နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သြစတြေးလျတောမီးလောင်ကျွမ်းမှုတွင် သေဆုံးသည့် သို့မဟုတ် စားကျက်ရွှေ့ပြောင်းရသည့် တိရစ္ဆာန် ၃ ဘီလျံ ရှိ

ဆစ်ဒနီ     ဇူလိုင်    ၂၉


ပြီးခဲ့သည့်နှစ်က သြစတြေးလျနိုင်ငံတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းခဲ့ချိန်အတွင်း သေဆုံးခဲ့သည့် သို့မဟုတ် စားကျက်ရွှေ့ပြောင်းခဲ့ရသည့် တိရစ္ဆာန် ၃ ဘီလျံနီးပါးရှိသည်ဟု သိပ္ပံပညာရှင်များက ပြောသည်။ တွေ့ရှိချက်များအရ အဆိုပါဖြစ်ရပ်မှာ မျက်မှောက်ခေတ်သမိုင်းတွင် အဆိုးရွားဆုံး သားရဲတိရစ္ဆာန်ကပ်ဘေးတစ်ရပ် ဖြစ်သည်ဟု ကမ္ဘာ့သားရဲတိရစ္ဆာန်ရန်ပုံငွေအဖွဲ့(WWF)က ပြောသည်။ ပြီးခဲ့သည့်နွေရာသီက သြစတြေးလျနိုင်ငံ၏ ပြည်နယ်အားလုံးတွင် လောင်ကျွမ်းခဲ့သည့် တောမီးများကြောင့် အနည်းဆုံး လူ ၃၃ ဦး သေဆုံးခဲ့သည်။ 


မီးလောင်ကျွမ်းမှုနှင့် စားကျက်ဆုံးရှုံးရခြင်းကြောင့် နို့တိုက်သတ္တဝါ၊ တွားသွားသတ္တဝါ၊ ငှက်များနှင့် ဖားများသေဆုံးခဲ့သည်။ သြစတြေးလျဝက်ဝံများမှာလည်း ၂၀၅၀ ပြည့်နှစ်တွင် နယူးဆောက်ဝေးလ်ပြည်နယ်၌ မျိုးသုဉ်းပျောက်ကွယ်မည့် အခြေအနေ ကြုံတွေ့နေရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလက တောမီးလောင်ကျွမ်းမှု အထွတ်အထိပ်ဖြစ်နေချိန်တွင် နယူးဆောက်ဝေးလ်နှင့် ဗစ်တိုးရီးယားပြည်နယ် ၂ ခုတည်းတွင် တိရစ္ဆာန် ၁ ဒသမ ၂၅ ဘီလျံ သေဆုံးခဲ့သည်ဟု သိပ္ပံပညာရှင်များက ခန့်မှန်းထားသည်။ ပြီးခဲ့သည့်နှစ် စက်တင်ဘာလမှ ဖေဖော်ဝါရီလအထိ တောမီးလောင်ကျွမ်းခဲ့သည့် ဧရိယာမှာ ဟက်တာဧက ၁၁ ဒဿမ ၄၆ သန်းရှိပြီး အင်္ဂလန်နိုင်ငံ၏ အကျယ်အဝန်းရှိသည်။


တောမီးကြောင့် သေဆုံးသည့် သို့မဟုတ် စားကျက်ရွှေ့ပြောင်းရသည့် သားရဲတိရစ္ဆာန်များတွင် တွားသွားသတ္တဝါ ၂ ဒသမ ၄၆ ဘီလျံ၊ ငှက်အကောင်ရေ သန်း ၁၈၀၊ နို့တိုက်သတ္တဝါ ၁၄၃ သန်း၊ ဖား ၅၁ သန်း ရှိသည်ဟု WWF ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ သေဆုံးခဲ့သည့် တိရစ္ဆာန်အကောင်အရေကို အတိအကျ မသိရသေးသော်လည်း တိရစ္ဆာန်များအနေဖြင့် မီးလောင်ကျွမ်းမှုများမှ လွတ်မြောက်ခဲ့ပါကလည်း အစားအစာနှင့် ခိုလှုံစရာနေရာမရှိခြင်းကြောင့် အသက်ရှင်သန်နိုင်ခြေ အလွန်နည်းပါးသည်ဟု ယခုအစီရင်ခံစာ ထုတ်ပြန်မှုကို ဦးဆောင်သည့် ပါမောက္ခ ခရစ်ဒစ်မန်းက ပြောသည်။                                                                             


KNT






အခြားဆက်စပ်သတင်းများ