နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမျိုးသားသွေးဌာနသို့ သွေးလှူဒါန်းလိုသူများအတွက် အသွားအလာစီစဉ်ပေးမည်

ရန်ကုန် ဧပြီ ၁၄ အမျိုးသားသွေးဌာန(ရန်ကုန်)သို့ သွေးလှူဒါန်းလိုသူများအတွက် အသွားအလာစီစဉ်ပေးမည်ဖြစ်ကြောင်း အမျိုးသားသွေးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာအောင်က ပြောကြားသည်။ "ဒီအချိန်ကာလမှာ သွေးလှူရှင်တွေအနေနဲ့ သွားလာရတာ ခက်ခဲတဲ့အတွက်ကြောင့် အနည်းဆုံး ရှစ်ယောက်ပြည့်ရင် ကျွန်မတို့သွားခေါ်ပေးပါတယ်၊ ဌာနကိုလာလှူချင်ရင်လည်း နေ့စဉ် နံနက် ၈ နာရီကနေ ည ၇ နာရီထိ ဖွင့်ပေးထားတယ်။ လာလှူလို့ရပါတယ်။ ညနေပိုင်း‌လောက်လာလှူနိုင်ရင် ပိုကောင်းပါတယ်"ဟု ၎င်းကပြောသည်။ လက်ရှိသွေးလှူဒါန်းမှုတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်က တစ်နေ့လျှင် သွေးလှူရှင် ၅၀ ဦးနှုန်းဖြင့် ဧပြီ ၁၃ ရက်မှစကာ ခုနစ်ရက်စာလှူဒါန်းထားကြောင်းနှင့် ရန်ကုန်တိုင်းကြက်ခြေနီအသင်းကလည်း တစ်နေ့လျှင် သွေးလှူရှင် ၂၀ ဦးမှ ၃၀ ဦးအကြား လှူဒါန်းနိုင်ရန် သက်ဆိုင်ရာ မြို့နယ်အလိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ "ဒီနှစ်ဖွဲ့နဲ့လူနာကို ထောက်နိုင်တဲ့အခြေနေတော့ ရှိနေပါပြီ၊ သွေးဆိုတာ နေ့တိုင်းကုန်တာလေ တစ်နေ့စာတစ်နေ့စာအတွက်တော့ အခက်အခဲဖြစ်တဲ့အခြေအနေ မရှိသေးပါဘူး၊ အရေးပေါ်အတွက် ဘာမှစိတ်ပူစရာမရှိပါဘူး အကုန်ထောက်နိုင်ပါတယ်"ဟု ဒေါက်တာသီတာအောင်က ပြောသည်။ သွေးလှူဒါန်းမှုအနေဖြင့် ဧပြီ ၉ ရက်အထိ သွေးလှူရှင်အများအပြား လာရောက်လှူဒါန်းမှုရှိခဲ့သော်လည်း ဧပြီ ၁၀ ရက်မှစကာ လှူဒါန်းမှု လျော့ကျခဲ့ပြီး လက်ရှိအချိန်တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်နှင့် ရန်ကုန်တိုင်းကြက်ခြေနီအသင်းတို့၏ လှူဒါန်းဆောင်ရွက်ပေးမှုကြောင့် လိုအပ်သည့် သွေးပမာဏအတိုင်းအတာကို ရရှိနေကြောင်း သိရသည်။ "သွေးအမြဲသုံးနေတာတော့ ကင်ဆာသမားတို့ သွေးရောဂါသမားတို့က နေ့တိုင်းအသုံးပြုနေရပါတယ်၊ အရေးပေါ်လည်း နေ့တိုင်းပေးနေရ‌ သေးတယ်၊ လိုတဲ့သူမှန်သမျှကို ပေးနေရတာပါ၊ ဒီရက်ပိုင်းအတွင်း အများကြီးအသုံးပြုတာတော့ မရှိပါဘူး၊ တကယ်လိုတဲ့သူတွေကိုပဲ ထောက်ပံ့‌ပေးနိုင်ဖို့ပါ"ဟု ဒေါက်တာသီတာအောင်က ပြောသည်။ ယခင်က သွေးလိုအပ်ချက်အရ တစ်နေ့လျှင် သွေးလှူရှင် ၃၀၀ ဦးမှ ၅၀၀ ဦးအထိ လှူဒါန်းရန်လိုအပ်သော်လည်း လက်ရှိအချိန်တွင် အရေးပေါ်သွေးလိုအပ်ချက်များမှအပ ကျန်လိုအပ်ချက်များကို လျော့ချသုံးစွဲနေသည့်အတွက် တစ်နေ့လျှင် သွေးလှူရှင် ၁၅၀ ဦးခန့် လှူဒါန်းပါက သွေးလိုအပ်ချက်ပမာဏ ပြည့်မီကြောင်း ၎င်းက ဆက်လက်ပြောသည်။ အမျိုးသားသွေးဌာန(ရန်ကုန်)အနေဖြင့် သွေးလှူရှင်များ လှူဒါန်းသည့် သွေးများကို ဆေးရုံပေါင်း ၁၄ ရုံသို့ ပြန်လည်ဖြန့်ဝေ‌ပေးလျက်ရှိကြောင်း သိရသည်။ သတင်း မိုးမြင့်မောင် ဓာတ်ပုံ အမျိုးသားသွေးဌာန(ရန်ကုန်)






အခြားဆက်စပ်သတင်းများ