နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကလေးမျက်စိမှုန်ခြင်းဆိုင်ရာ သုတအဖြာဖြာ

ဩဂုတ်  ၈

ကျောင်းနေရွယ်ကလေးငယ်များ ထူးချွန်ထက်မြက်စွာပညာသင်ကြားနိုင်ရေးအတွက် ကောင်းမွန်သည့် အမြင်အာရုံရှိရန် အရေးကြီးပေသည်။ မိမိကလေးတွင် အမြင်အာရုံအခြေအနေနှင့်ပတ်သက်၍ ပြဿနာရှိ၊ မရှိကို စောစောစီးစီးလေ့လာထားဖို့လိုပါသည်။ ထို့ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ကလေးမျက်စိ မှုန်ခြင်းဆိုင်ရာ သုတအဖြာဖြာကို မိဘပြည်သူများအနေဖြင့် အထူးအလေးထားစေလိုသော ရည်ရွယ်ချက်ဖြင့်  နှစ်စဉ် သြဂုတ်လတစ်လလုံးကို Children’s Eye Health and Safety Month အဖြစ် သတ်မှတ်ပေးထားသည်။

ကလေးငယ်များက မိမိအမြင်အာရုံနှင့်ပတ်သက်၍ မည်သို့မည်ပုံခံစားရသည်ကိုပြောပြနိုင်စွမ်းမရှိပေ။ အိပ်စက်ချိန်မဟုတ်ပါဘဲ ကလေးတွင် အမြဲလိုလိုမျက်တောင်စင်းနေခြင်း၊ မျက်ခွံမှိတ်ကျသွားခြင်း၊ အရောင်(Colour)ကို အလွဲလွဲအချော်ချော် မှတ်သားပြောဆိုခြင်းစသည့် ထင်သာမြင်သာကိစ္စများကို ထောက်ရှု၍ သင့်ကလေးမျက်စိတွင် ပြဿနာတစ်စုံတစ်ရာ ကြုံတွေ့နေပြီဖြစ်ကြောင်း သိနိုင်သည်။ ပျမ်းမျှ  ၃ နှစ်အရွယ် ကလေးများသည် ရေရေလည်လည်ပြောပြနိုင်ပြီဖြစ်၍၊ ထိုအချိန်တွင် ဆရာဝန်ဖြင့်မျက်စိ စမ်းသပ်ခြင်းသည် အဆင်ပြေနိုင်သည်။

အောက်ဖော်ပြပါ အခြေအနေများကိုဖတ်ရှု၍ သင့်ကလေးတွင် မျက်စိမှုန်ခြင်းအန္တရာယ်မှ ကင်းဝေးစေရန် နှင့် သင့်ကလေး၏ အမြင်အာရုံချို့တဲ့မှုကိုမျက်မှန်တပ်ခြင်းဖြင့် ကုသဖို့လိုအပ်လာပါကအချိန်မဆိုင်းသင့်ပါကြောင်း အကြံပြုရေးသားလိုပါသည်။
ပုံမှန်မျက်စိဖွံ့ဖြိုးမှုနှင့် အမြင်အာရုံ (Normal Healthy Eye)
မွေးကင်းစမှ အရွယ်ရောက်သည်အထိမျက်စိအရွယ်အစား၊ မျက်ကြည်လွှာနှင့် မှန်ဘီလူးတို့သည် အသက်အရွယ်နှင့် လိုက်လျောညီထွေ ကြီးထွားဖွံ့ဖြိုးလာကာပုံမှန်ကြည်လင်သော မြင်ကွင်းကိုရရှိပါသည်။ ပုံမှန်ကျန်းမာသောမျက်စိအမြင်အာရုံတွင် ကြည့်ရှုသည့် အရာဝတ္ထု၏အလင်းတန်းများသည် အမြင်လွှာ (Retina) ပေါ်သို့ကျရောက်ပြီးပုံမှန်ကြည်လင်သော မြင်ကွင်းကိုရရှိသည်။

မျက်စိမှုန်ခြင်း
    ပုံမှန်မဟုတ်သည့် အောက်ဖော်ပြပါအခြေအနေများတွင် မျက်စိမှုန်ခြင်း ဖြစ်ပေါ်စေတတ်သည်။
•    မျက်စိအရွယ်အစားပုံမှန်ထက်ကြီးနေခြင်း။
•    မျက်ကြည်လွှာမျက်နှာပြင် အခုံးမညီခြင်း။
•    မျက်စိတွင်းရှိ မှန်ဘီလူးပါဝါ နည်းနေခြင်း (သို့မဟုတ်) များနေခြင်း။
ပုံရိပ်စောင်းခြင်း၊ ထပ်ခြင်း (Astigmatism)
မျက်ကြည်လွှာမျက်နှာအခုံးမညီညာခြင်းနှင့် ပုံသဏ္ဌာန်မမှန်သောမှန်ဘီလူးတို့ကြောင့် အရာဝတ္ထုများကို ကြည့်ရှုရာတွင် ပုံရိပ်များမှုန်ဝါးခြင်း၊ စောင်းခြင်း၊ ထပ်ခြင်းများဖြစ်ပေါ်သည်။
အနီးမှုန်ခြင်း (Hypermetropia)
အနီးမှုန်ခြင်းတွင် ကြည့်ရှုသည့် အရာဝတ္ထု၏အလင်းတန်းများသည် အမြင်လွှာ(Retina)၏ အနောက် ဘက်သို့ ကျရောက်ပြီးအနီးရှိမြင်ကွင်းမှာ မှုန်ဝါးစွာတွေ့ရသည်။

အနီးမှုန်ခြင်း၏ လက္ခဏာများမှာ -
•    စာရေး၊ စာဖတ်သည့်အခါ ကောင်းစွာမမြင်နိုင်ခြင်း။
•    အနီးရှိပစ္စည်းများကိုကောင်းစွာမမြင်နိုင်ခြင်း။
•    နာရီများစွာစာဖတ်ပါကမျက်လုံးညောင်းကိုက်ခြင်း။
•    မျက်စိစွေလာနိုင်ခြင်း။

အဝေးမှုန်ခြင်း (Myopia)
အဝေးမှုန်ခြင်းတွင် ကြည့်ရှုသည့်အရာဝတ္ထု၏ အလင်းတန်းများသည် အမြင်လွှာ(Retina)၏ အရှေ့ဘက် တွင် ကျရောက်သည်။ အနီးရှိအရာဝတ္ထုများကို ကြည်လင်စွာမြင်နိုင်သော်လည်းအဝေးရှိမြင်ကွင်းမှာ မှုန်ဝါးစွာ တွေ့ရသည်။

အဝေးမှုန်ခြင်း၏ လက္ခဏာများမှာ -
•    အဝေးသို့ကြည့်လျှင် အမြင်မှုန်ဝါးပြီး အနီးသို့ကြည့်လျှင် ကောင်းစွာမြင်ခြင်း။
•    ကျောက်သင်ပုန်း (သို့မဟုတ်) White Board ပေါ်ရှိစာလုံးများနှင့် အဝေးမှအရာဝတ္ထုများကို ကောင်းစွာမမြင်ရခြင်း။
•    အဝေးရှိ အရာဝတ္ထုများအား ကြည့်ရှုပါကမျက်မှောင်ကြုတ်၍ ကြည့်ရှုရခြင်း။
•    စာဖတ်လျှင်စာအုပ်ကိုမျက်နှာအနီးသို့ ကပ်၍ကြည့်ခြင်း။
•    အချိန်ကြာကြာစာဖတ်ပါကမျက်ရိုးကိုက်ခြင်း၊ မျက်လုံးအောင့်ခြင်း။
•    မျက်ခွံမကြာခဏရောင်တတ်ခြင်း။
•    မျက်လုံးနာခြင်း။
•    ဝမ်းနည်းနေခြင်းမျိုး မဟုတ်ပါဘဲလျက် မျက်ရည်ကျခြင်း။
•    မျက်လုံးပူခြင်း။
•    အမြဲတစေမျက်စိညောင်းနေသောကြောင့် မျက်လုံးများကိုအမြဲပွတ်နေခြင်း၊ မကြာခဏ မျက်တောင်ခတ်ခြင်း။
•    မကြာခဏခေါင်းကိုက်တတ်၍ ညနေပိုင်းတွင် ပိုမိုဆိုးရွားလာတတ်ခြင်း။

ကုသခြင်း (Treatment)
မျက်မှန်တပ်ခြင်းသည် အကောင်းဆုံးကုသမှုပင် ဖြစ်ပါသည်။ မျက်မှန်တပ်ခါစတွင် ကလေးများ ငြင်းဆန်နိုင်သော်လည်း မျက်မှန်တပ်ခြင်းကြောင့် ကြည်လင်စွာမြင်ရသည်ကိုသိရှိလာလျှင် နှစ်သက် လာပါလိမ့်မည်။ ငယ်စဉ်မှစ၍ မျက်မှန်မတပ်ပါကအားနည်းသော မျက်လုံး၏အမြင်ကို ဆိုးရွားစွာထိခိုက် စေသည်သာမက ရာသက်ပန်အမြင်ချို့ယွင်းသည်အထိ ထိခိုက်နိုင်ပါသည်။ မျက်လုံးအရွယ်အစား ကြီးထွားမှုပေါ်မူတည်၍ မျက်မှန်ပါဝါမှာလည်း ပြောင်းလဲသွားနိုင်သည်။

ဆိုလိုသည်မှာ ကလေးများတွင် အသက်အရွယ်ကြီးလာသည်နှင့်အတူ မျက်လုံးအရွယ်အစား ကြီးထွားလာမှုအပေါ် မျက်မှန်ပါဝါပြောင်းလဲနိုင် သဖြင့် နှစ်စဉ်မျက်စိစစ်ဆေးခြင်း၊ မျက်မှန်ပါဝါစမ်းသပ်ခြင်းပြုလုပ်ရန် လိုအပ်သည်။ အသက် (၅) နှစ်အောက်  ကလေးများတွင် ခြောက်လပြည့်လျှင် တစ်ကြိမ်နှင့် နောက်ပိုင်းတွင် နှစ်စဉ်မျက်စိစစ်ဆေးခြင်းနှင့် မျက်မှန် ပါဝါစမ်းသပ်ခြင်းတို့ကို ပြုလုပ်ပေးရန်လိုအပ်သည်။ ကလေးအိပ်ချိန်နှင့် ရေချိုးချိန်မှအပမျက်မှန်ကိုတောက် လျှောက်တပ်ထားရန် လိုအပ်သည်။

အချုပ်အားဖြင့်ဆိုသော် မိဘအုပ်ထိန်းသူများအနေဖြင့် မိမိကလေးငယ်၏ အမြင်အာရုံကိုအမြဲဂရုစိုက် စစ်ဆေးပေးသင့်ပါသည်။ အထက်ဖော်ပြပါ လက္ခဏာများအနက် တစ်ခုခုတွေ့ရှိသည်နှင့် မျက်စိအထူးကု ဆရာဝန်နှင့် ချက်ချင်းစမ်းသပ်စစ်ဆေးကုသရန် လိုအပ်သည်။ သို့ပါ၍ မိမိရင်သွေးငယ်အားမျက်မှန်တပ်ရန်လိုအပ်ခြင်းရှိ/မရှိအမြဲဂရုစိုက် စစ်ဆေးပေးရန်လိုအပ်ပါကြောင်း တိုက်တွန်းလိုက်ရပါသည်။

ပေါက်ပေါက်






အခြားဆက်စပ်သတင်းများ