ဝါရှင်တန် ဧပြီ ၁၄ အမေရိကန်နိုင်ငံတောင်ပိုင်း ပြည်နယ်များတွင် လေဆင်နှာမောင်းတိုက်ခတ်မှုများနှင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် အနည်းဆုံး လူ ၂၆ ဦး သေဆုံးခဲ့သည်။ ပြီးခဲ့သည့်တနင်္ဂနွေနေ့က လူဝီစီယားနား၊ တက္ကဆက်နှင့် မစ္စစ္စပီပြည်နယ်များတွင် လေဆင်နှာမောင်း တိုက်ခတ်မှု အကြိမ် ၆၀ နီးပါးဖြစ်ပွားခဲ့သည်။ ထို့အပြင် အလာဘားမား၊ ဂျော်ဂျီယာနှင့် တောင်ပိုင်း ကာရိုလိုင်းနား၊ မြောက်ပိုင်း ကာရိုလိုင်းနား ပြည်နယ်များတွင် အင်အားပြင်းမုန်တိုင်းများ တိုက်ခတ်ခဲ့သည်။ ပြီးခဲ့သည့်တနင်္လာနေ့ နံနက်ပိုင်းက နေအိမ်သိန်းပေါင်းများစွာတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့သည်။ မစ္စစ္စပီပြည်နယ်၏ ကောင်တီ ခြောက်ခုတွင် လူ ၁၁ ဦး သေဆုံးခဲ့သည်ဟု မစ္စစ္စပီပြည်နယ် အရေးပေါ်စီမံခန့်ခွဲမှုအေဂျင်စီ (MSEMA)က အတည်ပြုသည်။ သေဆုံးသူများတွင် လောရင့်ကောင်တီ တရားဥပဒေစိုးမိုးရေးအရာရှိ ရောဘတ်အိန်းစဝါ့သ်နှင့် ဇနီးဖြစ်သူ ပေါ်လာတို့လည်း ပါဝင်သည်။ တောင်ပိုင်းကာရိုလိုင်းနားပြည်နယ်တွင် လူရှစ်ဦး၊ ဂျော်ဂျီယာပြည်နယ်တွင် လူခြောက်ဦး၊ အာကန်းဆက် ပြည်နယ်တွင် လူတစ်ဦး သေဆုံးခဲ့သည်။ (KNT)