နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရေထဲက ရတနာ

ရန်ကုန်   ဇူလိုင် ၃၀


ကမ္ဘာပေါ်ရှိ ရေချိုဒေသတွင် ကျက်စားနေထိုင်သမျှ လင်းပိုင်များအားလုံးကို ဧရာဝတီ လင်းပိုင်ဟုခေါ်တွင် လေသည်။ ဧရာဝတီမြစ်အတွင်း ဧရာဝတီလင်းပိုင်များ ကျက်စားနေထိုင်လေ့ရှိသော နေရာများမှာ ဗန်းမော်မြို့ နှင့် မန္တလေးမြို့အကြားရှိ မြစ်အပိုင်းအတွင်း  ဖြန့်ကြက်သွားလာ ပေါက်ပွား ရှင်သန်လျက်ရှိသည်။ ဧရာဝတီ လင်းပိုင်သည် ရေနေနို့တိုက် သတ္တဝါတစ်မျိုးဖြစ်သည်။ ဧရာဝတီ လင်းပိုင်သည် အရှေ့တောင် အာရှ၏ ထင်ရှား သော ပြယုဂ်တစ်ခု ဖြစ်သည်။

 ဧရာဝတီလင်းပိုင်များကို ဧရာဝတီမြစ်ထဲတွင် စတင်တွေ့ရှိခဲ့၍ တစ်ကမ္ဘာလုံးမှာရှိသော ရေချိုလင်းပိုင် အားလုံးကို စတွေ့သည့်သူက ဧရာဝတီလင်းပိုင်ဟု ခေါ်ဆိုခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံမှာတွေ့သော ငါးမျိုးစိတ်အသစ်တစ်ခုအနေနှင့် ကမ္ဘာတွင်မှတ်တမ်းပြုခဲ့ခြင်း ဖြစ်သည်။ လက်ရှိ ဧရာဝတီမြစ်ထဲတွင် မြန်မာနိုင်ငံ ငါးလုပ်ငန်းဌာနနှင့် World life Conservation မှ ထိန်းသိမ်းထားသော အကောင် ၇၀ ခန့်ရှိနေသည်။ မင်းကွန်း၊ မန္တလေးမြောက်ဘက်ရှိ မြင်ဇွန်းဆိုသော ရွာကလေးနားမှာ ရှေးနှစ်ပေါင်းများစွာက သူတို့၏ ဘိုး၊ ဘွား လက်ထက်ကတည်းက လင်းပိုင်များ၏ အကူအညီဖြင့် ပူးပေါင်းပြီး ငါးဖမ်းလာခဲ့ကြသည်။

လင်းပိုင်များသည် တံငါသည်လှေများကိုသိ၏။ သစ်သားချောင်းလေးနှင့် လှေကိုခေါက်လိုက်လျှင် လင်းပိုင်များသည် အနားကိုကပ်လာကြသည်။ ဧရာဝတီမြစ်ထဲတွင် လွတ်လွတ်လပ်လပ်သွားနေသော လင်းပိုင်များသည် တံငါသည်များနှင့်ပူးပေါင်းပြီး ငါးဖမ်းပေးလေ့ရှိကြသည်။ လင်းပိုင်များသည် ငါးရှိသော နေရာများကို သွား၍ အမြီးလေးနှင့် အချက်ပြလိုက်တာနှင့် တံငါသည်များက ကွန်ပစ်၍ ငါးဖမ်းကြသည်။ 

ဧရာဝတီလင်းပိုင်များထိန်းသိမ်းရေးနားလည်မှုစာချွန်လွှာ (MoU)တစ်ရပ်ကို ၂၀၀၇ ခုနှစ်၊ ဖေဖော်ဝါရီ လဆန်းတွင် ငါးလုပ်ငန်းဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS)တို့ လက်မှတ်ရေးထိုးခဲ့ကာ ဧရာဝတီလင်းပိုင်များကျက်စားရာ မတ္တရာမြို့နယ် မြေစွန်းကျေးရွာ၌ အသိပညာပေးလုပ်ငန်းများစတင်  ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ ထို့ပြင် ၂၀၀၇ ခုနှစ်၊ ဒီဇင်ဘာလအတွင်း၌ မင်းကွန်းနှင့် ကျောက်မြောင်းမြို့ အကြား ၇၂ ကီလိုမီတာကို ဧရာဝတီလင်းပိုင် ထိန်းသိမ်းဧရိယာအဖြစ် သတ်မှတ်ခဲ့သည်။ ထို့အတူ ဧရာဝတီမြစ်အတွင်းရှိ ဧရာဝတီလင်းပိုင်များ မြစ်အတွင်းဖြန့်ကြက်နေထိုင်မှုကို အပြည့်အဝသိရှိနိုင်ရန် ၂၀၀၂-ခုနှစ်၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလများက ပထမအကြိမ် လေ့လာမှုပြုလုပ်ခဲ့ရာ ဗန်းမော်နှင့် မင်းကွန်းကြား၌ လင်းပိုင် (၃၇) ကောင်တွေ့ခဲ့ကြောင်း၊ မှတ်တမ်းပြုနိုင်ခဲ့ပြီး ၂၀၀၃ ခုနှစ်၊ ဒီဇင်ဘာလတွင် မန္တလေးနှင့် ဗန်းမော်ကြား ဧရာဝတီမြစ်ကြောင်းအတိုင်း အစုန်အဆန် လေ့လာမှုများပြုလုပ်ခဲ့ရာ လင်းပိုင် (၅၉) ကောင်၊ ၂၀၀၄ ခုနှစ်၊ ဒီဇင်ဘာလတွင် (၇၂) ကောင်ရှိကြောင်း မှတ်တမ်းများအရ သိရသည်။

       မန္တလေးမြို့အနီးတွင် ဧရာဝတီမြစ်အတွင်း၌ ရှားပါးမျိုးတုံးတော့မည်ဖြစ်သော ဧရာဝတီလင်းပိုင်များ မှီတင်းနေထိုင်နေကြပါသည်။ Orcaella Brevirostris ဟု သိပ္ပံအမည်ပေးထားသော လင်းပိုင်များသည် ကမ္ဘာပေါ်တွင် ၄-မျိုးသာ ကျန်ရှိတော့သည့် ရေချိုလင်းပိုင်ငါးများအနက်မှ ရှားပါးမျိုးနွယ်ဝင် ဖြစ်ပါသည်။ သို့သော်လည်း လွန်ခဲ့သည့်ရာစုနှစ်အတွင်း ဧရာဝတီမြစ်အတွင်းနေထိုင်ကြသည့် ရေချိုလင်းပိုင်ငါး အရေအတွက် ၆၀ ရာခိုင်နှုန်းအထိ လျော့ကျသွားခဲ့ပါသည်။ ယခုအချိန်တွင် ရရှိနိုင်သမျှသော အကောင်းဆုံး ခန့်မှန်းထားသည့် ဧရာဝတီလင်းပိုင်ငါး အရေအတွက်မှာ ၅၉ ကောင်သာ ဖြစ်သည်။    ဤလင်းပိုင်ငါးများသည်          ၂   မီတာမှ  ၂ဒသမ ၇၅ မီတာအထိ အလျားရှိကြပြီး၊ အပြာနက်မှောင်အရောင်နှင့် မီးခိုးရောင်အရင့် ရှိကြ ပါသည်။ ဤလင်းပိုင်ငါးများသည် လူများနှင့်ရင်းနှီးစွာ ပေါင်းသင်း၍ ပူးပေါင်းဆက်ဆံမှုရှိကြပြီး၊ ဤအချက် မှာ လူနှင့်တိရစ္ဆာန်များ ဆက်ဆံရေးအတွက် လေ့လာမှုပြုရန် အထူးအခွင့်ကောင်းဖြစ်ပါသည်။ ငါးများ ရွှေ့ပြောင်းသွားလာမှု ပုံစံပြောင်းလာခြင်း၊ ရေ အရည်အသွေးကျဆင်းလာခြင်း၊ မြစ်ကြောင်းရေစီးများပြောင်းလဲ ခြင်းကြောင့် ၎င်းရေသတ္တဝါများ အရေအတွက်လည်း ကျဆင်းလာနေပါသည်။ ဧရာဝတီမြစ်၊ မေခ၊ မေလိခ မြစ်များတွင် ဆည်များတည်ဆောက်မည်ဆိုပါက မူလကတည်းက ရှားပါးမျိုးနွယ်ဝင်ဖြစ်နေသော ဧရာဝတီ လင်းပိုင်ငါးများ ရှားပါးပျောက်ကွယ်စေရန် ခြိမ်းခြောက်မှုကြီး ဖြစ်နေစေပါသည်။

             ငါးလုပ်ငန်းဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) တို့ ပူး ပေါင်းဆောင်ရွက်သည့် ဧရာဝတီ လင်းပိုင်ထိန်းသိမ်းရေးပညာပေး ကင်းလှည့်အစီအစဉ် ၂၀၀၉-၂၀၁ဝ ပြည့်နှစ်ကို စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်း အကြား ဧရာဝတီမြစ် အစိတ်အပိုင်း၊ မင်းကွန်းနှင့် ကျောက်မြောင်းမြို့အကြား ၇၄ ကီလိုမီတာအကွာအဝေး၊ ဧရာဝတီလင်းပိုင်ထိန်းသိမ်းစောင့်ရှောက်ရေးနယ်မြေ၌ စက်တင်ဘာ၌ ပြန်လည်စတင်နေပြီဖြစ်သည်။ ဇူလိုင်နှင့် ဩဂုတ်လတွင် ခရီးစဉ်၌အသုံးပြုသော လှေ၊ မော်တော်များ ကြံ့ခိုင်ရေးဆောင်ရွက်ခြင်း၊ ခရီးစဉ် အတွက် ကြိုတင်ပြင်ဆင်ခြင်းစသည်တို့ကိုပြုလုပ်ကြပြီး အဆိုပါအစီအစဉ်ကို နှစ်စဉ်စက်တင်ဘာလမှ ဇွန်လ အထိ တစ်လလျှင်နှစ်ကြိမ်၊ တစ်ကြိမ်လျှင် တစ်ပတ်ခန့် ထိန်းသိမ်းရေးနယ်မြေတွင် လုပ်ငန်းစဉ်များကို ဆောင်ရွက်ကြခြင်းဖြစ်သည်။

      ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး ပညာပေးကင်းလှည့်အစီအစဉ်၌ ထိန်းသိမ်းရေးနယ်မြေအတွင်းရှိ ကျေးရွာများတွင် ဧရာဝတီလင်းပိုင်နှင့်ပတ်သက်သောပညာပေးလုပ်ငန်းများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများ၊ ငါးလုပ်ငန်းဦးစီးဌာနမှချမှတ်ထားသော မူဝါဒများအကောင်အထည် ဖော်ခြင်းလုပ်ငန်းများ၊ ငါး သုတေသနလုပ်ငန်းများ၊ တရားမဝင် ငါးဖမ်းနည်းများဖြစ်သည့် ရှော့တိုက်ခြင်း၊ မိုင်းခွဲ ခြင်း၊ အဆိပ်ချခြင်းများကို နေ့၊ ညကင်းလှည့်ခြင်း၊ ဧရာဝတီလင်းပိုင် သဘာဝလေ့လာခြင်း စသည်တို့ကို ဆောင်ရွက်ကြောင်း သိရသည်။

ဧရာဝတီလင်းပိုင် သဘာဝလေ့လာ ခြင်း (Behavior Budget) တွင် အစာရှာခြင်း (Feeding) ၊ ခရီးသွား ခြင်း (Traveling)၊ အနားယူခြင်း (Resting)၊ ပေါင်းသင်းဆက်ဆံခြင်း (Socializing) တို့ပါဝင်ပြီး ဧရာဝတီ လင်းပိုင်အုပ်နှင့် မီတာ ၅ဝ အကွာအဝေးရှိ လေ့လာရေးမော်တော်ပေါ်မှနေ၍ နှစ်နာရီခန့် တောက်လျှောက်ကြည့်ရှု လေ့လာမှတ်တမ်းတင်ကြခြင်းဖြစ်သည်။ မန္တလေး-ဗန်းမော်ကြားတွင် ဧရာဝတီလင်းပိုင် ၇၂ ကောင်ခန့်ရှိပြီး ထိန်းသိမ်းရေးနယ်မြေ၌ လင်းပိုင် ၁၆ မှ ၁၈ ကောင်ခန့်ရှိရာ မန္တလေး-ဗန်းမော်ကြားရှိ လင်းပိုင်အရေအတွက်၏ ၂၄ ရာခိုင်နှုန်းခန့်ဖြစ်သည်။ ၂၀၀၂ ခုနှစ်မှစတင်၍ ဧရာဝတီ လင်းပိုင်နှင့် ပတ်သက်သော လေ့လာမှု များကိုစတင်ခဲ့ပြီး မင်းကွန်းနှင့် ကျောက်မြောင်းမြို့ကြားဒေသတွင် လင်းပိုင် ၂၄ ရာခိုင်နှုန်းခန့်ရှိခြင်း၊ လူနှင့်လင်းပိုင်ပူးပေါင်း၍ ငါးဖမ်းသည့် ဓလေ့စရိုက်ရှိခြင်းတို့ကြောင့် ထိန်းသိမ်းရေးနယ်မြေအဖြစ် ၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် သတ်မှတ်ခဲ့သည်။

   မြန်မာနိုင်ငံဂုဏ်ဆောင် ရေနေနို့တိုက်သတ္တဝါဖြစ်သည့် ဧရာဝတီလင်းပိုင်များ ထိန်းသိမ်းခြင်းနှင့် သုတေသနလုပ်ငန်းများကို ဖော်ဆောင်နိုင်ရန်၊ ဧရာဝတီလင်းပိုင်နှင့် ရေလုပ်သားတို့ အကျိုးတူပူးပေါင်း ငါးဖမ်းသည့် ရိုးရာအလေ့အထကို ဆက်လက်ထိန်းသိမ်းရန်၊ ဧရာဝတီလင်းပိုင်နှင့် ငါးမျိုးပြုန်း တီးမှုကို ဖြစ်ပေါ်စေသော တရားမဝင်ငါးဖမ်းဆီးခြင်းများ (လျှပ်စစ်ရှော့တိုက်ခြင်း၊ မိုင်းခွဲခြင်း၊ အဆိပ်ချခြင်း) နှင့် မြစ် ချောင်းများအတွင်း ရွှေတူးဖော်မှုများ ပပျောက်စေရန် ဧရာဝတီလင်းပိုင် မျိုးမသုဉ်းစေရေးအတွက် ပြည်သူများက ဝိုင်းဝန်းပူးပေါင်း ကာကွယ်လာစေရန်စသည့် ရည်ရွယ်ချက်များဖြင့် ထိန်းသိမ်းရေးနယ်မြေကို သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ထိန်းသိမ်းရေးနယ်မြေဖြစ်သည့် မင်းကွန်းနှင့် ကျောက်မြောင်းမြို့ အကြားသို့ မန္တလေးမြို့မှ စက်တပ်ရေယာဉ်ဖြင့် ဆန်တက်၍လည်းကောင်း၊ မန္တလေးမြို့မှ စဉ့်ကူးသို့ ကားဖြင့်သွားရောက် ပြီး စက်တပ်ရေ ယာဉ်ဖြင့် စုန်ဆင်း၍လည်းကောင်း သွားရောက်လေ့လာနိုင်သည်။

  မြန်မာနိုင်ငံတစ်နိုင်ငံတည်းတွင်သာရှိသော ဧရာဝတီလင်းပိုင်နှင့်လက်ပစ်ကွန် ရေလုပ်သားတို့ ပူးပေါင်းငါးဖမ်းဆီးသည့် သဘာဝဓလေ့စရိုက်နှင့် ဧရာဝတီလင်းပိုင်များကို နိုင်ငံခြားခရီးသွားဧည့်သည်များ လာရောက် ကြည့်ရှုလေ့လာကြကြောင်း သိရသည်။ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးနယ်မြေသတ်မှတ်ပြီး နယ်မြေအတွင်း၌ ထိန်းသိမ်းရေးပညာပေး ကင်းလှည့်အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ခြင်း၊ ဧရာဝတီလင်းပိုင်များ ကျက်စားသည့် မန္တလေး-ဗန်းမော် ကြား ဧရာဝတီမြစ်ကြောင်းတစ်လျှောက်၌ တစ်နှစ် တစ်ကြိမ် ကင်းလှည့်စစ်ဆေးခြင်းဖြင့် ဧရာဝတီလင်းပိုင်များ နေထိုင်ကျက်စားသည့် နယ်မြေဧရိယာများ တိုးပွားလာခြင်း၊ လင်းပိုင်များအပေါ် ကျရောက်နေသည့် အန္တရာယ်များလျော့ကျခြင်း၊ လင်းပိုင်များ၏ အုပ်စု ပမာဏတိုးပွားလာခြင်း၊ လင်းပိုင်နှင့်အတူ ငါးဖမ်းဆီးကြသည့် လက်ပစ်ကွန် ရေလုပ်သားများ ငါးဖမ်းဆီး နိုင်သည့် နယ်မြေဧရိယာကျယ်ဝန်းလာပြီး ရေလုပ်သားဦးရေတိုးပွားလာခြင်း၊ လင်းပိုင်နှင့်အတူငါးဖမ်းဆီးသည့် လုပ်ငန်းဖွံ့ဖြိုးတိုးတက်ခြင်း၊ ဒေသတွင်းရှိပြည်သူလူထုထိန်းသိမ်းစောင့်ရှောက်မှုဆိုင်ရာ အသိပညာများ တိုးပွားလာပြီး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်လာခြင်း၊ လင်းပိုင်နှင့် ငါးဖမ်းဆီးသည့် လုပ်ငန်းများကို ကမ္ဘာလှည့် ခရီးသည်များ လာရောက်ကြည့်ရှုကြသဖြင့် ဧရိယာနယ်မြေအခွန်အခများရရှိခြင်း၊ ရေလုပ်သားများနှင့် ဒေသခံကျေးရွာများ ဖွံ့ဖြိုးစည်ပင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်သည်။ဧရာဝတီလင်းပိုင်များကို မြန်မာနိုင်ငံတွင် ဧရာဝတီမြစ်ကြောင်း၊ ရခိုင်ကမ်းမြောင်ဒေသ၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် မြိတ်ကျွန်းစု တို့တွင် တွေ့ရပေသည်။

အချုပ်ဆိုရလျှင် ဧရာဝတီမြစ်ရေသည် နိုင်ငံအတွက် အဖိုးမဖြတ်နိုင်သော ရေဆိုပါလျှင် ထိုအဖိုးတန် ရေထဲတွင်ရှိသော ရတနာများမှာ ဧရာဝတီလင်းပိုင်များပင်ဖြစ်သည်။ နိုင်ငံ့သွေးကြောဖြစ်သော ဧရာဝတီမြစ်ကို ထိန်းသိမ်းသကဲ့သို့ နိုင်ငံ့ရတနာများဖြစ်သော ဧရာဝတီလင်းပိုင်များကိုလည်း ထိန်းသိမ်းနိုင်ကြပါစေဟု ဆန္ဒပြုရင်း။    ။

မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ