နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လေဆိပ်သို့ဆင်းသက်စဉ် ပြေးလမ်းချော်ပြီး လေယာဉ် နှစ်ပိုင်းပြတ်ခဲ့၍ အနည်းဆုံး လူ ၁၇ ဦး သေဆုံး

ဩဂုတ် ၈၊ နယူးဒေလီ

အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ် လေဆိပ်တွင် လူ ၁၉၀ ဦး လိုက်ပါလာသည့် Air India Express လေကြောင်းလိုင်း၏ လေယာဉ်တစ်စင်း ဝမ်းဗိုက်ဖြင့် ဆင်းသက်ခဲ့ရပြီး နှစ်ပိုင်းပြတ်သွားခြင်းကြောင့် အနည်းဆုံး လူ ၁၇ ဦး သေဆုံးခဲ့ကြောင်း အိန္ဒိယအရာရှိများက ပြောသည်။ ဒူဘိုင်းမြို့မှ ပျံသန်းလာသည့် ဘိုးရင်း ၇၃၇ လေယာဉ်မှာ မိုးရွာသွန်းနေချိန်တွင် ကာလီကတ်လေဆိပ်သို့ ဆင်းသက်ခဲ့ရာ ပြေးလမ်းချော်ခဲ့ခြင်းကြောင့် နှစ်ပိုင်းပြတ်ခဲ့ကြောင်း လေကြောင်းပျံသန်းရေးအရာရှိများက ပြောသည်။

အဆိုပါလေယာဉ်မှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ဒူဘိုင်းမြို့တွင် ပိတ်မိနေသည့် အိန္ဒိယနိုင်ငံသား များကို ပြန်လည်ခေါ်ဆောင်လာသည့် လေကြောင်းခရီးစဉ်ဖြစ်သည်။ လက်ရှိအချိန်တွင် မတော်တဆဖြစ်ပွားရာနေရာ၌ ကယ်ဆယ်ရေးလုပ်ငန်း ပြီးမြောက်ခဲ့ပြီဖြစ်ပြီး အသက်ရှင်လွတ်မြောက် ခဲ့သူများကို ကာလီကတ်မြို့နှင့် မာလက်ပူရမ်မြို့ ဆေးရုံများသို့ တင်ပို့ခဲ့သည်။ လူဒါဇင်ချီ ဒဏ်ရာရ ခဲ့သည့်အနက် ၁၅ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း ထိပ်တန်းရဲအရာရှိတစ်ဦးက ပြောသည်။ သေဆုံးသူများ တွင် လေယာဉ်မှူးနှစ်ဦးလည်း ပါဝင်ခဲ့သည်ဟု Air India Express လေကြောင်းလိုင်းက ပြောသည်။ လေကြောင်းအမှတ် IX 1134 လေယာဉ်မှာ လူမမယ် ၁၀ ဦး အပါအဝင် ခရီးသည် ၁၈၄ ဦးနှင့် လေယာဉ်အမှုထမ်း ၆ ဦး တင်ဆောင်လာခြင်းဖြစ်သည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ