နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အုန်းသီးနှင့် ကျန်းမာရေးအဖြာဖြာ အုန်းပင်အကြောင်း သိကောင်းစရာ

ကမ္ဘာပေါ်တွင် ဒေသအလိုက် အုန်းပင်အမျိုးအစား အမျိုးမျိုးရှိကြသော်လည်း အခြေခံအားဖြင့် အုန်းပင် ၃ မျိုးသာ ရှိကြပါတယ်။  ယင်းတို့မှာ ပင်မြင့်မျိုး၊ ပင်ပုမျိုး၊ စပ်မျိုးတို့ ဖြစ်ကြပါတယ်။ ပင်မြင့်မျိုးကို တချို့ ဒေသများတွင် အုန်းကြီးမျိုး (သို့မဟုတ်) အုန်းထရံဟု ခေါ်ကြပြီး၊ ပင်ပုမျိုးကိုတော့ အုန်းပုမျိုး (သို့မဟုတ်)  ၀က်မလွတ်ဟု ခေါ်ပါတယ်။ ၁၉၆၀ ပြည့်နှစ်တွင် ပင်မြင့်မျိုး နှင့် ပင်ပုမျိုးတို့ကို မျိုးစပ်လိုက်ရာမှ တော်ဝင်အုန်း လိမ္မော်ရောင်ရှိ၍ လိမ္မော်ရောင်အုန်း (စပ်မျိုး) ဟုလည်း ခေါ်ကြပါတယ်။ အပင်ပေါ်ရှိ အုန်းသီးက ခြောက်သွေ့သောရာသီမှာ ရင့်မှည့်မှုမြန်ဆန်ပြီး၊ စိုစွတ်သော မိုးရာသီမှာ ရင့်မှည့်မှုကြာတတ်ပါတယ်။ ပင်မြင့်မျိုးက စိုက်ပြီး ငါးနှစ်အကြာတွင် သီးလာပြီး၊ တစ်ပင်မှ တစ်နှစ်လျှင် အုန်းသီး ၄၀ ခန့်ရပါတယ်။  ပင်ပုမျိုးတော့ သက်တမ်း သုံးနှစ် နှင့်သီးနိုင်ပြီး တစ်ပင်မှ တစ်နှစ်လျှင် အလုံး ၁၀၀ ခန့် သီးနိုင်ပါတယ်။ အုန်းပင်တို့သက်တမ်းမှာ နှစ် ၄၀၊ ၅၀  ရှိသော နှစ်ရှည်ပင်မျိုးဖြစ်ကြပါတယ်။ 

ဘက်စုံသုံး အုန်းသီးပင်

အုန်းပင်ကို မြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတန်းဒေသများ၊ မြစ်ဝကျွန်းပေါ်ဒေသများအပြင်၊ အောက်ပြည် အောက်ရွာများ၌ သာမက မြေလတ်နှင့် အညာဒေသမှာလည်း တွေ့ရပါတယ်။ ဗုဒ္ဓဘာသာဝင် ဘုရားပွဲ၊  တရားပွဲ စသည်ဖြင့် ကန်တော့ပွဲများ  ပြင်ဆင်ရာမှာ အုန်းသီးကို အသီးတစ်မျိုးအနေဖြင့် သုံးကြသလို၊  မိရိုးဖလာကန်တော့ပွဲများတွင်လည်း  အုန်းသီးကိုထည့်သွင်းကြ ပါတယ်။ အုန်းသီးခွံကို အုန်းဆံကြိုးကျစ်ကာ သုံးနိုင်ပါတယ်။   အုန်းသီး၏ အခွံကို မီးဖိုရာတွင် လောင်စာအနေဖြင့် သုံးစွဲကြပါတယ်။ 

အုန်းလက်တွေဟာ ကျေးလက်ဒေသတွေမှာ ကလေးတွေ ဆော့ကစားစရာတစ်မျိုးဖြစ်ခဲ့တာကို ဆရာကြီး မင်းသုဝဏ်၏ ကလေးကဗျာများထဲက “အုန်းလက်နွား”  ဆိုတဲ့ စကားလုံးက သက်သေခံနေပါတယ်။ ယနေ့ အချိန်ထိလည်း အုန်းလက်တွေကို အသုံးပြုပြီး၊ သင်္ကြန်ရေ ကစားမဏ္ဍပ်လို ယာယီအဆောက်အအုံတွေ မှာ အမိုးအကာ ပြုလုပ်ခြင်းအားဖြင့် အရိပ်လည်းရ အလှလည်းဆင်ပြီးသား ဖြစ်သွားပါတယ်။ အုန်းရွက် ကလေးတွေနဲ့ ပြုလုပ်ထားသော ဦးထုပ်လေးတွေဟာ လှလည်းလှ နေပူဒဏ်ကိုလည်း ကာကွယ်ပေးနိုင် တဲ့အတွက် လူတော်တော်များ နှစ်ခြိုက်ကြပါတယ်။ 

ခုတ်လှဲလိုက်တဲ့ အုန်းပင်၏ ပင်စည်ကို မြောင်းကူးတံတားအဖြစ် သုံးလို့ရပါတယ်။ ခုလို အမျိုးမျိုးအသုံးဝင်တဲ့ အုန်းပင်ကို မလေးရှားနှင့် ဖိလစ်ပိုင်တို့လို နိုင်ငံတွေမှာ ဘဝအတွက် လိုအပ်သမျှကို ဖြည့်ဆည်းပေးတဲ့အပင်၊  နည်းမျိုးစုံသုံးနိုင်တဲ့အပင်၊  Tree of life စသဖြင့် တင်စား ပြောဆိုကြပါတယ်။ အုန်းသီးခွံကို  အိမ်တွင်းအလှဆင် မီးဆိုင်း၊ အလှတင်အရုပ်၊ အုန်းသီးခွံ ပန်းကန်လုံးများကိုလည်း အတော်များများ အသုံးပြုလာကြပါတယ်။ အုန်းသီး အခွံကို အခုခေတ်အခါမှာ ဖက်ရှင်ဆန်ဆန်ဝတ်ဆင်လို့ရအောင် ပြုလုပ်ထားတဲ့ Accessories တွေလည်း အများကြီးရှိလာပါတယ်။ 

အုန်းသီး စားဖွယ်စုံ

မြန်မာ့မုန့်ပဲသရေစာ တော်တော်များများမှာ အုန်းသီးနှင့် မကင်းနိုင်ကြပါ။ အုန်းထန်းလျက်၊ ကောက်ညှင်း ပေါင်း၊ ကောက်ညှင်းထုပ်၊ အုန်းယို၊ အုန်းနို့ခေါက်ဆွဲ၊ ဆနွင်းမကင်း၊ ထမနဲ၊ သာခွေယိုင် (ခေါ်) နန်းကထိ၊ မုန့်ကျွဲသဲ၊ ထန်းသီးမုန့်၊ ထိုးမုန့်၊ ရွှေထမင်း၊ ငွေထမင်း၊ ဟာလဝါ၊ မုန့်ကုလားမဲ၊ မုန့်စိမ်းပေါင်း၊ မုန့်လုံးရေပေါ်၊ ကရေကရာ၊ မုန့်လက်ဆောင်း၊ ရွှေရင်အေး၊ သာဂူကျို၊ ငှက်ပျောသီးမုန့်၊ မုန့်ပိန္နဲစေ့၊ ဂျုံကျို၊ မုန့်ထုပ်ကြီး၊ ပြန်ပေါင်းထုပ်၊ မုန့်လုံးကြီးကြော်၊ မုန့်ဗိုင်းတောင့်၊ မုန့်အုပ်ကလေး၊ ပေါင်မုန့်ရေခဲညှပ်၊ ရေခဲချောင်း၊ ရေခဲမုန့်၊ ဖာလူဒါ စသဖြင့် မုန့်ပဲသရေစာများတွင်သာမက အရွယ်သုံးပါးကြိုက်တဲ့ အုန်းထမင်းထဲတွင်လည်း အဆီအနှစ်ပြည့်ဝသော အုန်းနို့ပါမှ အရသာပိုကောင်းလှပါတယ်။ အုန်းရည်ကို အချို့က သူ့ချည်းသက်သက် အရသာခံသောက်၍ လည်းကောင်း၊ သကြားနှင့်ဖျော်၍လည်းကောင်း၊ အုန်းသီးနုနု အသားပါးပါးကို ဇွန်းဖြင့်ခြစ်ယူကာ အုန်းစိမ်းရည်ထဲ ထည့်ဖျော်၍လည်းကောင်း သောက်သုံးကြပါတယ်။ အုန်းသီးအတွင်းမှ အဆန်(ဆန်ခြည်ထွေး)ကလည်း ခပ်ပွပွ ခပ်မွမွ လေးဖြင့်စားရသည်မှာ လွန်စွာမှ အရသာရှိလှပါတယ်။

အုန်းသီးကျန်းမာရေး နှင့် မြန်မာ့ဆေးကျမ်း

(၁) မြန်မာ့ဆေးကျမ်း အကျော်အမော်များစာအုပ်တွင် -

အုန်းသီးခြောက်သည် သည်းခြေကိုပျက်စေတတ်ပြီး ၀မ်းလျှောစေ၏။ အုန်းသီးနုသည် သည်းခြေ ပျက်နာ၊ အော့အန်နာကို လျင်မြန်စွာ ပျောက်ကင်း၏။ အုန်းသီးသည် ချိုဆိမ့်သော အရသာရှိ၏၊  အားနှင့် အသားကိုပွားစေပြီး နှလုံးကို ကြည်လင်စေ၏၊ ၀မ်းကို ချုပ်စေ၏၊ ကျင်ကြီး ကျင်ငယ်အောင့်သောအနာကို နိုင်၏။ အုန်းရည်သည် သည်းခြေပျက်နာ၊ ချောင်းဆိုးနာ၊ အစာမကြေခြင်းတို့ကို ပျောက်ကင်းစေ၏၊ ၀မ်းမီးတောက် ခြင်းကို ပြုတတ်၏။ အုန်းပွင့်သည် နှလုံးသို့ သွေးပုပ်၀င်သော ဝေဒနာ၊ သည်းခြေကြောင့်ရူးသော အနာ၊ ငန်းပါးနာကိုနိုင်၏ ဟုဖော်ပြထားပါတယ်။

(၂) ဇီဝိတဆေးကျမ်းတွင် -

ရင့်၍ အဆန်မာသော အုန်းရည်သည် ဓာတ်ဆီသြဇာနှင့် ပထဝီဓာတ်တို့ တခြားစီခွဲပြီး နေလေပြီဖြစ် သောကြောင့် ယင်းမှာ ဓာတ်ဆီသြဇာ နှင့် ပထဝီတို့အားနည်းလျက် အတန်ငယ်အေး၍ အတန်ငယ်ချိုသဖြင့်  အာပေါပဂ္ဃရဏ အဓိကပြုသော အာဟာရဖြစ်၏။ ဇွန်းခြစ်ရစ အုန်းရည်သည် ချို၏။ အေး၏။ အတန်ငယ် ဖန်၏။ ဥဏှတေဇောဝါယောတို့ကို အတင်းတရကြမ်းဖိ၍ စိုစွတ်စေ၍ ဖမ်း၏။ ယင်းအရည်တွင် အဆန်ဖြစ်ရန် ဓာတ်ဆီနှင့် ဆိမ့်သောဓာတ်တို့သည် အတော်ပါသောကြောင့် ဝါယောဓာတ်တို့သည် ကန်၍ ထွက်ကြရကုန်၏။ ကိုယ်ပူ၏။ ဆီးကိုများစေတတ်၏။ အာပေါအဓိက ပထဝီရောက်ဆဲဖြစ်သော အာဟာရပေတည်း။ ဇွန်းခြစ် မရသေးသော အုန်းနုရည်သည် အေး၏။ အနည်းငယ်ချိုယောင် ဖန်ယောင်ရှိ၏။ ဆီးကိုများစေတတ်၏။ ယင်းသည် ဓာတ်ဆီ နှင့် ပထဝီသြဇာတို့ကို ပွားများစေရန် သတ္တိနည်းလှသေး၏ဟု ဆိုထားပါတယ်။

အုန်းဆီသည် ဆိမ့်၏။ သြဇာဓာတ်ဆီရှိ၏။ နှမ်းဆီ၊ ပဲဆီတို့ကို ထောက်သော် အအေးဓာတ်ဟု ယူထိုက်၏။ နှမ်းဆီ၊ ပဲ ဆီ၊ အုန်းဆီ စသော အဆီဓာတ်တို့သည် သြဇာဟူသော ပရမဓာတ်ဆီ အဓိကပြု၏။ တေဇောဓာတ်တည်းဟူသော မီး၏ ပွားများရန်၊ တေဇော ရုပ်ဆက်တာရှည်ရန် အားပေးနေသော အဖော်အဖက် ဖြစ်သော ဓာတ်မျိုးတို့ပေတည်း။ တစ်စုံတစ်ခုသော ရုပ်ကလာပ်တို့တွင်လည်းကောင်း၊ ရုပ်ဝတ္တုတို့ တွင်လည်းကောင်း၊ သြဇာဓာတ်ဆီသည် အားကောင်းလျှင် တေဇောဓာတ်သည်လည်း အားကောင်း၍ ထိုရုပ်ကလာပ် ၀တ္တုအထည်တို့သည် ကာလကြာမြင့်စွာ အသက်ရှည်ကြလေကုန်၏။ ဓာတ်ဆီသြဇာနည်းလျှင် အသက်တိုကြလေကုန်၏။ (အသက်တမ်းတိုရှည်ဖြစ်ရခြင်းသည်လည်း ထို ဓာတ်ဆီသြဇာ အနည်းအများကပင် ဖန်တီးလေသတည်း) ဟု ဆိုထားပါတယ်။

(၃) ဥတုဘောဇန သင်္ဂဟကျမ်းတွင် -

အုန်းသီးသည် အေး၏။ ကြေခဲ၏။ ဆီးကို ရွှင်စေတတ်၏။ ၀မ်းချုပ်၏။ ၀စေတတ်၏။ အားကို ဖြစ်စေတတ်၏။ လေနာ၊ ရတ္တပိတ်နာ၊ ကိုယ်ပူနာတို့ကို နိုင်၏။ နှလုံးကို နှစ်သက်စေ၏။ အုန်းသီးနုသည် သည်းချေဖျား၊ ဆီးတွင် ဖြစ်သော အပြစ် ဒေါသ၊ ရေငတ်ခြင်း၊ အော့အန်ခြင်း၊ ကိုယ်ပူခြင်းတို ့ကို လျင်မြန်စွာ ပျောက်နိုင်၏။ သွေး၊ သည်းခြေတို့ကြောင့် ဖြစ်သော အနာကိုနိုင်၏။ (ရတ္တပိတ်နာကိုနိုင်၏ လည်းဟူ)။ အုန်းသီးရင့်ကဲ့သို့ ကြေခဲသည်မဟုတ်။ အုန်းသီးမှည့် အုန်းသီးခြောက်သည် ကြေခဲ၏။ သည်းခြေကို ပျက်စေ တတ်၏။ ပူ၏။ ၀မ်းချုပ်၏။ အုန်းသီးသည် ချိုဆိမ့်၏။ အေး၏။ အကြောတို့ကို လေးစေ၏။ ၀မ်းမီးချက်ပြီး နောက် ချိုဆိမ့်၏။ လေသည်းခြေတို့ကို နိုင်၏။ ကျင်ကြီး၊ ကျင်ငယ်တို့ကို ရွှင်စေတတ်၏ဟု ဆိုထားပါတယ်။

အုန်းဆီသည် အေး၏။ လေးတွဲ၏။ သိမ်မွေ့၏။ သည်းခြေနာတို့ကို ပယ်၏။ ချိုဆိမ့်သော အရသာရှိ၏။ အားအသစ်ကို ပွားစေတတ်၏။ နှလုံးကိုကြည်လင် နှစ်သက်စေတတ်၏။ ၀မ်းကို ချုပ်စေတတ်၏။ ကိုယ်ပူနာ၊ ရတ္တပိတ်နာ၊ ဆီးနာများကို နိုင်၏ဟု ဆိုထားပါတယ်။

(၄) ဆေးအဘိဓာန်တွင် -

အုန်းသီး၏ဂုဏ်သည်ကား သည်းခြေနာကိုလည်းကောင်း၊ ကိုယ်ပူရင်နာကိုလည်းကောင်း၊ လှိုက်လှဲဆာလောင်သော အနာကိုလည်းကောင်း၊ ကြုံသွေ့ခြောက်ကပ်သော အနာကိုလည်းကောင်း၊ နှလုံးအသည်းပူသော အနာကို  လည်းကောင်း၊ ရူးသော အနာကိုလည်းကောင်း၊ မအိပ်သော အနာကိုလည်းကောင်း ချမ်းသာစေတတ်၏ဟု ဆိုထားပါတယ်။

အုန်းသီးကျန်းမာရေးနှင့် ဆေးသိပ္ပံအမြင်

အုန်းသီးတွင် အာဟာရပြုဓာတ်များ မြင့်မားစွာပါရှိနေကြပြီး၊ အမျှင်ဓာတ်ပေါကြွယ်ဝကာ ဗီတာမင် နှင့် သတ္တုဓာတ်များလည်း ပါရှိနေကြပါတယ်။ 

ကျန်းမာရေးဦးစီးဌာနမှ ထုတ်ဝေထားသော မြန်မာ့အစားအစာ၏ အာဟာရများစာစောင်အရ အုန်းနို့ ၁ဝဝ ဂရမ်တွင် အဆီ ၂၈ ဂရမ်၊ ပရိုတင်း ၄.၆ ဂရမ် နှင့် ကာဗိုဟိုက်ဒရိတ် ၁.၇ ဂရမ် ပါဝင်ကြောင်း လေ့လာသိရှိရပါတယ်။


အုန်းရည်ဟာ ကယ်လိုရီ နှင့် ကာဗိုဟိုက်ဒရိတ်တို့ အနည်းငယ်မျှသာပါရှိကာ အဆီဓာတ်ကင်းစင်၍ ကျန်းမာရေးအတွက် အထူးသင့်တော်ပါတယ်။ အုန်းရည်တွင် ascorbic အက်ဆစ်၊ ဗီတာမင်ဘီအုပ်စုနှင့် ပရိုတင်းဓာတ်များ မြင့်မားစွာပါရှိနေတဲ့အပြင်၊ ဓာတ်တိုးပစ္စည်း ပါဝင်မှုများပြား၍ လူတွေကို အထူးအကျိုး ပြုကြောင်း လေ့လာတွေ့ရှိရပါတယ်။ 

အထူးသဖြင့် အုန်းသီးနုနုထဲရှိ အုန်းရည်က electrolyte ရရှိရာ အရင်းအမြစ်ဖြစ်၍ ခန္ဓာကိုယ် ကြွက်သား နှင့် အာရုံကြောများကို ကောင်းစွာအလုပ် လုပ်စေပါတယ်။ 

အုန်းသီးနုနုထဲတွင် အမြောက်အမြားပါရှိသော အဆီဓာတ်၊ ပရိုတင်း၊ ဗီတာမင် နှင့် သတ္တုဓာတ်များက ခန္ဓာကိုယ်ရှိ တစ်ရှုးများတွင် အောက်စီဂျင်ပြတ်လပ်၍ ပျက်စီးခြင်းကို ပြန်လည်ကောင်းမွန် လာစေပါတယ်။

အုန်းသီးဆန် စားပြီးနောက်၊ ခဏအတွင်းမှာပင် ခွန်အားပြည့်ဝလာ၍ ရုပ်ပိုင်းဆိုင်ရာ သွက်လက် လာစေပါတယ်။

အစာချေစနစ် တိုးတက်လာပါတယ်။

သိုင်းရွိုက်ဂလင်းကို ကောင်းကျိုးပြုပါတယ်။

အုန်းရည်က ကျောက်ကပ်ကို ကျန်းမာစေတဲ့အပြင်၊ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းမှလည်းကာကွယ်ပေးပါတယ်။ 

မီးဟပ်ခံရသော လူနာ၊ ရေဓာတ်ခန်းခြောက်သော လူနာ၊ နေလောင်ဒဏ် ခံရခြင်း၊ မကြာခဏ ရေငတ်ခြင်း၊ အာခေါင် (ခံတွင်း) ခြောက်ခြင်းတို့အတွက် အုန်းစိမ်းရည် သောက်ပေးပါ။

ချောင်းဆိုးသွေးပါ ရောဂါအတွက် စပျစ်သီးအနက်နှင့် အုန်းသီးစားပါ။

အဖျားကြီးသူများအတွက် အုန်းသီးအခွံကို မီးရှို့ပြာချ၍၊ ယင်းပြာကို ရေနွေးပူပူတွင်ထည့်ပါ၊ အေးသောအခါ ထိုအရည်ကို စစ်ယူပြီးနောက် အဖျားကြီးသူကို တိုက်ပါ။ အဖျားကျ၍ ရေငတ်လည်း ပြေသွား ပါလိမ့်မယ်။

အုန်းရည်ဟာ သဘာဝသစ်သီးအချိုရည် တစ်မျိုးပဲဖြစ်ပါတယ်။ လူကိုလန်းဆန်းအမောပြေစေသလို၊ သက်လုံကောင်းစေခြင်း၊ အပူကင်းစင်ခြင်းစတဲ့ ကောင်းကျိုးအာနိသင်များကြောင့်လည်း ကိုယ်ဝန်ဆောင် မိခင်လောင်းများသာမက အရွယ် သုံးပါးမရွေး သောက်သုံးသင့်ပါတယ်။

နာလန်ထစ လူနာများ၊ ၀မ်းလျှောဝမ်းပျက်ပြီးနောက် နေကောင်းကာစ လူနာများ အုန်းစိမ်းရည် သောက်ပါ။

Cold Press Coconut Oil သည် အုန်းသီးမှရသော အနာကျက်၊ ပဋိဇီဝဆေး  ကိုယ်ခံစွမ်းအားဆေး တစ်မျိုးဖြစ်သည်။

အုန်းဆီ နှင့် ကျန်းမာရေး။

အုန်းဆီကို ငယ်ထိပ်မှစ၍ ဦးရေပြားအနှံ့ စိမ့်ဝင်အောင်လိမ်းပေးခြင်းဖြင့် ဦးခေါင်းတစ်ခုလုံး ပေါ့ပါးလန်းဆန်းသော ခံစားမှုကို ချက်ချင်းရရှိနိုင်ပါတယ်။ ခေါင်းကိုက်ပျောက်စေပါတယ်။ ဒါ့ပြင် ဆံပင် နက်မှောင် ပြောင်လက်ခြင်း၊ ဆံသားချောမွတ် ခြင်း၊ ဆံပင်သန်ခြင်း၊ ဦးရေပြားအေး၍ ဗောက်ပျောက် စေပါတယ်။

အုန်းဆီက ဦးရေပြားအစိုဓာတ်ကို ထိန်းပေးနိုင်တာကြောင့် ဆံပင် နှစ်ခွဖြစ်ခြင်းနှင့် ဆံသားကြမ်း၍ မွဲခြောက်ခြောက်ဆံပင်များကို ကောင်းကျိုးဖြစ်စေပါတယ်။ 

နားပြည်တည်သူများ နှင့် နားရောဂါအမျိုးမျိုးတို့အတွက် အုန်းဆီက လွန်စွာ ကောင်းကျိုးပြုပါတယ်။

နံနက်အိပ်ယာထ သွားမတိုက်ခင် ပါးစပ်တစ်ဝိုက်ကို မိနစ်နှစ်ဆယ်ခန့် ကြိုတင်၍ အုန်းဆီလိမ်း ပေးခြင်းက ခန္ဓာကိုယ်အဆိပ်အတောက် ပြေစေပါတယ်။ ခေါင်းကိုက်ခြင်းကိုသက်သာစေရုံသာမက၊ သွားများကို လည်း ဖြူဖွေးစေနိုင်ပါတယ်။ သွားနှင့်သွားဖုံးကျန်းမာရေးအတွက်ကိုလည်း အထောက်အကူဖြစ်စေပါတယ်။

အသားအရေ ပက်ကြားအက်လေ့ရှိသူများနှင့် အရေပြားကြမ်းထော်သူများအတွက် အုန်းဆီကို လိုးရှင်း(lotion) အဖြစ် ခပ်ပါးပါး လိမ်းပေးနိုင်ပါတယ်။

နှာရည်ကျ၍ နှာတရှုပ်ရှုပ်ဖြစ်နေသူများအဖို့၊ အုန်းဆီရှူပေးပါ (သို့မဟုတ်) နှာခေါင်းပေါက်ထဲကို အုန်းဆီအနည်းငယ် ဆွတ်လိမ်းပေးပါ။

နှုတ်ခမ်းသား ခြောက်သွေ့ကွဲအက်လေ့ရှိသူများအတွက် ညအိပ်ယာဝင်ခါနီးမှာ နှုတ်ခမ်းနှစ်လွှာ ပေါ်ကို အုန်းဆီလိမ်း၍ အိပ်ပါ။ 

အုန်းဆီက မျက်နှာပေါ်ရှိ မိတ်ကပ် နှင့် mascara တွေကို ကုန်စင်အောင်ဖျက်ပေးနိုင်စွမ်းရှိပါယ်။ (သို့သော် မျက်စိထဲသို့ ဆီမဝင်အောင် သတိပြု၍ သုံးစွဲပါ)

အမျိုးသားတွေ မုတ်ဆိတ်မွှေးရိတ်တဲ့အခါ ထိခိုက်ရှနခြင်းမှကာကွယ်ရန်အတွက် မုတ်ဆိတ်မွေး ရိတ်မည့် ပါး၊ မေးစေ့ စတဲ့ နေရာတစ်ဝိုက်ကို အုန်းဆီဖြင့် ကြိုတင်၍လိမ်းထားနိုင်ပါတယ်။ ဒါ့ပြင် Razor(ဓား) ပေါ်မှ အမွေးတွေကို အလွယ်တကူ သုတ်သင်ဖယ်ရှားနိုင်ပါတယ်။

အုန်းဆီက မျက်နှာပေါ်တွင် အရေးအကြောင်းဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်တာကြောင့် အရေအကြာင်း ဖြစ်ပေါ်လေ့ရှိတဲ့ နေရာများဖြစ်ကြသော မျက်ဝန်းနှင့် နှုတ်ခမ်းတစ်ဝိုက်ပေါ်ကို အုန်းဆီ လိမ်းပေးနိုင်ပါတယ်။ မျက်ကွင်းညိုသူများလည်း လိမ်းပေးသင့်ပါတယ်။ (သို့သော် ဆီများပိုလျှံ၍ မျက်လုံးထဲစိမ့်မဝင်စေဖို့အတွက် သင့်ရုံသာသုံးစွဲပါ)

မျက်နှာပေါ်ရှိ ၀က်ခြံအမာရွတ်တွေကြောင့် အသားအရေ ပွစိစိဖြစ်နေသူများက မျက်နှာပေါ် အုန်းဆီလိမ်းပြီးနောက်၊ ဆယ့်ငါးမိနစ်ခန့်အကြာမှာ ရေခပ်နွေးနွေးဖြင့် မျက်နှာသစ်ပေးပါ။ ဒီနည်းက အုန်းဆီဖြင့် အသားအရေပေါင်းတင်နည်းဖြစ်တာကြောင့် မျက်နှာကို နူးညံ့ချောမွတ်စေနိုင်ပါတယ်။

အုန်းဆီက မွေးညှင်းပေါက်ဆဲလ်တွေကို အားဖြစ်စေကာ အမွေးသန်စေတဲ့အတွက် မျက်ခုံးမွေး ကောင်းချင်သူများက အုန်းဆီလိမ်းပေးနိုင်ပါတယ်။ (သို့သော် မျက်စိထဲသို့ ဆီမဝင်အောင် သတိပြု၍သုံးစွဲပါ)

အုန်းဆီက အသားအရေနေလောင်ခြင်းကို သက်သာစေနိုင်တဲ့အတွက်၊ ဥပမာ နွေရာသီ သင်္ကြန်ရေ ကစားကြသူများနှင့် အပန်းဖြေကမ်းခြေလမ်းလျှောက်သူများအနေဖြင့် နေပူထဲမထွက်ခင် ခြေလက်များကို အုန်းဆီဖြင့် ကြိုတင်၍ လိမ်းပါ။

တံခါးပတ္တာတွေ တကျွီကျွီအသံမြည်တဲ့အခါ (သို့မဟုတ်) သော့ခလောက်တွေ ဖွင့်မရတဲ့အခါ အုန်းဆီထည့်လိုက်တာနဲ့ ကောင်းသွားပါတယ်။

အဝတ်လျှော်၊ ပန်းကန်ဆေး စသဖြင့် မကြာခဏ ရေကိုင်ရတာကြောင့် လက်သည်းပန်းကုန်း (ခေါ်) လက်သည်းအရင်းရှိ အခွံမာနေရာမှာ အရေပြားလန်၍ နာကျင်ခြင်းနှင့် အရေတွန့်ခြင်းများအတွက်             တစ်နေ့ နှစ်ကြိမ် အုန်းဆီလိမ်းပေးရုံမျှဖြင့် သက်သာပျောက်ကင်းစေပါတယ်။

မှတ်ချက်။

အုန်းရည်ထဲမှာ ကျန်းမာရေးနှင့်ညီညွတ်သော အာဟာရတွေ အမြောက်အမြားပါရှိနေပါတယ်။ သို့သော် ထိုအုန်းသီးကို ခွဲလိုက်သည်နှင့်တစ်ပြိုင်နက် အုန်းရည်ဟာ လေနှင့်ဓာတ်ပြုသွားတာကြောင့် အာဟာရ တန်ဖိုးတွေ လျော့ကျ ကုန်ပါ တယ်။ ဒါ့ပြင် အချိန်ကြာလာတာနဲ့အမျှ အုန်းရည်ဟာ သူ့အလိုလို အချဉ်ပေါက်သွားပါတော့တယ်။ ဒါကြောင့် အုန်းသီး ခွဲပြီးပြီးချင်း အချိန်မဆွဲဘဲ အုန်းရည်ကို ချက်ချင်း သောက်သုံးပေးသင့်ပါတယ်။

အထူးသတိပြုရန်။

အားကစားသမားများ၊ ဆီးချို သွေးချိုရောဂါရှိသူများ၊ ဓာတ်မတည့်ရောဂါ(Allergies) ရှိသူများ၊ ဆီးရွှင်ရောဂါရှိသူများ၊ ၀မ်းပျော့သူများ၊ ဗိုက်မကောင်းသူများ၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ပြဿနာရှိသူများ၊ ကိုယ်အလေးချိန် လျှော့ချလိုသူများအနေဖြင့် အုန်းရည် မသောက်သင့်ပေ။

အုန်းဆီက အထက်ဖော်ပြပါ အကျိုးကျေးဇူးများစွာရှိသော်လည်း၊ အစာအာဟာရအဖြစ် မစားသင့်ပါဘူး။ အမေရိကန် နှလုံးကျန်းမာရေးအဖွဲ့ (AHA) မှ သုတေသီများက အုန်းဆီပါ၀င်တဲ့ အစားအစာများ စားသုံးခြင်းနှင့် နှလုံးအပေါ် အကျိုးသက်ရောက်မှုကို စမ်းသပ်မှု ၇ မျိုး ပြုလုပ်ခဲ့ရာ၊ ၇ မျိုးစလုံးမှာ မကောင်းတဲ့ ကိုလက်စထရော LDL  များ ပါရှိနေတာကို တွေ့ရှိရပါတယ်။ ယင်း ကိုလက်စထရောများဟာ သွေးထဲမှာ များပြားလာပြီး သွေးကြောများပိတ်ဆို့စေကာ နှလုံးရောဂါနဲ့ လေဖြတ်ခြင်းတွေကို  ဖြစ်ပွားစေကြောင်း သိရပါတယ်။ AHA ၏ ပြောကြားချက်အရ၊ အုန်းဆီမှာ ပါ၀င်တဲ့ ဆီ ၈၂ ရာခိုင်နှုန်းဟာ ပြည့်ဝဆီ (Saturated fatty acid)များဖြစ်ကြောင်း၊ ထောပတ်တွင် ပြည့်ဝဆီ ၆၃ ရာခိုင်နှုန်း၊ အမဲဆီတွင် ပြည့်ဝဆီ ၅၀ ရာ ခိုင်နှုန်း နဲ့ ဝက်ဆီတွင် ပြည့်ဝဆီ ၃၉ ရာခိုင်နှုန်းပါရှိကြောင်း သိရပါတယ်။ ဒါကြောင့် အုန်းဆီက အခြားသော ဆီများထက် ပြည့်ဝဆီပါ၀င်မှု ပိုမိုများပြားနေတာကြောင့် ကျန်းမာရေးကို ပိုမိုထိခိုက်စေနိုင်ကြောင်း အမေရိကန် ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများက သတိပေးပြောကြားထားပါတယ်။

စေတနာများစွာဖြင့်…

ပေါက်ပေါက်






အခြားဆက်စပ်သတင်းများ