နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၁၉၄၇ ခုနှစ်နောက်ပိုင်း အမေရိကန်နိုင်ငံတွင် အဆိုးရွားဆုံးစီးပွားရေးကျဆင်းမှု ကြုံတွေ့

ဝါရှင်တန်   ဇူလိုင်    ၃၁


‌ကပ်‌ရောဂါကာလအတွင်း ပိတ်ဆို့မှုများ၊ အသုံးစရိတ်လျှော့ချမှုများ ရင်ဆိုင်ကြုံတွေ့ခဲ့သည့် အမေရိကန်နိုင်ငံ၏ စီးပွားရေးမှာ ပြီးခဲ့သည့်ဧပြီလမှ ဇွန်လကြားကာလအတွင်း နှစ်စဉ်နှုန်းထား၏ ၃၂ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် အမေရိကန်အစိုးရက စီးပွားရေးမှတ်တမ်းများ စတင်ကောက်ယူခဲ့ပြီးနောက်ပိုင်း အဆိုးရွားဆုံး ကျဆင်းမှုဖြစ်သည်။ ထို့အပြင် ၁၉၅၈ ခုနှစ်က စံချိန်တင်ထားသည့် စီးပွားရေးကျဆင်းမှု( ၁၀ ရာခိုင်နှုန်း)ထက် ၃ ဆကျော် ပိုမိုဆိုးရွားခဲ့သည်။ 

ကျန်းမာရေးစောင့်ရှောက်မှု စသည့် ဝန်ဆောင်မှုများအတွက် အသုံးစရိတ် ကျဆင်းခဲ့ခြင်းမှာလည်း ယခုကဲ့သို့ စီးပွားရေးကျဆင်းမှုဖြစ်စေခဲ့သည်။ ဒုတိယသုံးလပတ်တွင် အဆိုးရွားဆုံး စီးပွားရေးကျဆင်းမှု ကြုံရမည်ဟု ကြိုတင်တွက်ဆထားသည်ဟု စီးပွားရေးပညာရှင်များက ဆိုခဲ့ပြီး လာမည့်သုံးလပတ်တွင် စီးပွားရေးတစ်ကျော့ပြန် ဦးမော့လာနိုင်သည်ဟု ဆိုသည်။

သို့သော် အမေရိကန်နိုင်ငံတွင် ဗိုင်းရပ်စ် ကူးစက်မှုများ မြင့်တက်လာပြီး အချို့ဒေသများတွင် သွားလာ လှုပ်ရှားမှုများ ပြန်လည်ကန့်သတ်ထားရခြင်းကြောင့် စီးပွားရေးနလန်ထူနိုင်ရန် နှေးတုံ့လေးကန်မှုများ ရှိနေသည်။ ပြီးခဲ့သည့်ရက်သတ္တပတ်က အမေရိကန်နိုင်ငံတွင် အလုပ်လက်မဲ့ ခံစားခွင့်လျှောက်ထားသူ ၁ ဒသမ ၄ သန်းကျော်ရှိခဲ့ရာ နှစ်ပတ်ဆက်တိုက် မြင့်တက်လာခြင်းဖြစ်သည်။ အခြားအချက်အလက်များအရ ပြီးခဲ့သည့်ဇူလိုင်လအတွင်း အသုံးစရိတ် လျှော့ချသုံးစွဲမှုများ ရှိနေကြောင်း တွေ့ရသည်။ လွန်ခဲ့သည့်နှစ် ဒုတိယသုံးလပတ်နှင့် နှိုင်းယှဉ်ပါက အမေရိကန်နိုင်ငံ၏စီးပွားရေးမှာ ၉ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီး ပို့ကုန်၊ သွင်းကုန်များတွင် ၂၀ ရာခိုင်နှုန်း၊ အမေရိကန်နိုင်ငံ၏ စီးပွားရေးကို အဓိကမောင်းနှင်ပေးနေသည့် စားသုံးသူသုံးစွဲမှုမှာ ၁၀ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။   

 KNT






အခြားဆက်စပ်သတင်းများ