ရန်ကုန် ဧပြီ ၁၇ ပျော်ရွှင်ဖွယ်ရာများဖြင့် စတင်ခဲ့သော မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ်သည် ကမ္ဘာအနှံ့ ကူးစက်ပြန့်ပွားလျက် ရှိသော (COVID-19) ရောဂါန္တရကပ်ဆိုးကြောင့် ကြောက်ရွံ့ထိတ်လန့်စိတ် စိုးရိမ်စိတ်များဖြင့် ကုန်ဆုံးခဲ့ရ ပေပြီ။ သံသရာမှာ ပျော်စရာချည်း မျှော်လင့်လို့ မရဘူး။ စိတ်ပျက် ငြီးငွေ့စရာတွေ တပုံတခေါင်း ရှိသေးကြောင်း သတိပေးလျက်ရှိနေပါပြီ။ သို့သော် ကမ္ဘာ့ကပ်ဆိုး လွှမ်းမိုးနေချိန်အတွင်း မြန်မာလူမျိုးတို့၏ ရင်တွင်းဖြစ်ပေါ်လာသည့် ပရဟိတ မေတ္တာ၊ ပရဟိတစေတနာများသည် မီးပုံကြီးထဲမှ ပွင့်လာသည့် ပဒုမ္မာကြာပန်းကြီးသဖွယ် ကမ္ဘာ့အလယ်မှာ မြတ်နိုးဖွယ် ကောင်းလှပါပေသည်။ မြန်မာနိုင်ငံ ရဟန်းရှင်လူ ပြည်သူအားလုံး၏ မေတ္တာစွမ်းအား၊ ကုသိုလ်စေတနာစွမ်းအား၊ စည်းလုံး ညီညွတ်သော ကာယသာမဂ္ဂီ (လူကိုယ်တိုင်ပါဝင် ပေါင်းစည်းမှု)၊ စိတ္တသာမဂ္ဂီ (စိတ်ချင်းပေါင်းစည်းမှု) စွမ်းအားတို့ဖြင့် အခက်အခဲဟူသမျှ အနိုင်ယူကျော်လွှားနိုင်အောင် ကြိုးစားကြပါ။ လူတို့၏သန္တာန်မှာ ဖြစ်ပေါ်လာတတ်သည့် မုန်းတီးစိတ်၊ ရန်လိုစိတ်၊ ကျေးဇူးကန်းစိတ်၊ ကိုယ်ကျိုးရှာစိတ်၊ မနာလိုစိတ်၊ တစ်ကိုယ်ကောင်းဆန်စိတ်၊ တယူသန်စိတ်များကို ကမ္ဘာ့ကပ်ရောဂါထက်ဆိုးသည့် ရောဂါဆိုး အဖြစ် ရှုမြင်နိုင်အောင် သတိသမ္ပဇဉ်ဖြင့် ကျင့်ဆောင်နိုင်ကြပါစေ။ ၁၃၈၂ ခုနှစ် မြန်မာနှစ်သစ်ကူး နှစ်ဦးကာလမှစ၍ ဘေးဆိုး ရန်ဆိုး ကပ်အမျိုးမျိုးမှ ကင်းလွတ်ကြပါစေ။ သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒပြည့်ဝကြပါစေ။ (မြို့တော်သတင်း)