နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး

 ဩဂုတ်    ၁


ရင်သွေးငယ်များ ဘက်စုံကျန်းမာကြံ့ခိုင်စေရေးအတွက် မိခင်နို့ရည်သည် မည်မျှအရေးပါကြောင်းကို ကမ္ဘာ့နိုင်ငံအသီးသီးရှိ သက်ဆိုင်ရာကျန်းမာရေးအဖွဲ့အစည်းများက ကျန်းမာရေးအသိဖြင့် နှိုးဆော်လျက် ရှိပြီး၊ နိုင်ငံတိုင်းမှ မိခင်များကလည်း မိခင်နို့ရည်သည် မည်မျှအရေးပါပုံကို သိထားကြပြီးဖြစ်ရာ နှစ်တစ်နှစ်၏ သြဂုတ်လ ၁ - ၇ ရက်နေ့ကို ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်အဖြစ် အထူးတလည် မှတ်တမ်းတင် သတ်မှတ်ထားကြသည်။

ထို့ကြောင့် သြဂုတ်လ ပထမပတ်သို့ရောက်တိုင်း မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများက မိခင်နို့ တိုက်ကျွေးရေး အသိပညာပေးဟောပြောခြင်း၊ နို့တိုက်မိခင်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား  ကျန်းမာရေး အသိပညာဗဟုသုတများ ဆွေးနွေးခြင်း၊ မိခင်နှင့် ကလေးများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ အာဟာရမှုန့်များ ကျွေးမွေးခြင်းစသည့် လှုံ့ဆော်တိုက်တွန်းခြင်းများကို စဉ်ဆက်မပြတ်ပြုလုပ်လျက်ရှိကြသည်။ 

ဂရိနိုင်ငံနှင့် နို့ချိုတိုက်ကျွေးရေးလှုပ်ရှားမှု

ထူးခြားချက်အနေဖြင့် ဂရိနိုင်ငံ၌ လူမြင်ကွင်းတွင် ကလေးငယ်များကို နို့ချိုတိုက်ကျွေးခြင်းအား ရှေးနှစ်ပေါင်း များစွာကတည်းက တားမြစ်ပိတ်ပင်ထားခဲ့သည်။ ထို့ကြောင့်လည်း ဂရိနိုင်ငံမှာ ကလေးငယ်များကို မိခင် နို့ချိုတိုက်ကျွေးနှုန်းသည် အလွန်နိမ့်ကျလျက်ရှိသည်။ သို့သော် ၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် ဂရိနိုင်ငံ၏ ကျန်းမာရေးဝန်ကြီးဌာနက နို့ချိုတိုက်ကျွေးရေး သီတင်းပတ်အခမ်းအနားကို ပါဝင်ဆင်နွဲကြရန်အတွက် ကြေညာချက်ထုတ်ပြန်ခဲ့ပြီး၊ နိုဝင်ဘာလ၏ တစ်ခုသော တနင်္ဂနွေနေ့ တွင် ဂရိနိုင်ငံရှိ မြို့ ၅၀ ကျော်မှ မိခင်များက “ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်” ကို အားတက်သရော ပါဝင်ဆင်နွှဲခဲ့ ကြသည်။ ထိုအခမ်းအနားတွင် မိခင်ပေါင်း ၆၀၀ ကျော်ခန့်သည် လူမြင်ကွင်းမှာ နို့ချိုတိုက်ကျွေးခဲ့ကြသည်။ 

အကြောင်းရင်းမှာ ဂရိနိုင်ငံတွင် မိခင်နို့ရည်၏အရေးပါပုံကို အခြားသောကမ္ဘာ့နိင်ငံများနည်းတူ နားလည်သိရှိပြီးဖြစ်သလို၊ လတ်တလော လေ့လာတွေ့ရှိချက်များအရ ရင်သွေးငယ်များကို ၁၂ လကြာ နို့ချို တိုက်ကျွေးခြင်းဖြင့် ထိုကလေးငယ် လူလားမြောက်လာသည့်အခါ ဆီးချို၊ သွေးချိုရောဂါဖြစ်ပွားနိုင်မှုကို ၅၀ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်မည် ဖြစ်သကဲ့သို့၊ ကလေးများ၏ တစ်နှစ်သားအရွယ်အတွင်း ဆေးဝါးကုသမှု ခံရခြင်းမှလည်း ၁၀ ဆခန့် လျှော့ချပေးနိုင်ကြောင်းကို လေ့လာသိရှိခဲ့ခြင်းဖြစ်၍၊ ၄င်းဂရိနိုင်ငံ၏ ကျန်းမာရေး ဝန်ကြီးဌာနက လူမြင်ကွင်းတွင် နို့တိုက်မိခင်များ နို့ချိုတိုက်ကျွေးရေးကို တိုက်တွန်းအားပေးခဲ့ခြင်းဖြစ်သည်။

မိခင်နို့ရည် အရေးပါပုံ

ကျန်းမာကြံ့ခိုင်သော ရင်သွေးငယ်ဖြစ်ဖို့အတွက် အမိဝမ်းတွင်းသန္ဓေသားဘဝကတည်းကပင် ပြည့်စုံ လုံလောက်သော အာဟာရဓာတ်တွေကို ရရှိနေရမှာဖြစ်သလို၊ အမိဝမ်းတွင်းမှကျွတ်လာပြီးနောက် ၆ လပြည့်သည်အထိ အာဟာရဓာတ်ပြည့်ဝသော နို့ချိုကိုတိုက်ကျွေးနိုင်မှသာ ထိုကလေးငယ် လူလားမြောက်သည် အထိ ကိုယ်ခံစွမ်းကောင်း၍ ရောဂါကင်းဝေးနေမည် ဖြစ်ပေသည်။ မွေးပြီးစ ၁ ရက်အတွင်း အနည်းငယ်မျှလောက် ထွက်ရှိလာသော နို့ဦးရည်သည် အနည်းငယ်ပျစ်ပြီး ဝါကျင့်ကျင့်အရောင်ဖြစ်သည်။ ထိုနို့ဦးရည်သည် ကလေးငယ်၏ အစာခြေဖျက်မှု နှင့် ခန္ဓာကိုယ်ဖွံ့ဖြိုးကြီးထွားမှုအတွက် လွန်စွာအရေးပါလှသည်။ မိခင်နို့ရည်တွင် ရင်သွေးငယ်များအတွက် မရှိမဖြစ်လိုအပ်နေသော ဗီတာမင်၊ ပရိုတင်းနှင့် အဆီဓာတ်တို့ အချိုးကျမျှတစွာ ပါဝင်နေကြသဖြင့် မွေးကာစကလေးများအတွက် မိခင်နို့ရည်သည်သာ အကောင်းဆုံးနှင့် တန်ဖိုးအရှိဆုံး အစာအာဟာရဖြစ်သည်။

ကလေးငယ်အသက် ၆ လအထိ မိခင်နို့ချိုရည်တစ်မျိုးတည်းကိုသာ တိုက်ကျွေးပေးခြင်းဖြင့် နို့ရည်ထဲတွင် ပါရှိနေသော သဘာဝပဋိဇီဝပစ္စည်းများကြောင့် ပြင်ပကူးစက် ဗိုင်းရပ်စ်ပိုးများ၊ ဘက်တီးရီးယားပိုးများကို ခုခံကာကွယ်နိုင်ပြီး ပန်းနာရင်ကျပ်ခြင်းနှင့် ဓာတ်မတည့်မှုဖြစ်ခြင်းများ နည်းပါးသွားစေခြင်း၊ နားရောဂါ၊ အသက်ရှူလမ်းကြောင်းရောဂါနှင့် ဝမ်းလျှောဝမ်းပျက်ခြင်းတို့လည်း မဖြစ်ပေါ်စေနိုင်တော့ခြင်း၊ ကလေးငယ်တွင် ဉာဏ်ရည်မြင့်မားခြင်း၊ မိခင်နှင့်အမြဲထိတွေ့ ဆက်ဆံနေရသဖြင့် လုံခြုံနွေးထွေးမှုကိုခံစားရခြင်း၊ ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်၍ ကလေးငယ်တွင် အဝလွန်ခြင်းနှင့် ဆီးချိုဖြစ်ခြင်းကို ထိန်းချုပ်ပေးနိုင်ခြင်းစသည့် ကျန်းမာရေးအကျိုးကျေးဇူးများစွာကို ရရှိစေနိုင်ပါလိမ့်မည်။ 

နို့တိုက်မိခင်အတွက် ကောင်းကျိုးရလဒ်

နို့ချိုတိုက်ကျွေးခြင်းဖြင့် နို့တိုက်မိခင်အတွက် ရရှိနိုင်မည့် အကျိုးကျေးဇူးများမှာ ကိုယ်ခန္ဓာရှိအဆီပိုများကို လောင်ကျွမ်းစေခြင်း၊ သားအိမ်ကို လျင်မြန်စွာ ကျက်စေကျုံ့စေနိုင်ခြင်း၊ အလိုအလျောက် သားဆက်ခြားပြီးသား ဖြစ်သွားခြင်း၊ ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာ၊ အရိုးပါး အရိုးပွရောဂါဖြစ်ခြင်းမှ လျှော့ချပေးနိုင်ခြင်း၊ ထို့ပြင် အချိန်အခါမရွေး နေရာမရွေး အလွယ်တကူ နို့ချိုတိုက်ကျွေးနိုင်သဖြင့် နို့တိုက်မိခင်မှာ အလုပ်မရှုပ်စေတော့ဘဲ အချိန်ပိုထွက်လာခြင်း၊ နို့မှုန့်ဖိုး အကုန်အကျသက်သာစေခြင်းစသည့် ကောင်းကျိုးရလဒ်တွေ ခံစားရနိုင်သည်။ 

မိခင်နို့ရည်ကိုညှစ်ထုတ်၍ ရေခဲသေတ္တာထဲတွင် ၂ ရက်တိတိသိုလှောင် သိမ်းဆည်းထားခြင်းက အာဟာရမပြယ်၊ အာနိသင်မပြယ်စေနိုင်တာကြောင့်လည်း ပြင်ပအလုပ်လုပ်နေရသော နို့တိုက်မိခင်များအတွက် အဆင်ပြေသည်။ သို့သော် အေးခဲထားသော မိခင်နို့ကို အသုံးပြုမည်ဆိုပါက မူလအာဟာရတန်ဖိုးတွေ မဆုံးရှုံးရလေအောင် ပြန်လည် မီးအပူပေးနွှေးခြင်း မပြုသင့်ဘဲ ရိုးရိုးအရည်ပျော်လာသည်အထိ အချိန်ပေးစောင့်ဆိုင်း၍ ရင်သွေးငယ်ကို တိုက်ကျွေးပေးရမည်ဖြစ်သည်။

ရောဂါရှိသော နို့တိုက်မိခင်

အကယ်၍ မိခင်မှာ ခုခံအားကျင်ဆင်းရောဂါ၊ အဆုတ်ရောဂါ၊ ရောဂါတစ်မျိုးမျိုးကြောင့် ပဋိဇီဝဆေးဝါးများ သုံးစွဲနေရ လျှင်သော်လည်းကောင်း၊ ကင်ဆာရောဂါကြောင့် ဓာတုကုထုံးခံယူနေရလျှင်သော်လည်းကောင်း၊ မူးယစ်ဆေးဝါး တစ်ခုခုစွဲနေ လျှင်သော်လည်းကောင်း၊ ကလေးငယ်များမှာ ရှားပါးစွာဖြစ်တတ်သော မိခင်နို့ရည်နှင့် ဓာတ်မတည့်ရောဂါ ပါလာလျှင်သော်လည်းကောင်း ထိုထူးခြားဖြစ်စဉ်များအတွက် ဆရာဝန်နှင့်တိုင်ပင် ဆွေးနွေးပြီးမှသာ နို့ချိုတိုက်ကျွေးပေးရမည်ဖြစ်သည်။ သို့သော် မိခင်မှာ ရိုးရိုးသာမန်အအေးမိ၊ တုပ်ကွေး၊ ဖျားနာခြင်းများအတွက် နို့တိုက်ခြင်းကို မရပ်နားသင့်ပေ။


မိခင်နို့ချိုတိုက်ကျွေးခြင်း

လက်ကိုပါးစပ်ဖြင့် စုပ်ခြင်း၊ ငိုသံပေးခြင်း၊ နို့စို့သကဲ့သို့ ပါးစပ်တပြင်ပြင်လုပ်ခြင်းများက ကလေးငယ် နို့ဆာနေပြီဖြစ်ကြောင်းကို ဖော်ပြနေသော လက္ခဏာများဖြစ်သည်။ တစ်နေ့လျှင် အနည်းဆုံး ၈ - ၁၂ ကြိမ်ခန့် အထိ နို့ချိုတိုက်ကျွေးရမည်ဖြစ်ပြီး၊ မိခင်နို့ရည် တစ်ကြိမ်တိုက်ကျွေးချိန်သည် အနည်းဆုံး ၁၀ - ၁၂ မိနစ် အထိ ကြာမြင့်ရမည်ဖြစ်သည်။ နို့တိုက်ကျွေးနေစဉ် ရင်သွေးလေးကို ဂရုတစိုက်ဖြင့် တယုတယကိုင်တွယ် ပွတ်သပ်ပေးသင့်သည်။ ထိုမှသာ ချစ်ခြင်းမေတ္တာကြောင့် မိခင်နို့ရည်လိုက်ကာ နို့ထွက်အားကောင်းလာ မည်ဖြစ်သည်။ 


နို့ချိုတိုက်ကျွေးနေစဉ် မိခင်၏ကိုယ်ဟန်အနေအထား

နို့ချိုတိုက်ကျွေးနေစဉ် မိခင်၏ကိုယ်ဟန်အနေအထားနှင့် ရင်သွေးကို ထွေးပွေ့ရမည့် ပုံပန်းသဏ္ဌာန် မှန်ကန်နေမှသာ မိခင်ရော၊ ကလေးပါ သက်သောင့်သက်သာအနေအထားဖြစ်စေပြီး၊ သားသားမီးမီးတို့ နို့ စေမှာဖြစ်ပေသည်။

(က) ခုတင် (သို့မဟုတ်) လက်တင်ပါသော ကုလားထိုင် (သို့မဟုတ်) လှုပ်ကုလားထိုင်ပေါ် မတ်မတ်ထိုင်ပါ။

(ခ) ရင်သွေးလေးကို သက်သောင့်သက်သာရှိနေစေရန် မိခင်၏ကျောနောက်ဘက်၊ တံတောင်ဆစ် အောက်ဘက်ပိုင်းနှင့် ပေါင်ခွင်တို့မှာ ခေါင်းအုံးငယ်လေးများကို ခုခံထား၍ ထောက်ကူပေးပါ။

(ဂ) မတ်မတ်ထိုင်နိုင်ရန်အတွက် ခွေးခြေခုံနိမ့်ကို အသုံးပြုပါ (သို့မဟုတ်) ခေါင်းအုံးကို ဒူးအောက်မှာ ခုခံထားပေးပါ။

နို့ချိုတိုက်ကျွေးနေစဉ် ရင်သွေးကို ထွေးပွေ့ရမည့်အနေအထား

(က) ကလေးငယ်၏ ခန္ဓာကိုယ်တစ်ခုလုံးကို မိခင်ဘက်ဆီသို့ တစောင်းအနေအထားရှိစေရန် ကလေး ခြေထောက်များ ကို မိခင်ဘက်ဆီသို့လှည့်ကာ ပွေ့ပိုက်ထားပေးပါ။

( ခ) ကလေးငယ် သက်သောင့်သက်သာဖြစ်စေရန် နှင့် နို့သီးခေါင်းကို အားစိုက်၍ မစုပ်ယူဖြစ်စေရန်တို့အတွက် မိခင်၏ ပေါင်ခွင်ပေါ်တွင် ကလေးကို ခေါင်းအုံးခု၍တင်ကာ ထွေးပွေ့ထားပေးပါ။

နို့ချိုတိုက်ကျွေးရမည့်ပုံစံ

(က) မိခင်၏ လက်မနှင့် လက်ညှိုးကို U (သို့မဟုတ်) C ပုံသဏ္ဍာန်ကွေးညွှတ်စေပြီး လက်မကို ရင်သား၏ အပေါ်ဘက်မှာ ကပ်၍ ထားပေးပါ။

(ခ) ကျန်လက်လေးချောင်းကိုလည်း အောက်ဘက်မှထား၍ နို့သီး၏ အနောက်မှ ဖြည်းညှင်းစွာညှစ်ပြီး ကလေး၏ ပါးစပ်ဝတွင် တေ့ကာ၊ ကလေးနှင့် မိခင်နို့ကို တတန်းတည်း အနေအထားဖြင့် နီးကပ်စွာရှိနေစေရမည် ဖြစ်သည်။

(ဂ) ကလေးငယ်၏ ပါးစပ်ကို ကျယ်ကျယ်ဟစေရန်အတွက် ကလေး၏နှုတ်ခမ်းကို မိခင်နို့သီးခေါင်းဖြင့် ဖြည်းညှင်းစွာ တို့ထိ ပေးဖို့လိုအပ်သည်။ ထို့ကြောင့် နို့ကောင်းကောင်း စို့နိုင်မည်ဖြစ်သည်။

(ဃ) ကလေးငယ်က နို့စို့နေရင်း အခြားတစ်ဖက်သို့လှည့်သွားလျှင်ဖြစ်စေ၊ ပါးစပ်ထဲမှ နို့သီးခေါင်း လွတ်ကျသွားလျှင်ဖြစ်စေ ကလေးပါးကို ညင်သာစွာပွတ်သပ်လိုက်ပါက အလိုအလျောက် တုံ့ပြန်လာပြီး ဆက်လက်၍ နို့စို့လာမည် ဖြစ် သည်။

(င) မိခင်နို့သီးသည် ကလေးငယ်၏ လျှာပေါ်တွင် ရှိနေစေရမည်ဖြစ်သလို၊ ကလေးငယ်၏ သွားဖုံးဟာလည်း သားမြတ်ထိပ်ရှိ အမဲဝိုင်းအပေါ်တွင် ရှိနေစေရမည်ဖြစ်သည်။ ထိုမှသာ နို့သီးခေါင်း ထွက်မကျတော့ဘဲ နို့ကို  ကောင်းကောင်း စုပ်ယူနိုင်မည်ဖြစ်သည်။

( စ) ကလေးငယ်၏ ပါးတစ်ဖက်ကို သားမြတ်နှင့် အလွန်နီးကပ်စေရန် ဖိထားပေးဖို့လိုသည်။

(ဆ) အရေးကြီးဆုံးအချက်မှာ နို့ချိုတိုက်ကျွေးစဉ် ကလေးနှာခေါင်းကို မဖိမိစေရန်အတွက် ကလေးငယ်ကို ပင့်မထားပေးရမည်။ 

(ဇ) အထက်ပါနည်းအတိုင်း ကလေးငယ်ကို အနေအထားမှန်ကန်စွာ နို့ချိုတိုက်ကျွေးခြင်းက မိခင်မှာ ညောင်းညာခြင်းနှင့် အခြားမည်သည့် နာကျင်မှုများကိုမျှ ခံစားရမည်မဟုတ်ပေ။

(စျ) ကလေးငယ် နို့ဝသွားသောအခါ နို့စို့ယူနှုန်း ပမာဏအား နိမ့်ကျသွားမည်ကို မိခင်မှ အလိုအလျောက် နားလည် ခံစားရပါလိမ့်မည်။

(ည) နို့ချိုတိုက်ကျွေးသောအခါ ကလေးငယ် သောက်နိုင်သလောက်သာ တိုက်ကျွေးပါ။

(ဋ) ကလေးငယ်ကို နို့ချိုတိုက်သည့်အခါ ရင်သားနှစ်ဖက်စလုံးကို ဘက်မျှအောင် တိုက်ကျွေးပေးရမည်။ ထိုမှသာ မိခင်မှာ နို့ချောင်းပိတ်ဆို့ခြင်း၊ နို့ရည် မလိုက်ခြင်း၊ ရင်သားတစ်ဖက် ပိုကြီးခြင်း (သို့မဟုတ်) ပိုသေးနေ ခြင်းမျိုး မဖြစ်စေတော့ပေ။

စေတနာများစွာဖြင့်      

 ပေါက်ပေါက်






အခြားဆက်စပ်သတင်းများ