ဒိုက်ဦး ဧပြီ ၁၃ ဧပြီ ၁၂ ရက်၊ ညနေ ၅ နာရီခွဲအချိန် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့၊ ဒရယ်မီးရပ်ကွက်နေ မိုးမင်းထက်(၂၁)နှစ်သည် အရက်သေစာ သောက်စားမူးယစ်ပြီး နေအိမ်ရှိပရိဘောဂပစ္စည်းများအား ရိုက်ချိုးဖျက်ဆီးနေကြောင်း သတင်းအရ ဒိုက်ဦးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ သွားရောက်ထိန်းသိမ်းစဉ် မိုးမင်းထက်မှာ ရဲတပ်ဖွဲ့ဝင်များအား ညစ်ညမ်းစွာ ဆဲဆိုပြီး “အကုန် သတ်ပစ်မယ်” ဟု ခြိမ်းခြောက်ပြောဆိုကာ ဓားဖြင့်ခုတ်ရန် ပြေးဝင်လာသဖြင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးမှ ၁၂ ဗို့ ပြောင်းချောသေနတ်ဖြင့် တစ်ချက်သတိပေးပစ်ခတ်ခဲ့ရာ မိုးမင်းထက်တွင် ကျည်ထိမှန်ဒဏ်ရာ (မစိုးရိမ်ရ)ရရှိခဲ့သည်။ ည ၈ နာရီခွဲအချိန်တွင် မိုးမင်းထက်(ဖမ်းမိ)အား ဒိုက်ဦးမြို့မရဲစခန်း၊ (ပ)၄၁၄/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၅၃/၅၀၆/၂၉၄(တာဝန်ထမ်းဆောင်နေသော ပြည်သူ့ဝန်ထမ်းအား နှောင့်ယှက်မှု၊ ခြိမ်းခြောက်မှု၊ ဆဲဆိုမှု) ဖြင့် အမှုဖွင့်စစ်ဆေးခဲ့ကြောင်း သိရသည်။ ဆွေဦး