ဩဂုတ် ၅
ရီးရဲလ်မက်ဒရစ်အသင်းဟာ အလားအလာရှိတဲ့ လူငယ်အားကစားသမားတွေကို ဝယ်ယူထားပြီး အသင်း ကြီးမှာ မသုံးသေးဘဲ အခြားအသင်းတွေထံ အငှားချထားမှုပြုလုပ်လျက်ရှိပါတယ်။ ဒါမျိုးက ရီးရဲလ်တစ်သင်းထဲ မဟုတ်ပါဘူး။ အသင်းကြီးတော်တော်များများလူငယ်ကစားသမားတွေကို ဒီလိုနည်းနဲ့ ရွေးလေ့ရှိကြပါတယ်။ ရီးရဲလ်မှ ဂျပန်တောင်ပံတိုက်စစ်မှူးလေး တာကီကူဘိုကို အငှားချထားပါတယ်။
လက်ရှိဂျပန်သားလေးကို အငှားခေါ်ယူလိုတဲ့ အသင်းခြောက်သင်းတောင်ရှိပါတယ်။ အသက် ၁၉ နှစ်သာရှိသေးတဲ့ ကူဘိုကို ရီးရဲလ်တို့က ၂၀၁၉ ခုနှစ်မှာ ငါးနှစ်စာချုပ်ချုပ်ဆိုခေါ်ယူထားပြီး နောက်ပိုင်းမှာ မာယော့ကာသို့ အငှားချထားတာဖြစ်ပါတယ်။ မာယော့ကာတန်းဆင်းခဲ့ရပေမယ့် ကူဘိုက တောက်ပတဲ့ခြေစွမ်း တွေ ပြသနိုင်ခဲ့ပါတယ်။ ဗီလာရီးရဲလ်၊ ဆီဗီလာ၊ ဂရန်နာဒါ၊ ဆိုဆီဒက်၊ အိုဆာဘူနာနဲ့ အေဂျက်စ်တို့က ကူဘိုကို အငှားခေါ်ယူလိုကြပါတယ်။
ကူဘိုကို မည်သည့်အသင်းမဆိုအငှားခေါ်ယူပါက ရီးရဲလ်မက်ဒရစ်ကို ယူရို ငါးသန်းပေးချေရမှာဖြစ်ပါတယ်။ ရီးရဲလ်နဲ့ အိုဆာဆူနာဟာ Adidasနဲ့ အင်္ကျီစပွန်ဆာစာချုပ်အတူချုပ်ဆိုထားတာကြောင့် ကူဘိုကိုအငှားခေါ်နိုင်ရန် ထိပ်ဆုံးကရေပန်းစားလျက်ရှိပါတယ်။ ကူဘိုဟာ ဇူလိုင် ၂၀ ရက်က မက်ဒရစ်မှာ ယာဉ်မောင်းလိုင်စင် အောင်မြင်စွာရယူနိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ တိုကျိုကိုပြန်သွားပြီး သီးခြား ၁၄ ရက်နေထိုင်နေရပါတယ်။ အီးယူပတ်စ်ပို့လည်းမရှိသေးတော့ ကူဘိုဟာအသင်းကြီးမှာကစားခွင့်ရဖို့အချိန်ပေးရပါဦးမယ်။
ဒါဆိုရင် ရီးရဲလ်နဲ့ ကူဘိုတို့တွဲလို့မရတော့ ခွဲရဦးမှာပေါ့။ ၂၀၁၉-၂၀၂၀ ခုနှစ်အသင်းအသီးသီးမှာ ရီးရဲလ်အငှားချထားသူတွေအနက် ယူကရိန်းဂိုးသမား အင်ဒရေလူနင်တစ်ဦးကတော့ လာမယ့်ရာသီမှာ အသင်းကြီးမှာကစားခွင့်ရရန် သေချာနေပါတယ်။ လူနင်ဟာ ဆီဂန်ဒါကလပ်အိုဗီဒိုမှာ အငှားကစားခဲ့သူပါ။ ခုတော့ အသင်းကြီးမှာ ပါဝင်ကစားခွင့်ရလာတော့ ရီးရဲလ်နဲ့ ပြန်လည်တွဲရတော့မှာပါ။ အခြားအငှားချထားတဲ့ အိုဒီဂတ်နဲ့ ဆီတယ်လော့စ်တို့လည်း ရီးရဲလ်သို့ပြန်မရောက်နိုင်သေးဘဲ လက်ရှိအသင်းမှာပင် ပြန်ကစားကြ ရမှာပါ။ ရီးရဲလ်အသင်းရဲ့ အငှားကစားသမားက ၁၁ ဦးထိတောင်ရှိနေပါတယ်။ တစ်ဦးငှားတိုင်း ယူရိုငါးသန်း ရမယ်ဆိုရင် ၁၀ ဦးငှားရင် တစ်ရာသီယူရို သန်း ၅၀ ရီးရဲလ်တို့ရနေဦးမှာပါ။
(SO)