နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လက်ဖက်ရည်နှင့်စား‌သောက်ဆိုင်ငယ်များကို ၃၅ သိန်းမှ သိန်း ၁၀ဝ အထိ ထုတ်ချေးမည်

ရန်ကုန် ၊ ဩဂုတ် ၁


နေပြည်တော်ကောင်စီအပါအဝင် တိုင်းနှင့်ပြည်နယ်အသီးသီးတွင် အခြေတကျ ဆိုင်ဖွင့်လှစ် ရောင်းချ လျက်ရှိသော လက်ဖက်ရည်ဆိုင်များနှင့် စားသောက်ဆိုင်ငယ်များသို့ အထူးသက်သာသော အတိုးနှုန်းဖြင့် ချေးငွေထုတ်ချေးပေးမည်ဖြစ်ကြောင်း အသေးစားငွေရေးကြေးရေး လုပ်ငန်းကြီးကြပ်မှုကော်မတီက ထုတ်ပြန် ထားကြောင်းသိရသည်။

"ဒီချေးငွေတွေကို ခုဘဏ္ဍာနှစ်အတွင်း အပြီးလုပ်ပေးမှာပါ။ ငွေထုတ်ချေးတဲ့အခါ မြန်မာ့စီးပွားရေး ဘဏ်ကနေ အသေးစားငွေရေးကြေးရေး လုပ်ငန်းတွေကို ၁ ရာခိုင်နှုန်းနဲ့ ချေးမယ်။အဲ့ဒီကမှ ဆိုင်ပိုင်ရှင် တွေက ၂ ရာခိုင်နှုန်းနဲ့ ပြန်ချေးယူရမှာဖြစ်တယ်"လို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

ထိုသို့ ချေးငွေထုတ်ချေးရာတွင် မတည်ငွေကျပ် သိန်း ၅၀ အထိရှိသော ဆိုင်ငယ်များကို အများဆုံး ကျပ် ၃၅ သိန်း၊ မတည်ငွေကျပ် သိန်း ၅၀ မှ ကျပ် သိန်း ၁၀ဝ ထိရှိသော ဆိုင်လတ်များကို အများဆုံး ကျပ်သိန်း ၇၀ နှင့် မတည်ငွေကျပ် သိန်း ၁၀ဝ မှ ကျပ် သိန်း ၁၅၀ ထိရှိသော ဆိုင်ကြီးများကို အများဆုံး ကျပ်သိန်း ၁၀ဝ ထုတ်ချေးသွားမည် ဖြစ်သည်။

အဆိုပါ ဆိုင်များအတွက် ရင်းနှီးမတည်ငွေ ချေးငွေကို နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေ၏ အထွေထွေ ပိုလျှံရန်ပုံငွေမှ ကျပ် ၁၀ဝ ဘီလီယံရယူ၍ မြန်မာ့စီးပွားရေးဘဏ်မှ  အသေးစားငွေရေး ကြေးရေး အဖွဲ့အစည်း များသို့ ထုတ်ချေးပြီး ထိုမှတစ်ဆင့် Covid 19 ကြောင့် ထိခိုက်ခဲ့ရသည့် လက်ဖက်ရည်ဆိုင်များနှင့် စားသောက် ဆိုင်ငယ်များကို ထုတ်ချေးပေးမည်ဖြစ်သည်။

"ချေးငွေရမယ်ဆိုလို့တော့ ဝမ်းသာမိတယ်။ ဘာဖြစ်ဖြစ် လျှောက်တော့ကြည့်ရမှာပေါ့။ တကယ်လို အပ်သူတွေကို အမှန်တကယ်ထုတ်ပေးရင် အကောင်းဆုံးပါ။ လက်ဖက်ရည်ဆိုင်အတွက်ကတော့ ၃၅ သိန်းပဲရရ ၊ ၇၀ ပဲရရ ခုကာလ အရင်းအနှီးတစ်ခုတော့ဖြစ်ပါတယ်။ချေးငွေကာလ တိုတာကတော့ သိပ်သဘောမကျဘူး"လို့ ပြည်မြို့နယ်က လက်ဖက်ရည်ဆိုင်ပိုင်ရှင်တစ်ဦးဖြစ်သူ ကိုစိုးမိုးကပြောသည်။

မြန်မာ့စီးပွားရေးဘဏ်မှ အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းများသို့ ထုတ်ချေးရာတွင် တစ်နှစ်လျှင် အတိုးနှုန်း ၁ ရာခိုင်နှုန်းဖြင့် ချေးငွေကာလ တစ်နှစ် ထုတ်ချေးမည်ဖြစ်ပြီး အဆိုပါအဖွဲ့အစည်းများမှ လက်ဖက်ရည်ဆိုင်များနှင့် စားသောက်ဆိုင်ငယ်များကို ပြန်လည်ထုတ်ချေးရာတွင် ဝန်ဆောင်ခအပါအဝင် တစ်နှစ်လျှင် အတိုးနှုန်း ၂ ရာခိုင်နှုန်းဖြင့် ချေးငွေကာလ တစ်နှစ် ထုတ်ချေးရမည် ဖြစ်ကြောင်းသိရသည်။

အဆိုပါ ချေးငွေရယူမည့် အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းများသည် လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ရှိခြင်း၊ မှတ်ပုံတင်ထားခြင်း၊ အခွန်အခများ ပေးဆောင်ထားခြင်း၊ချေးငွေအား သတ်မှတ်ချက်နှင့်အညီ ပြန်လည်ပေးဆပ်ရန် ကုမ္ပဏီဒါရိုက်တာဘုတ်အဖွဲ့၏ အာမခံချက်နှင့် ယင်းချေးငွေကို လက်ဖက်ရည် ဆိုင်များနှင့် စားသောက်ဆိုင်ငယ်များကိုသာ ထုတ်ချေးမည့် ဝန်ခံကတိပြုတို့ကို တင်ပြရမည်ဖြစ်သည်။

လက်ဖက်ရည်ဆိုင်များနှင့် စားသောက်ဆိုင်ငယ်များအနေဖြင့် ချေးငွေများရယူရာ၌ ရင်းနှီး မတည်ငွေ ကျပ်သိန်း ၁၅၀ အောက်တွင် လုပ်ငန်းလည်ပတ်နေသော ဆိုင်များဖြစ်ရန်လိုပြီး ဆိုင်ဖွင့်လှစ်မှု သက်တမ်း ၁ နှစ်နှင့်အထက်ဆိုင်များ၊ Covid - 19 ကြောင့် အမှန်တကယ် ထိခိုက်ခဲ့သည့်လုပ်ငန်း၊ အခြေတကျ ဖွင့်လှစ်ထားသည့် အထောက်အထား၊ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်နှင့် လိုင်စင်မရှိပါက သက်ဆိုင်ရာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်၊ ပိုင်ဆိုင်မှုအထောက်အထား သို့မဟုတ် အာမခံပေးမည့်သူ ၂ ဦးကို တင်ပြရမည် ဖြစ်ကြောင်း သိရသည်။

ခရီးသွားလုလင်






အခြားဆက်စပ်သတင်းများ