလား?

တစ်နှစ်တစ်တန်းမှန်မှန်အောင်နိုင်ရင်တော့ အကောင်းဆုံးပေါ့။ စာမေးပွဲအောင်မြင်ခြင်းဟာ ကျောင်းသား၊ ကျောင်းသူရဲ့တာဝန်ကျေပွန်မှုပါ။

အကယ်၍ ကျရှုံးသွားတဲ့အခါ တစ်နှစ်တာလုံးအတွက် ပညာသင်စရိတ် ကုန်ကျပေးရတဲ့ မိဘတွေကို သိပ်အားနာဖို့ကောင်းပါတယ်။ မိမိကိုမျှော်လင့်နေတဲ့ဖြစ်ထွန်းစေချင်တဲ့ မိဘတွေအပေါ်တာဝန်မဲ့ရာ ကျပါတယ်။

စာမေးပွဲအောင်တဲ့အခါမိမိထက်ပင် မိဘတွေက ဝမ်းသာဂုဏ်ယူမဆုံး တပြုံးပြုံး ဖြစ်နေကြရှာတာပါ။ ကိုယ်ပိုင်ဝင်ငွေ မရှာနိုင်သေးခင် ကျောင်းသူ၊ကျောင်းသားအရွယ်မှာတော့ စာမေးပွဲအောင်ခြင်းဖြင့် မိဘ တွေကိုကျေးဇူးဆပ်ခြင်းပဲ ဖြစ်ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့်စာမေးပွဲကျခဲ့ပြီ ဆိုပါစို့။ စိတ်ဓာတ်အကြီးအကျယ် ကျမသွားပါနဲ့။ လူဖြစ်ရှုံးပြီလို့လည်း မယူဆလိုက်ပါနဲ့။ စာမေးပွဲနဲ့အလားတူ ဘဝတိုက်ပွဲဆိုတာ ကြုံရဦးမှာပါ။အရှုံး(သို့)အနိုင် ကြုံရစမြဲပါ။ စာမေးပွဲကျခြင်းအတွက် အထက်မှာရေးသားထားတဲ့ကျွန်မရဲ့ ကိုယ်တွေ့ဖြစ်ရပ်ကို နမူနာယူပါ။

ကျောင်းပြန်တက်ပြီးဒီတစ်နှစ်မှာတော့ “အောင်ကို အောင်စေရမည်”ဟု ဇွဲ ဝီရိယ တို့ဖြင့်ကြိုးစား အားထုတ်ပါ။ ဇနက ထုံးကို နှလုံးမူပါ။ နောက်ပြီး “ ဘာမဆို လူကဖြစ်သည်… ဘုရားတောင်လူကဖြစ်သည် ”  တဲ့။

စာမေးပွဲ အောင်ခြင်း၊ ကျခြင်းအတွက်ကလည်း ကံ၊ ကုသိုလ်တို့ဖြင့် တစ်နည်းတစ်ဖုံ သက်ဆိုင် ဆက်နွှယ်နေပါတယ်။ ဒါကြောင့်အကုသိုလ်မဖြစ်အောင်၊ ကံတွေကောင်းလာအောင် မိဘဆရာသမား မိကြီးဘကြီးတွေကိုမစော်ကားမိပါစေနဲ့။

(ခ) ယခု ဤ status ကို ဖတ်နေသော သူ(သင်) ဟာ ကျောင်းသားကျောင်းသူ၏ အုပ်ထိန်းသူ မိဘ(သို့)ဦးလေး၊အဒေါ် (သို့)ဘိုးဘွားတစ်ယောက်ပါလား?

ပြီးတာတွေကိုပြန်မရတော့မယ့်အတူတူ စာမေးပွဲကျတဲ့ ကလေးကို ရိုက်မနေပါနဲ့တော့။

ဆူသင့်တန်တာ ဆူပြီးတဲ့အခါမှာ၊သူ(ကလေး) ဘာကြောင့် ကျရသလဲ…ဆိုတဲ့ အကြောင်းရင်းကို ကလေးနဲ့တူတူစဉ်းစားဖော်ထုတ်ပြီးတော့ နောင်နှစ်မှာ ဤသို့ ထပ်မကျရလေအောင် သွန်သင်ပါ၊ ပဲ့ပြင်ပါ။ နားလည်အောင် ပြောပါ။

လူအများစုဟာ မိမိသင်ယူခဲ့သောပညာ၊ မိမိရယူခဲ့သော ဘွဲ့ဖြင့် ဘဝတစ်သက်တာလုံး အသက်မွေးဝမ်းကျောင်း ပြုနေသူများ မဟုတ်ကြပါဘူးရှင်။ဥပမာ ကျွန်မဆိုလျှင် Physics မေဂျာဖြင့် ဘွဲ့ယူ ခဲ့သော်လည်း လက်ရှိဘဝမှာတော့ ဝမ်းစာအတွက်ကုမ္ပဏီတစ်ခုမှာအလုပ်ဝင်လုပ်ခဲ့ပြီး၊ဝါသနာအရ စာရေး ဆရာမ ဘဝတို့ဖြင့် ရပ်တည်နေထိုင်နေသူသာ ဖြစ်ပါတယ်။

စာမေးပွဲကျတဲ့ကလေးအတွက် အထက်မှာရေးသားထားတဲ့ကျွန်မရဲ့ ကိုယ်တွေ့ဖြစ်ရပ်ကို နမူနာ ယူပြီး ကလေးကို အားတက်လာအောင် ပဲ့ပြင်ပေးပါ။

ယခု ကျွန်မရေးသားပေးသော ဤဆောင်းပါးလေးဟာ ကျောင်းသူ၊ကျောင်းသားများနဲ့ အုပ်ထိန်းသူ မိဘများကို အထိုက်အလျောက်အားဖြင့်ကောင်းသော အထောက်အပံ့ဖြစ်ခဲ့မယ်ဆိုပါရင် စာရေးသူတစ်ယောက်၏ တာဝန်ကျေပြီမို့ကျေနပ်မိပါတော့သည်။

ပေါက်ပေါက်






အခြားဆက်စပ်သတင်းများ