နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လက်လီဆိုင်ပေါင်း ၅၀ ကျော်သို့ အရန်ရိက္ခာဆန် အိတ်ရေ တစ်ထောင်ကျော် ရောင်းချ

ရန်ကုန်,ဇူလိုင် ၂၇


ပြည်ပသို့ ဆန်၊ဆန်ကွဲ တင်ပို့သည့် ကုမ္ပဏီ များထံမှ နိုင်ငံတော် အရန်ရိက္ခာဆန်အဖြစ် ဝယ်ယူသိုလှောင် ထားသည့် ဆန်များကို လက်လီဆိုင်ပေါင်း ၅၀ ကျော်သို့ အိတ်ရေပေါင်း တစ်ထောင်ကျော်ထိ ရောင်းချထားပြီး ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ သိရသည်။


ထိုသို့ဝယ်ယူထားသည့် လုံးရှည်/ ဧည့်မထ ၂၅ မှတ် ဆန်များကို ၁၀၈ ပေါင် တစ်အိတ်လျှင် ၂၂၈၀ဝ ကျပ်နှုန်းဖြင့် မှတ်ပုံတင် အဆိုပြုလာသည့် လက်လီဆိုင်များထံ တစ်ကြိမ်လျှင် အိတ်ရေ ၂၀ဝ အထိ အများဆုံးထား ရောင်းချပေးခဲ့ရာ လက်လီဆန်အရောင်းဆိုင်များမှတစ်ဆင့် ပြည်သူများထံသို့ သက်သာသော ဈေးနှုန်းနှင့် ပြန်လည်ရောင်းချပေးနေခြင်းဖြစ်သည်။


"အခုလတ်တလောမှာ လျှောက်ထားတဲ့ လက်လီဆိုင်ပေါင်း ၅၀ ကျော်လောက်တော့ ကျွန်တော်တို့ဆီ စာရင်းတင်ထားတာရှိပါတယ်။ လောလောဆယ်တော့ တန်ချိန်နဲ့ မဟုတ်ဘဲအိတ်ရေနဲ့ပဲ သတ်မှတ်ပြီး အိတ်ရေ ထောင်ကျော်တော့ ရောင်းချပေးပြီးပါပြီ"ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ရုံးအဖွဲ့မှူး ဦးမြင့်လွင်က ပြောသည်။
လက်လီဆိုင်များအနေဖြင့် အဆိုပါ အရန်ရိက္ခာဆန် များကို သယ်ယူသည့် ဒေသအလိုက် ဆန်တစ်ပြည်ကို ၁၀ဝ၀ ကျပ် မှ ၁၁၀ဝ ကျပ်ထက် မပိုစေဘဲ စားသုံးသူ ပြည်သူလူထုထံ သက်သာသော ဈေးနှုန်းဖြင့် ပြန်လည်ရောင်းချပေးရမည်ဖြစ်ပြီး သက်မှတ်ဈေးနှုန်းထက် ပိုရောင်းချခဲ့ပါကဆန်ဝယ်ယူ ရောင်းချခွင့်ကို ပယ်ဖျက်သွားမည် ဖြစ်ကြောင်းသိရသည်။


COVID-19 ဖြစ်ပေါ်နေချိန် ကာလတွင် ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံရန် ၊ဆန်ဈေးနှုန်း တည်ငြိမ်ရန်၊ တောင်သူ လယ်သမားများ စပါးပေါ်ချိန် ဝင်ငွေမကျဆင်းစေရန်နှင့် ပို့ကုန်လုပ်ငန်း ပုံမှန်ဆောင်ရွက်နိုင်ရန် အတွက် ပြည်ပသို့ ဆန်၊ ဆန်ကွဲများ တင်ပို့သည့် ကုမ္ပဏီများထံမှ နိုင်ငံတော်ရဲ့ အရန်ရိက္ခာဆန် အဖြစ် လုံးရှည်/ ဧည့်မထ ၂၅ မှတ် ဆန်များကို ပြီးခဲ့သည့် ဧပြီလကုန်ခန့်က စတင်ဝယ်ယူ သိုလှောင်ထားခြင်း ဖြစ်သည်။


ထို့ပြင် နိုင်ငံတော်အရန်ရိက္ခာဆန် ဝယ်ယူရေး အစီအစဉ်အရ ဝယ်ယူထားသော ဆန်သည် သတ်မှတ်ပမာဏ တန်ချိန်ငါးသောင်းပြည့်မီသွားပြီ ဖြစ်သောကြောင့် ပြည်ပသို့ ဆန်၊ ဆန်ကွဲများ တင်ပို့သည့် ကုမ္ပဏီများထံမှ ပို့ကုန်လိုင်စင်အပေါ် အရေးပေါ်ရိက္ခာဆန် ပေးသွင်းမှုကို ဩဂုတ်လ ၁ ရက် မှစ၍ ယာယီ ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း သိရသည်။


မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ