ရန်ကုန် ဧပြီ ၁၄ မြန်မာနိုင်ငံဒေသအသီးသီးမှ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် အလုပ်သမားများ မြဝတီသို့ ပြန်လည်ဝင်ရောက်ရာ၌ မြဝတီမြို့ရှိ အမှတ် (၁) အထက်တန်းကျောင်း၊ ကျောက်လုံးကြီး၊ ညီနောင်၊ ရွှေမြဝတီဈေး၊ ပတ်စ်ပို့ရုံးနှင့် လေးကျိတ်ကော်တို့ရှိ (COVID-19) ရောဂါစောင့်ကြည့်ရေးစခန်းတို့တွင် ထားရှိ လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီးမှ အလုပ်သမား ၁၃၈ ဦးကိုလည်း ဧရာဝတီတိုင်းဒေသကြီးအစိုးရ ကူညီ ဆောင်ရွက်မှုဖြင့် မိမိတို့နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ရာ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ် ဒဂုံ- ဧရာအဝေးပြေးကားဝင်းမှ မှန်လုံယာဉ်များ ဧပြီ ၁၃ ရက်တွင် မြဝတီမြို့တွင် စောင့်ကြိုလျက်ရှိကြောင်း သိရသည်။ "လှိုင်သာယာ ဒဂုံ-ဧရာကားဝင်းကို ဧပြီ ၁၂ ရက် ၁၂ နာရီမှာ သတင်းပို့ပြီး ကားသမားတွေကို ကျန်းမာရေးစစ်ဆေးပြီးတော့ မြဝတီကို သွားတာ ရောက်နေပါပြီ။ ပထမ ၁၃ ရက်နေ့ ဒဂုံ-ဧရာအဝေးပြေးကို ပြန်ဝင်ဖို့ရှိပေမယ့် မြဝတီမှာ လော့ဒေါင်းရှိတာကြောင့် ကားတွေအသင့်စောင့်ဆိုင်းနေကြပါတယ်။ လော့ဒေါင်း ပြီးတဲ့အချိန်မှာ ဘားအံကနေ အလုပ်သမားတွေကို ခေါ်လာဖို့ရှိပါတယ်"ဟု YRTA မှ ဒဂုံ-ဧရာအဝေးပြေး တာဝန်ခံ ဦးမြင့်အောင်ကပြောသည်။ ဧရာဝတီတိုင်းဒေသကြီးမှ အလုပ်သမားများကို မြဝတိမှ ဘားအံသို့ပို့ဆောင်ထားပြီး အမျိုးသား ၁၂၃ ဦး နှင့်အမျိုးသမီး ၁၅ ဦး စုစုပေါင်း ၁၃၈ ဦးအား သတ်မှတ်ထားသော လော့ဒေါင်းကာလပြီးဆုံးပါက နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးနိုင်ရန် ဆောင်ရွက်ထားရှိပြီး မတ် ၂၈ ရက်ကလည်း ဧရာဝတီတိုင်းဒေသကြီးမှ အလုပ်သမား ၈၆ ဦးကို မှန်လုံယာဉ် ၃ စီးဖြင့် ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ယခုကဲ့သို့ ဧရာဝတီတိုင်းဒေသကြီးမှ အလုပ်သမားများကို ပို့ဆောင်နိုင်ရန် ရန်ကုန်မြို့ရှိ YRTA နှင့်အတူ ယာဉ်ပိုင်ရှင်နှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်၍ အလုပ်သမားများကို အခမဲ့ပို့ဆောင်ခြင်းဖြစ်ရာ အလုပ်သမားများကို ထမင်းတစ်ကြိမ်ကျွေး၍ ပို့ဆောင်သွားမည်ဖြစ်ကြောင်း ဒဂုံ- ဧရာအဝေးပြေးရှိ YRTA ရုံးမှ သိရသည်။ သတင်း-၁၁၂၊ ဓာတ်ပုံ-ကနူး