နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုးရာသီအတွက် ဆောင်ရန်ရှောင်ရန် အစားအစာလေးများ

ဩဂုတ်     ၃

မုတ်သုံရာသီနှင့်အတူ အအေးမိ နှာစေးချောင်းဆိုးရောဂါများ၊ ရာသီတုပ်ကွေးရောဂါ၊ သွေးလွန် တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါ၊ အရေပြားရောဂါစသည့် ကူးစက်ရောဂါများဖြစ်လာနိုင်သည်။ ထို့အပြင် အစာအဆိပ်သင့်ခြင်း၊ ဝမ်းပျက်ဝမ်းလျောခြင်း၊ အစာအိမ်နှင့်အူများရောင်ရမ်းခြင်းတို့ကိုလည်း ဖြစ်လာ နိုင်သည်။

ရှေးခေတ်မြန်မာကြီးများလက်ထက်တွင် မိုးရာသီဓာတ်စာအဖြစ် ပျားရည်၊ ထန်းလျက်ရည်၊ သံပရာရည် ဤသုံးမျိုးကို တစ်ကျပ်သားစီ  ဆတူရော၍ ဝါဆိုလပြည့်ကျော်တစ်ရက်နေ့မှစပြီး သုံးရက်တိတိ တစ်နေ့လျှင် ဆေးတစ်ဖုံကုန်အောင် စားလေ့ရှိကြသည်။ ယင်းဓာတ်စာက မိုးတွင်းရာသီတစ်ခုလုံး မည်သည့်ရောဂါမျှ မဖြစ်လာနိုင်ဟု ဆိုသည်။ ထို့ကြောင့် သင့်မိသားစု ကျန်းမာရေးအတွက် မိုးရာသီမှာဆောင်ရန် ရှောင်ရန် အစားအစာလေးများကို အောက်ပါအတိုင်း အကြံပြု မျှဝေလိုက်ရပါသည်။

-    ဆီဖြင့် ကြွပ်ကြွပ်ကြော်ထားသော အစားများက အစာကြေညက်စေရန်ခက်ခဲပြီး အစာခြေ စနစ်ကိုပါ ပြဿနာဖြစ်စေနိုင်သည်။ ထို့ကြောင့် ချမ်းအေးသော မိုးရာသီတွင် ဆီပါဝင်မှုနည်းသော အစားအစာမျိုးကိုသာ ရွေးချယ်စားသောက်သင့်သည်။
-    ကျန်းမာရေးနှင့်မညီညွတ်သော လမ်းဘေးအစားအစာများနှင့် ယင်နားစာများက ဝမ်းရောဂါဖြစ်စေ နိုင်သည့်အပြင် အစာအဆိပ်သင့်ခြင်းပါ ဖြစ်လာနိုင်၍ ယင်းအစားအစာများကို ရှောင်ပါ။
-    လွန်စွာချဉ်သော အစားအစာများက ခန္ဓာကိုယ်တွင်း အရည်ဓာတ်နှင့် ဆီးတို့ကို ချုပ်စေတတ်သည်။

-    ကြက်ဟင်းခါးသီး၊ ကင်းပုံခါးသီး၊ ခွေးတောက်ရွက်ကဲ့သို့သော ခါးသော ဟင်းသီးဟင်းရွက်တွေက ပြင်ပရောဂါပိုးများကူးစက်ခြင်းမှ ကာကွယ်ပေးနိုင်သည်။
-    မည်သည့် အစားအစာမဆို လတ်လတ်ဆတ်ဆတ်စားသုံးပါ။
-    အငန်ဓာတ်က ခန္ဓာကိုယ်ထဲရှိ အရည်ဓာတ်ကို ချုပ်တည်းစေနိုင်သည်။ ထို့ကြောင့် ဆား(အငန်)တွေလျှော့စားပါ။
-    ဖရဲသီးကဲ့သို့သော အရည်ရွှမ်းသော အသီးများကို မိုးရာသီမှာမစားသင့်ပေ။ အစာမကြေ ရင်ပြည့် ရင်ကယ် ဖြစ်စေတတ်သည်။
-    ကွေကာအုတ်က မိုးရာသီအတွက် ဆေးဖက်ဝင်သောဓာတ်စာတစ်မျိုးဖြစ်သည်။
-    မိုးရာသီအတွက် အသင့်တော်ဆုံး ဆီအမျိုးအစားမှာ သံလွင်ဆီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သံလွင်ဆီက စေးပျစ်ခဲခြင်းမရှိဘဲ အစာကြေညက်လွယ်သည်။ မုန်ညင်းဆီ၊ ပဲဆီ၊ နှမ်းဆီတွေက ချမ်းအေး သောရာသီမှာ ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဉ်ကို ကမောက်ကမဖြစ်စေနိုင်၍ ယင်းဆီများကို မုတ်သုံရာသီတွင် ရှောင်ရှားသင့်သည်။
-    အထူးသဖြင့် မိုးအေးလွန်းသည့်နေ့များမှာ ညစာစားပါက ပျော့သော၊ ကြေညက်လွယ်သော ဟင်းလျာမျိုးကိုသာ စီမံချက်ပြုတ်၍  စားသုံးပါ။

-    မုတ်သုံရာသီမှာ အဆီဓာတ်ပါဝင်မှုများသော နို့နှင့် နို့ထွက်ပစ္စည်းများကို မစားသင့်ပေ။ ယင်းတို့က အစာခ​ြေစနစ်ကိုခက်ခဲစေကာ အစာခ​ြေလမ်းကြောင်းအတွင်း ရောဂါပိုးမွှားများ ပေါက်ပွားလာစေတတ်သည်။
-    ကြက်သွန်ဖြူ၊ ချင်း၊ ငရုတ်ကောင်း၊ ဇီရာ၊ နံနံပင်၊ နံနံစေ့၊ နနွင်း စသည့်  ဟင်းခတ်အမွှေးအကြိုင်များ က မုတ်သုံရာသီအတွက် သက်စောင့်ဆေးဖြစ်သည်။
-    အစာအစာများကို ပူပူနွေးနွေး သုံးဆောင်နိုင်က အကောင်းဆုံးဖြစ်သည်။
-    အေးခဲထားသော အစားအစာများထဲတွင် ဗက်တီးရီးယားများ တိုးပွားလာစေနိုင်သဖြင့် ရေခဲ သေတ္တာထဲမှာ ပြန်လည်အေးခဲ၍ မစားသင့်ပေ။ အခန့်မသင့်ပါက အစာအဆိပ်ဖြစ်စေနိုင်သည်။

-    ဟင်းသီးဟင်းရွက်များကို ချက်ပြုတ်ပြီးသည့်အခါ အပူပေး၍စားနိုင်ပါက အကောင်းဆုံးဖြစ်သည်။
-    မိုးရာသီတွင် မချက်ပြုတ်ဘဲ အစိမ်းစားရသော ဟင်းရွက်စိမ်းအသုပ်များကို အတတ်နိုင်ဆုံးရှောင် ပါ။ သို့မဟုတ်ပါက သေသေချာချာ ဆေးကြောသန့်စင်ပါ။
-    ဝမ်းဗိုက်ထဲ မအီမသာခံစားရပါက အုန်းရည်သောက်ပါ။
-    အအေးမိ၊ တုပ်ကွေးနှာစေးခြင်းမှ ကြိုတင်ကာကွယ်သည့်အနေဖြင့် ဗီတာမင်စီဓာတ်ကြွယ်ဝသော ဂေါ်ဖီကို စွပ်ပြုတ်လုပ်၍ မကြာခဏစားပေးပါ။ (ဗီတာမင်စီ ဆေးပြားလေးကို ဖြည့်စွက်စာအဖြစ် မှီဝဲနိုင်သည်)
-    မိုးရာသီဖြစ်သော်လည်း ရေအလုံအလောက်သောက်ဖို့ လိုအပ်သည်။ မုတ်သုံရာသီတွင် ဖြစ်တတ်သော ရာသီတုပ်ကွေးဖျားနာများသည် ကိုယ်အပူချိန်မြင့်တက်လွန်းခြင်း၊ ဝမ်းပျက်ဝမ်းလျှော၍ ခန္ဓာကိုယ်တွင်း ရေဓာတ်ခန်းခြောက်ခြင်းများဖြစ်နိုင်သဖြင့် ကြိုတင်ကာကွယ်သည့်အနေဖြင့် ရေများများ သောက်ပေးသင့်သည်။ အကယ်၍ ရေဘုံဘိုင်မှရသော ရေဖြစ်ပါက ဦးစွာ ရေကိုကြိုချက်ပြီးမှသာ အအေးခံ၍ သောက်ပါ။

-    အအေးမိသူများတွင် နှာခေါင်းနှင့် လည်ချောင်းရှင်းစေရန်အတွက်၊ လက်ဖက်ရည်ကြမ်း(ရေနွေး)ကိုသာ သောက်သုံးသင့် သည်။
-    အအေးမိခြင်းနှင့် လည်ချောင်းနာခြင်းတို့အတွက် ချင်းအနည်းငယ်ကိုထောင်းပြီး ရေနွေးပူမှာ တစ်မိနစ်ခန့် ဆူအောင်ပြုတ်၍ တစ်နေ့နှစ်ခွက်သောက်ပါ။
-    ကိုယ်ခံစွမ်းအားကောင်းမွန်၍ အအေးမိ၊ နှာစေး၊ ချောင်းဆိုး၊ တုပ်ကွေး စသည့် ကူးစက်ဝေဒနာ ရာသီဖျားမှ ကြိုတင်ကာကွယ်သည့်အနေဖြင့် ကြက်သား (သို့မဟုတ်) ကြက်ရိုးကို  ကြက်သွန်ဖြူ၊ ချင်းတို့ဖြင့် စွပ်ပြုတ်ပူပူသောက်ပါ။

-    အအေးမိ၍ လည်ချောင်းနာအသံဝင်ခြင်းတို့အတွက် နွားနို့ပန်းကန်လုံးထဲသို့ ပျားရည်နှင့် နနွင်းမှုန့် တို့ကို လက်ဖက်ရည်ဇွန်း တစ်ဝက်ခန့်စီရော၍ တစ်နေ့နှစ်ကြိမ်သောက်ပါ။
-    ဝမ်းလျောဝမ်းပျက်ပါက ရေဓာတ်ခန်းခြောက်ခြင်းမှ ကာကွယ်နိုင်ရန်အတွက် ဓာတ်ဆားရည် တစ်ခုခုကိုသောက်ပါ။ ဓာတ်ဆားရည်အလွယ်တကူမရပါက ရေကျက်အေးလေးခွက်၌ သကြား လက်ဖက်ရည် ဇွန်းရှစ်ဇွန်း၊ ဆားလက်ဖက်ရည်ဇွန်းတစ်ဇွန်း ထည့်ဖျော်ပြီးသောက်ပါ။

-    မိုးမိလာပြီးနောက် ချမ်းစိမ့်စိမ့်ဖြစ်လာပါက ချင်း(ဂျင်း) ပါးပါး ၇ လွှာ နှင့် ထန်းလျက် ၃ ခဲ တို့ကို ရေသုံးခွက်တစ်ခွက်တင်ကြို၍ နံနက်၊ ည တစ်ခွက်စီ သောက်ပါ။
-    ဒိန်ချဉ် တစ်ဖန်ခွက်ထဲသို့ ကြံသကာကိုထောင်းထု၍ ဖျော်ထည့်ပါ၊ ယင်းဖျော်ရည်ထဲကို ငရုတ်ကောင်းမှုန့်နှင့် ဆားအနည်းငယ်ထည့်၍ နံနက်တိုင်း အိပ်ရာထမှာစားပေးပါ။ ဤဆေးဖျော်ရည်က မိုးဥတုတွင်သာမက ဆောင်းဥတုများတွင်ပါ ဖြစ်လေ့ရှိသော နှာစေးရောဂါကို သုံးရက်အတွင်းသက်သာ ပျောက်ကင်းသွားစေသည်။ (ကြံသကာ အဟောင်းရနိုင်လျှင် ပို၍ကောင်းပါသည်)

-    ရာသီဥတုကူးပြောင်းခါစမှာ အအေးမိ၊ နှာစေး၊ ချောင်းဆိုး စသည့် ကူးစက်ရာသီဖျားများ ဖြစ်လေ့ ရှိသဖြင့် ပိုက်ဆံအိတ်ထဲမှာ ဖျားနာကိုက်ခဲပျောက်ဆေးပြားလေး အရံသင့်ဆောင်ထားသင့်ပါသည်။

မိုးရေစက်တွင်ပါလာလေ့ရှိသော  သဘာဝအက်ဆစ်ပျော့များနှင့် စိုထိုင်းထိုင်းထိတွေ့မှုက အသားအရေ နှင့် ဆံသားတွေကို ပျက်စီးစေတတ်သည်။ ထို့ကြောင့် မိုးမိလာသောအခါ ရေခပ်နွေးနွေးဖြင့်ရေချိုးပါ။ မှိုပိုးမွှားအန္တရာယ်မှ ကာကွယ်ပေးနိုင်သည့် ကာဘော်လိပ်ဆပ်ပြာ (သို့မဟုတ်) ဒက်တောလ် ခေါ် ပိုးသေစေနိုင်သော ကိုယ်တိုက်ဆပ်ပြာမျိုးတွေသုံးပါ။ အနံ့အသက်ကောင်းပြီး သန့်ရှင်းခြောက်သွေ့သည့်  မျက်နှာသုပ်ပဝါသုံးပါ။ ရေချိုးပြီးသောအခါတွင်လည်း လိုအပ်ပါက ယားနာပျောက်ကိုယ်လိမ်းပေါင်ဒါ  (သို့မဟုတ်) ကရင်မ်လိမ်းပေးပါ။ မိုးရေထဲမှာပျော်ဝင်နေသော အက်ဆစ်ပျော့က အသားအရေကို ခြောက်သွေ့ ယားယံစေသဖြင့် ညအိပ်ရာဝင်ခါနီး အသားလှဆီ (သို့မဟုတ်) ရေဓာတ်များသော ညလိမ်း မျက်နှာလိမ်း ကရင်မ် ကို လိမ်းအိပ်သင့်ပါသည်။

မိုးရာသီလေထုစိုထိုင်းမှုတွေကြောင့် ဝက်ခြံပိုမိုပွားလာစေတတ်သည်။ ထို့ကြောင့် ဗီတာမင်စီကို အခြေခံ၍ ဖော်စပ်ထုတ်လုပ်ထားသော မျက်နှာသစ်ဆပ်ပြာကို ရွေးချယ်သုံးသင့်သည်။ မိုးရေထဲရှိ သဘာဝအက်ဆစ်ပျော့ ဓာတုပစ္စည်းက ဆံသားတွေကို ခြောက်သွေ့ပျက်စီးစေနိုင်၍ ရေစိုနေသော ဆံပင်ကို  သုံးနေကျ ရှမ်ပူ(Shampoo) ဖြင့် ခေါင်းလျှော်ပါ (သို့မဟုတ်) မျက်နှာသုပ်ပဝါသန့်သန့်ဖြင့် မိုးရေတွေ ကုန်စင်ခြောက်သွေ့အောင်သုတ်ပါ။
အမျိုးသမီးများအနေဖြင့် မိုးရေကြောင့် အလှမပြယ်ရလေအောင် ရေစိုခံမိတ်ကပ်၊ ရေစိုခံပေါင်ဒါ (သို့မဟုတ်) ကရင်မ်ပပ်ဖ်၊ ရေစိုခံနှုတ်ခမ်းဆိုးဆေး၊ ရေစိုခံအိုင်းလိုင်နာလေးတွေ ရွေးသုံးပေးခြင်းဖြင့်လည်း မိုးရာသီအတွင်း ကျန်းမာလှပနေနိုင်ကြပါစေကြောင်း အကြံပြုလိုက်ရပါသည်။ 

ပေါက်ပေါက်






အခြားဆက်စပ်သတင်းများ