နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လယ်ယာမြေများကို အသုံးပြုဆောင်ရွက်နေသည့် ငါးမွေးမြူရေးကန်များအား ဒဏ်ကြေးသတ်မှတ်ကာ အခြားနည်း အသုံးပြုခွင့်များ ဆောင်ရွက်ပေးမည်ဖြစ်သဖြင့် ငါးမွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်သည့်အခြေအနေကောင်းများရှိနေ

ရန်ကုန်    ဩဂုတ်     ၁


လယ်ယာမြေများအား အသုံးပြုဆောင်ရွက်နေသည့် ငါးမွေးမြူရေးကန်များအား ဒဏ်ကြေးသတ်မှတ် ကာအခြားနည်းအသုံးပြုခွင့်များ ဆောင်ရွက်ပေးတော့မည်ဖြစ်သဖြင့် ငါးမွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်လာနိုင်သည့် အခြေအနေကောင်းများရှိနေကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၏ သတင်းများအရ သိရသည်။ 

ယခုအခါ စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ပလပ်မြေ၊ မြေလွတ်မြေရိုင်းများအား လယ်ယာမြေအဖြစ် ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိရာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အထိ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ ၄၆၃၂ ဧကအား လယ်ယာမြေအဖြစ် ပြောင်းလဲပေးနိုင်ခဲ့ပြီဖြစ်သည်။ ထို့အပြင် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်လည်း လယ်ယာမြေများကို သတ်မှတ်စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ အခြားနည်းအသုံးပြုမှုများကိုလည်းခွင့်ပြုပေးလျက်ရှိသည်။ မြန်မာနိုင်ငံငါးလုပ်ငန်းဦးစီးဌာန၏ သတင်းများအရ လက်ရှိမြန်မာနိုင်ငံတွင် ငါး၊ ပုစွန်မွေးမြူရေးကန် ဧကငါးသိန်းနီးပါးရှိနေသည်ဟု  သိရသည်။

အဆိုပါ ငါး၊ ပုစွန်မွေးမြူရေးကန်များသည် လယ်ယာမြေ၊ မြေလွတ်၊ မြေရိုင်းများတွင် တူးဖော်မွေးမြူနေကြခြင်း ဖြစ်သည်။ လက်ရှိတည်ဆဲဥပဒေများတွင်လယ်ယာမြေများအား အခြားနည်းလမ်းအသုံးပြုခွင့်လျှောက်ထား လုပ်ကိုင်နိုင်သည်ဟု ပြဋ္ဌာန်းထားသော်လည်း လယ်ယာမြေများကို အခြားနည်းအသုံးပြုခွင့်လျှောက်ထားရာ တွင် ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်များအတွက် ဒဏ်ကြေးသတ်မှတ်နှုန်းမှာကြီးမြင့်နေသဖြင့် ငါးမွေးတောင်သူများ အနေနှင့်အခက်အခဲများဖြစ်နေကြရသည်။ ထို့ကြောင့် မြန်မာနိုင်ငံရှိငါးမွေးမြူရေးကန်ဧကငါးသိန်းခန့်အနက် ဧက တစ်သိန်းနှစ်သောင်းခန့်သာ အခြားနည်းအသုံးပြုခွင့်လျှောက်ထားလုပ်ကိုင်နိုင်ခဲ့ပြီး ကျန်ဧကတစ်သိန်း ခုနစ်သောင်းခန့်မှာ ငါးလုပ်ငန်းဦးစီးဌာန၏ ငါးမွေးမြူရေးလုပ်ငန်းလိုင်စင်များဖြင့်သာ လုပ်ကိုင်နေကြောင်း သိရသည်။

အဆိုပါ အခြေအနေများကြောင့် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်အနေနှင့် တည်ဆဲဥပဒေများတွင် ငါးမွေးမြူရေးတောင်သူများအား တောင်သူလယ်သမားအဓိပ္ပါယ်သတ်မှတ်ချက်တွင်ထည့်သွင်းပြဋ္ဌာန်းထားသဖြင့် စိုက်ပျိုးရေးတောင်သူများနှင့်အခွင့်အရေးတန်းတူဖြစ်သင့်ကြောင်း သက်ဆိုင်ရာသို့နည်းမျိုးစုံနှင့် မကြာခဏတင်ပြဆောင်ရွက်ခဲ့သည်။ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှု ကော်မတီအနေနှင့်လည်း လယ်ယာမြေကို အခြားနည်းအသုံးပြုရန် ခွင့်ပြုဆောင်ရွက်ပေးရာတွင် လယ်ယာမြေများမလျော့ပါးရေး၊ ကုန်ထုတ်စွမ်းအားတိုး တက်လာစေရေးနှင့်စက်ရုံ၊ အလုပ်ရုံများ တိုးတက်များပြားလာစေရေးကဏ္ဍများတွင် တစ်ခုနှင့်တစ်ခု အဟန့်အတား မဖြစ်စေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိသည်။ အဆိုပါ ဆောင်ရွက်မှုများအရ မကြာမီကာလတွင် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုကော်မတီ၏အစီအစဉ်ဖြင့် ငါးပုစွန်မွေးမြူရေးကန်များအတွက် ဒဏ်ကြေးငွေကို တစ်ဧကလျှင်ငွေကျပ် ၃၀၀၀၀ သတ်မှတ်ကာအခြားနည်းအသုံးပြုခွင့်ဆောင်ရွက်ပေးသွား မည်ဖြစ်သည်။  ထို့ကြောင့်  ငါးမွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်သည့်  အခြေအနေကောင်းများ ရှိနေကြောင်း သိရသည်။                                                                                               

ကိုသစ္စာလှိုင်






အခြားဆက်စပ်သတင်းများ