နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လျာထားချက်ထက်ပင်ကျော်လွန်ပေါက်ပွားလျက်ရှိသည့်လောကနန္ဒာ ဘေးမဲ့တောဥယျာဉ် ကြယ်လိပ်ခြံ

ညောင်ဦးဇူလိုင်  ၂၉


မန္တလးတိုင်းဒေသကြီးညောင်ဦးခရိုင် ပုဂံမြို့ရှိလောကနန္ဒာဘေးမဲ့တောဥယျာဉ်တွင် မြန်မာ့ကြယ်လိပ် များအားခြံလှောင်စနစ်ဖြင့် မွေးမြူထားရှိသည်။ ရည်ရွယ်ချက်မှာ မြန်မာတစ်နိုင်ငံတည်းမှာသာရှိသည့် ဌာနေ ဖွားမျိုးစိတ်ဖြစ်ပြီး နေရင်းဒေသများတွင်မျိုးသုဉ်းရန်အလွန်နီးကပ်နေသော အခြေအနေတွင်ရှိခြင်းတို့ကြောင့် မျိုးဆက်မပျက်သုဉ်းရေးအတွက် မွေးမြူ၍ပေါက်ပွားလာစေရန်၊ တိုးပွားလာသောသားပေါက်များကို ၄င်းတို့၏နေရင်းဒေသများသို့ စေလွှတ်ပေးရန် ၊ ကြယ်လိပ်ဝါသနာရှင်များ၊ ပညာရှင်များသုတေသနပြုလုပ် နိုင်ရန်နှင့် အများပြည်သူအနီးကပ်ကြည့်ရှုလေ့လာနိုင်ရန်တို့အတွက် ဒေသမျိုးစိတ်ရှားပါးကြယ်လိပ်များအား လောကနန္ဒာဘေးမဲ့တောဥယျာဉ်တွင် မွေးခြံလှောင်စနစ်ဖြင့်မွေးမြူထားကြောင်း သိရသည်။

ကမ္ဘာ့ရှားပါးကြယ်လိပ် (မြန်မာတစ်နိုင်ငံထဲမှာ) သာရှိသည့် မျိုးဆက်မပျက်သုဉ်းစေရေးအတွက် မွေးမြူပေါက်ပွားလာစေရန်ဆိုသည့် ရည်ရွယ်ချက်ကိုအကောင်အထည်ဖော်သည့်အနေဖြင့် လောကနန္ဒာ ဘေးမဲ့တောဥယျာဉ်တွင် ကြယ်လိပ်အထီး ၄၂ကောင်၊ အမ၄၀ ကောင်၊ စုစုပေါင်း ၈၂ကောင်ကို ၂၀၀၁ခုနှစ်တွင် စတင်မွေးမြူခဲ့ကြာင်း၊ စတင်မွေးမြူစဉ်ကခုဂဏန်း၊ ဆယ်ဂဏန်းမျှသာပေါက်ပွားနှုန်းရှိခဲ့သော်လည်း ယခုအခါ နှစ်စဉ်ထောင်နှင့်ချီပေါက်ပွားလျက်ရှိကြောင်းသိရပြီး ယခင်နှစ်များကပေါက်ပွားနှုန်းကို အခြေခံ၍ ယခု ၂၀၂၀ ပြည့်နှစ်တွင်လည်း ၁၅၀၀ကောင်ဝန်းကျင်ပေါက်ပွားမည်ဟု လျာထားခဲ့ရာကြယ်လိပ်သားပေါက် များပြီးချိန်တွင် ကြယ်လိပ်သားပေါက်စုစုပေါင်း (၁၈၃၀) ကောင်ပေါက်ပွားခဲ့ကြောင်းလောကနန္ဒာဘေးမဲ့တောဥယျာဉ်အုပ်ချုပ်ရေးမှူး ဦးရွှေဌေးအောင်ကပြောကြားသည်။ ပေါက်ပွားနှုန်းမှာ ၅၇ ရာခိုင်နှုန်းရှိကာ ၃၃၀ ကောင်ပိုမိုပေါက်ပွားခဲ့ကြောင်း လျာထားချက်ထက်ကျော်လွန်ပေါက်ပွားခဲ့ကာ၊ ဒီလိုတိုးလာခဲ့ခြင်းဟာလည်းအတွေ့အကြုံကိုအခြေခံ၍ နည်းစနစ် ပြောင်းလဲခဲ့ခြင်းကြောင့် ဖြစ်ကြောင်းလောကနန္ဒာဘေးမဲ့တောဥယျာဉ်အုပ်ချုပ်ရေးမှူးဦးရွှေဌေးအောင်ကရှင်းပြသည်။

ယခုနှစ် အရွယ်ရောက်ကြယ်လိပ်မ ၁၃၇ ကောင်သည်  ၁၀-၉-၂၀၁၉ ရက်နေ့မှ ၁၇.၃.၂၀၂၀ရက်နေ့အထိ ဥကျင်း ၄၁၁ ကျင်း၌ ဥလုံးရေ (၃၂၀၅) အုထားခဲ့ကြောင်း၊ ဥအုရာတွင် မြေကြီးအတွင်းအနက် ၆ လက်မခန့်နှင့်အကျယ် ၄ လက်မခန့်ရှိကျင်းများထဲတွင် ဥအုခဲ့ခြင်းဖြစ်ကာအဆိုပါ ဥကျင်းများအနက် လိပ်အမှတ် ( ၂၆၃) အုထားသောဥကျင်းမှ ဥ ၁၀ လုံးသည် ၆.၅.၂၀၂၀ ရက်နေ့တွင် ကြယ်လိပ်ငယ် (၆)ကောင်စတင်ပေါက်ဖွားခဲ့ကာ လောကနန္ဒာဘေးမဲ့ တာဥယျာဉ်၏ ကြယ်လိပ်သားပေါက်ရာသီသို့စတင် ဝင်ရောက်ခဲ့ကြောင်းသိရသည်။ ဆက်လက်၍ ကျန်ရှိနေသောဥကျင်းများမှ ထပ်မံပေါက်ပွားလာခဲ့ကြရာ ၃၀.၆.၂၀၂၀ ရက်နေ့အထိ ကြယ်လိပ်ငယ် စုစုပေါင်း (၁၈၃၀) ကောင်ပေါက်ပွားလာခဲ့ပြီး လောကနန္ဒာ ဘေးမဲ့တောဥယျာဉ်၏ ကြယ်လိပ်သားပါက်ရာသီမှာလည်း ကုန်ဆုံးခဲ့ကြောင်း ဦးရွှေဌေးအောင်က ရှင်းပြသည်။

လောကနန္ဒာဘေးမဲ့တောဥယျာဉ်၊ ကြယ်လိပ်ခြံတွင် ဥယျာဉ်အုပ်ချုပ်ရေးမှူး၏ အနီးကပ်ကြီးကြပ်ညွှန် ကြားပြသမှု၊ တိရစ္ဆာန်ဆရာဝန် ဒေါက်တာတင့်လွင်၏ ဆေးပညာနှင့်ကုသခြင်းဆိုင်ရာ ကျွမ်းကျင်မှု၊ အနီးကပ် ထိန်းသိမ်းစောင်ရှောက်သူဝန်ထမ်းများ၏ တာဝန်ကျေပွန်မှုများကြောင့် ကြယ်လိပ်များမှာအာဟာရရှိသော အစာများကို စားသုံးနိုင်ကြပြီးအရွယ်ရောက်အထီး၊ အမများမှာကျန်းမာရေးကောင်းမွန်ကြကာဥအုနှုန်းမှာ လည်း မြှင့်တက်လျက်ရှိနေပြီး လာမည့်နှစ်များတွင်  အကောင်ပေါက်ပွားနှုန်း ၅၇ ရာခိုင်နှုန်းထက်များလာ အောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ယခင်နှစ်ကကြယ်လိပ်သားပေါက်ပေါက်ပွားနှုန်း ၄၈ ရာခိုင်နှုန်းရှိခဲ့ကာယခုနှစ်မှာ ရာခိုင်နှုန်းအားဖြင့် ပိုများလာသည်ဟုပြောရမည်ဖြစ်ကာ ၆၇ ရာခိုင်နှုန်းထိစံချိန် တင်ထားနိုင်ခဲ့ပြီး လူများ၏ပြုစုစောင့်ရှောက်မှုကြောင့်သာယခုကဲ့သို့ အကောင်ရေတိုးပေါက်ပွားခဲ့ခြင်းများ လည်းဖြစ်ကြောင်းပြောပြသည်။

ကြယ်လိပ်များကိုဥမအုမီကာလမှစ၍ အာဟာရရှိသောအစားအစာများ၊ ကျွေးမွေးခြင်း၊ ကျန်းမာရေး ဂရုစိုက်စောင့်ရှောက်ခြင်းများကြောင့် ဥအုနှုန်းတိုးတက်ခဲ့ပါကြောင်း၊ ဆက်လက်ပြီးလိပ်မများအုထားသော   ဥကျင်းများကိုလည်း သားပေါက်ချိန်မတိုင်မီအထိ၊ ဂရုစိုက်စောင့်ရှောက်ခဲ့ရပြီး ပေါက်ပွားရာသီတွင်လည်း ဥကျင်းများကိုတူဖော်ပေး၍ ကျင်းအတွင်းပေါက်နေပြီဖြစ်သော လိပ်ပေါက်များကိုစုဆောင်း၍အသင့်ပြင်ထားသောနေရာတွင်ထားရှိခြင်း၊ မပေါက်သေးသောဥကောင်းများကို မြေထည့်ထားသောသေတ္တာတွင်ပြန်လည် မြှုပ်နှံပေးခြင်း၊ ချက်မကြွေသေးသောကြယ်လိပ်သားပေါက်များကိုဆေးထည့်ပေးခြင်း၊ လိပ်သားပေါက်ငယ် များကိုဗီတာမင်ပါသောအစားအစာများကျွေးပေးခြင်း၊ နေ့စဉ်အစာကျွေးချိန်တွင် ကျန်းမာရေးစစ်ပေးခြင်း၊ ကျန်းမာရေးမကောင်းပါကသီးသန့်ခွဲထား၍ ဆေးထိုးကုသပေးခြင်း၊ သဘာဝဓာတ်စာများကျွေးခြင်း၊ ဝမ်းချူပေးခြင်း၊ အစာမစားနိုင်ပါကခွံ့ကျွေးခြင်း၊ အရည်ဖျော်တိုက်ခြင်း၊ ကြယ်လိပ်သားပေါက်ငယ်များကို  နေ့စဉ်ရေစိမ်ရေတိုက်ပေးခြင်းတို့ကိုပြုလုပ်ပေးနိုင်ခြင်း၊ အပူချိန်မြင့်မားသောအခါများတွင်လည်း ရေစိမ်ကန် များ၊ သောက်ရေကန်ငယ်များပြုလုပ်ပေး၍ သန့်ရှင်းသောရေရရှိစေရန် အမြဲပြုလုပ်ပေးထားခြင်း၊ ရေစိမ်ရက် များသောလိပ်များအားမှတ်သားထား၍ သီးသန့်ရေဝအောင်ချိုးပေးခြင်းများကြောင့် ပေါက်ပွားနှုန်းကောင်း ပြီးသေနှုန်းနည်းလာကာ အကောင်အရေအတွက်မှာတိုးတက်ခဲ့ခြင်းဖြစ်ကြောင်း ဦးရွှေဌေးအောင်က ဆက်လက်ရှင်းပြသည်။

သဘာဝတောများထဲတွင် ထိုသို့လူတို့၏ပြုစုစောင့်ရှောက်မှုကိုမခံရနိုင်ဘဲ၊  ဥအုချိန်မှာဥများကိုဖွတ်၊ တောကြောင်၊ မြွေပါ စသည့်အနံ့ခံကောင်းသည့် သတ္တဝါတို့မှ ဖော်ယူစားနိုင်ခြင်း၊  သဘာဝဘေးအန္တရာယ်ကြာင့် မြေများပြိုကျပြီး ဥကျင်းများပေါ်သို့ဖုံးအုပ်သွားနိုင်ခြင်း (သို့မဟုတ်) ဥကျင်းများမြေပြိုသည့်အထဲတွင် ပါသွားနိုင်သည့်အတွက် အချိန်မတိုင်မီ ဥများပျက်စီးကြရခြင်း၊ သစ်မြစ်များထိုး၍လည်းဥကျင်း များပျက်စီးနိုင်ပြီး၊ ကျင်းအတွင်းအကောင်ပေါက်နေသော်လည်း သစ်မြစ်များကကျင်းအပေါ်ယံမှ ယှက်သွား နေခြင်းများကြောင့် မြေပေါ်သို့မထွက်နိုင်ကြတော့ပဲပုရွက်ဆိတ်၊ ခြများနှင့်အခြားပိုးမွှားများကတွင်းထဲဝင်၍ ကိုက်ဖြတ်စားသောက်ခံရခြင်းစသည့် ဆိုးကျိုးများကိုဖြတ်သန်းလွတ်မြောက်လာကြကာ ၂၀ ရာခိုင်နှုန်းမှ ၃၀ရာခိုင်နှုန်းအထိသာ သားပါက်ငယ်များရှင်သန်၍ ကျင်းအတွင်းမှမြေပေါ်သို့ ရောက်ရှိလာနိုင်ကြမည်ဟုခန့်မှန်းရကြောင်း၊ မြေပေါ်ရောက်ရှိလာသည့်အခါတွင်မှာလည်း  မြွေ၊ကြွက်၊သိမ်းနှင့်အခြားအသားစားသတ္တဝါတို့၏ကိုက်ဖြတ်စားသောက်မှုကိုခံရနိုင်ခြင်း၊ ထိုအခြေအနေမှလွတ်မြောက်လာခဲ့ပြီးအရွယ်ရောက်လာသောအခါ တွင်လည်းတောဝက်၊ တောခွေးစသည့် သားစားသတ္တဝါများ၏ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းကိုခံရပြန်ခြင်း၊ လူ့ပယောဂများနှင့်ဂေဟစနစ်များပျက်စီးလာခြင်းများအပြင် အခြားပျက်စီးစေနိုင်သော အကြောင်းအမျိုး မျိုးလည်းရှိနိုင်ခြင်းကြောင့် သဘာဝတောများထဲတွင် မြန်မာ့ကြယ်လိပ်များမျိုးသုဉ်းပျောက်ကွယ်လုနီပါး ဖြစ်ခဲ့ရခြင်းဖြစ်သည်ဟု လောကနန္ဒာဘေးမဲ့တောဥယျာဉ်အုပ်ချုပ်ရေးမှူး  ဦးရွှေဌေးအာင်မှသုံးသပ်ရှင်းပြ သည်။

လောကနန္ဒာဘေးမဲ့တောဥယျာဉ်သည် ယခုနှစ်ဟာထူးခြားတဲ့နှစ်တစ်နှစ်လို့ ပြောရမှာဖြစ်ကြောင်း၊ ဘာဖြစ်လို့လဲဆိုတော့ လောကနန္ဒာဘေးမဲ့တောဥယျာဉ်မှာ ကြည်လိပ်များ စတင်မွေးမြူခဲ့တဲ့နှစ် (၂၀)အ‌တောအတွင်းမှာ ကြယ်လိပ်အကောင်ရေအများဆုံးပေါက်တဲ့နှစ်ဖြစ်ကြောင်း၊ လာမည့်နှစ် ကြယ်လိပ်သားပေါက်ရာသီတွင် အကောင်တစ်သောင်းပြည့်မည်ဖြစ်ရာ လောကနန္ဒာဘေးမဲ့တောဥယျာဉ် ကြီး၏ ကြယ်လိပ်သာင်းပြည့်နှစ်အဖြစ် အမှတ်တရအခမ်းအနားတစ်ခုကိုလည်း ကျင်းပဖြစ်လိမ့် မည်ဖြစ်ကြောင်း၊ ကြယ်လိပ်စိတ်ပါဝင်စားသူဝါသနာရှင်များ၊ ပညာရှင်များကိုလည်ဖိတ်ကြားမည် ဖြစ်ကြောင်း ဥယျာဉ်အုပ်ချုပ်ရေးမှူးဦးရွှေဌေးအောင်က ၄င်းဆောင်ရွက်ချက်အောင်မြင်မှုများကို ဂုဏ်ယူဝင့် ကြွားစွာရှင်းပြသည်။

၂၀၂၀ ပြည့်နှစ်အထိ (၂၀)နှစ်တာကာလအတွင်းပေါက်ပွားနှုန်းကောင်းပြီး၊ သေဆုံးနှုန်းနည်းသောကြောင့် လောကနန္ဒာဘေးမဲ့တောဥယျာဉ်၌ လက်ရှိတွင်အရွယ်စုံကြယ်လိပ် (၇၅၀၀)ကောင်ရှိနေပြီး၊ နေရင်း ဒေသစေလွှတ်ပေးခဲ့သည့် ကြယ်လိပ်(၁၆၆၀)နှင့်ဆိုပါက (၉၁၆၀)ကောင်၊ ထိတိုးပွားလာခဲ့ပြီဖြစ်ရာမြန်မာဌာနေဖွားမျိုးစိတ်ဖြစ်သည့် မြန်မာ့ကြယ်လိပ်များသည် မြန်မာ့မြေပေါ်တွင် ထာဝရရှင်သန်နေထိုင်ကြမည်ဖြစ်ပြီးနိုင်ငံဂုဏ်ကိုလည်းဆောင်နိုင်တော့မည်ဖြစ်ပေသည်။

သို့ဖြစ်ရာလောကနန္ဒာဘေးမဲ့တောဥယျာဉ်၊ ကြယ်လိပ်မွေးမြူရေးခြံသည် ကမ္ဘာပေါ်တွင် ကြယ်လိပ် အကောင်ရေအများဆုံးရှိသည့် ခြံတစ်ခြံဖြစ်လာခဲ့ပြီးနှစ်စဉ်ကြယ်လိပ်အကောင်ရေ (၁၀၀၀)ကျော်ပေါက်ပွား လျက်ရှိပြီးလျာထားချက်ထက်ပင်ကျော်လွန်ပေါက်ပွားလျက်ရှိနေခြင်းကြောင့် ကြယ်လိပ်ထုတ်လုပ်သည့် စက်ရုံဟု တင်စားခေါ်ဝေါ်ခံနေရသည့် အမည်နာမကိုလည်းထပ်လောင်းအသိအမှတ်မပြုပဲမနေနိုင်လောက် အောင်တွေ့မြင်ခဲ့ရပေသည်။

ကြယ်လိပ်များကို (၁၄) နှစ်တိုင်တိုင် စနစ်တကျမွေးမြူစောင့်ရှောက်၍ ထောင်နှင့်ချီပြီး တိုးပွားလာအောင် ဆောင်ရွက်ပေးခဲ့ကာလာမည့်နှစ်တွင် သောင်းနှင့်ချီရှိလာမည့် ကြယ်လိပ်ခြံဖြစ်လာအောင် ဆက်လက် ကြိုးပမ်းဆောင်ရွက်နေသော လောကနန္ဒာဘေးမဲ့တောဥယျာဉ် အုပ်ချုပ်ရေးမှူးဦးရွှေဌေးအောင် ကိုလည်းတာဝန်ကျေပွန်သောကြယ်လိပ်ထုတ်လုပ်သည့် စက်ရုံမှူးကြီးဟုပင် ခေါ်ဆိုထိုက်သည့်သူဖြစ်နေပေပြီဖြစ် သည်။

ကိုထိန်၊KPD







အခြားဆက်စပ်သတင်းများ