ဝါရှင်တန် ဧပြီ ၁၄ လာမည့်နိုဝင်ဘာလ သမ္မတရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်နှင့် ယှဉ်ပြိုင် ရွေးကောက်ခံမည့် ဒီမိုကရက်တစ်ပါတီကိုယ်စားလှယ်အဖြစ် အမေရိကန်ဒုတိယသမ္မတဟောင်း ဂျိုးဘိုင်ဒင်ကို ဘာနီဆန်းဒါးစ်က အတည်ပြုထောက်ခံခဲ့သည်။ ဗားမွန့်ပြည်နယ် အထက်လွှတ်တော်အမတ် ဘာနီဆန်းဒါးစ်သည် ပြီးခဲ့သည့်သီတင်းပတ်တွင် သမ္မတရွေးကောက်ပွဲဝင်မည့် ဒီမိုကရက်တစ်ပါတီကိုယ်စားလှယ် ရွေးကောက်ပွဲမှ နုတ်ထွက်ခဲ့သည်။ ထို့ကြောင့် ဒီမိုကရက်တစ်ပါတီကိုယ်စားလှယ်ရွေးကောက်ပွဲတွင် ဂျိုးဘိုင်ဒင်တစ်ဦးသာ ကျန်ရှိတော့သည်။ ဘာနီဆန်းဒါးစ်က ယင်းကို ဒီမိုကရက်တစ်ပါတီကိုယ်စားလှယ်အဖြစ် အတည်ပြုထောက်ခံခြင်းကြောင့် ကျေးဇူးတင်သည်ဟု ဂျိုးဘိုင်ဒင်က ပြောသည်။ လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်ကို ဖြုတ်ချနိုင်ရန်အတွက် အမေရိကန်ပြည်သူအားလုံး စည်းစည်းလုံးလုံးရှိကြရန် ဘာနီဆန်းဒါးစ်က တိုက်တွန်းခဲ့သည်။ ဒေါ်နယ်ထရမ့်မှာ အမေရိကန်နိုင်ငံ၏ မျက်မှောက်ခေတ်သမိုင်းတွင် အန္တရာယ်အများဆုံးသမ္မတဖြစ်သည်ဟု ဘာနီဆန်းဒါးစ်က မှတ်ချက်ပေးခဲ့ သည်။ ဘာနီဆန်းဒါးစ်နှင့် ယင်းအနေဖြင့် ရာသီဥတုပြောင်းလဲမှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ကောလိပ် ဝင်ကြေး စသည့်ကိစ္စရပ်များနှင့်ပတ်သက်၍ ဖြေရှင်းရန် မူဝါဒဖော်ဆောင်ရေးအဖွဲ့များ ဖွဲ့စည်းထားသည်ဟု ဂျိုးဘိုင်ဒင်က ပြောသည်။ (KNT)