ရန်ကုန် ဇူလိုင် ၂၅
ယခုကာလများသည် ကမ္ဘာ့ရွှေဈေးနှုန်းမြင့်တက်မှု နိုင်ငံတကာငွေနှင့် မြန်မာငွေလဲလှယ်နှုန်းထား မြင့်တက်နေမှုနှင့် ရွှေအထွက်နည်းသည့် မိုးလယ်ကာလများကြောင့် ရန်ကုန်ပြည်တွင်းရွှေဈေးသည် ယခင် ၁၂ ဝန်းကျင် မှ ယနေ့ ဇူလိုင်စတုတ္ထအပတ်အထိ ရွှေတစ်ကျပ်သားကို ကျပ် ၁၂၇၈၀ဝ၀ ဝန်းကျင်ခန့်ပေါက် ဈေးမြင့်တက်နေရာ ယခုအခါတွင် ရွှေဝယ်လိုအားထက် ရောင်းလိုအားများပြားနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။
" ယခင် ရွှေတစ်ကျပ်သားကို ကျပ် ၁၂ သိန်းဝန်းကျင်ပေါက်နေတဲ့ချိန်မှာဝယ်ထားပြီးအခု အမြင့်ဆုံး ကျပ် ၁၂၉၉၀ဝ၀ အထိ ဇူလိုင် ၂၂ ရက်ကစံချိန်တင် ဈေးပေါက်ခဲ့တယ်။ဒါကို အခုဒီကာလတွေမှာက ထုတ်ရောင်းတဲ့သူတွေများလာတော့ ရွှေဈေးကတစ်ကျပ်သားကို ကျပ် ၁၂၇၈၀ဝ၀ ဝန်းကျင် နဲ့ ဈေးအနည်းငယ် ပြန်ကျသွားတယ်။ ဒါပေမဲ့ ယခင်ဈေးထက်တော့ တက်ရိပ်ကျန်ရှိနေတာပါ ။ ဒီကာလရဲ့ ကျွန်တော်တို့ ရန်ကုန်ရွှေဈေးကွက်မှာ ရွှေ ဝယ်လိုအားနဲ့ ရောင်းလိုအားကိုနှိုင်းယှဉ်ကြည့်ရင် ရွှေထုတ်ရောင်းတဲ့သူတွေက များနေပါတယ်။ ရွှေဈေးကတော့ နောက်ပိုင်းမှာ တစ်ကျပ်သားကိုကျပ် ၁၃ သိန်းထက်မကျော်နိုင်ဘဲ အခုပြန်ကျနေတယ်။ဒါပေမဲ့ ကမ္ဘာ့ရွှေဈေးကွက်နဲ့နှိုင်းယှဉ်ရင် မြန်မာ့ရွှေဈေးကွက်က ရွှေတစ်ကျပ်သားမှာ ကျပ် ၈၅၀ဝ၀ ခွဲ ၉၀ဝ၀ဝ လောက်ထိ လျော့နည်းနေသေးတဲ့အတွက် လက်ရှိပေါက်ဈေးအောက် အများကြီးကျဆင်းဖို့ ဒီမိုးလယ်ကာလမှာ မရှိပါဘူး။ ပြန်လည်ကျဆင်းမယ်ဆိုရင်လည်း ပွင့်လင်းရာသီ မိုးနှောင်းကာလမှာ ပြန်လည်ကျဆင်းမယ်လို့မှန်းပါတယ်။ အခုကတော့လာမယ့် ရှေ့အပတ်တွေအထိ တစ်ကျပ်သားကို ၁၂၇၈၀ဝ၀ ဝန်းကျင်မှာတန့်နေအုံးမယ်လို့ မှန်းပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးဝင်းမြင့်က ပြောသည်။
ပြည်တွင်းရွှေဈေး မြင့်တက်မှုသည် မြန်မာငွေနှင့် ဒေါ်လာငွေလဲလှယ်နှုန်း မြန်မာနိုင်ငံနှင့်ကုန်သွယ်မှု အများဆုံးလုပ်ကိုင်နေသော တရုတ်ယွမ်ငွေနှင့် မြန်မာငွေလဲလှယ်နှုန်းအပြင် မြန်မာနှင့်နီးစပ်နေသော ထိုင်း ဘတ်ငွေနှင့်မြန်မာငွေလှဲလယ်နှုန်းတို့မြင့်တက်လာသည်နှင့်အမျှ ရွှေဈေးသည်လည်း မြင့်တက်လာနေကြောင်း ရွှေဈေးနှုန်းမြင့်တက်မှု ကျဆင်းမှုတွင် ထိုအချက်များလည်း ပါဝင်ဆက်နွှယ်မှုရှိကြောင်းသိရသည်။လက်ရှိတွင် ရန်ကုန် ဈေးကွက်၌ ဇူလိုင် ၂၄ ရက်အထိ ၁၆ ပဲရည် မီးလင်းရွှေ အရောင်းသည် ကျပ် ၁၂၇၂၀ဝ၀ဝ /၁၅ ပဲရည် အရောင်းသည် ၁၁၉၇၂၀ဝ ပေါက်ဈေးရှိနေသည်။ရွှေဆိုင်များမှပြန်လည်အဝယ်အနေဖြင့် ၁၆ ပဲရည် တစ်ကျပ် သားလျှင် ၁၂၆၇၀ဝ၀ /၁၅ ပဲရည်တစ်ကျပ်သားအဝယ်သည် ၁၁၉၂၅၀ဝ ပေါက်ဈေးရှိနေသည်။ ယင်းအချိန်တွင်ကမ္ဘာ့ရွှေဈေးတစ်အောင်စသည် ဒေါ်လာ ၁၈၈၄ ရှိနေကြောင်း ရန်ကုန်ရွှေဈေးကွက်မှ သိ ရသည်။
" ဒီကာလမှာရွှေဈေးက တစ်ရက်နဲ့တစ်ရက်ပုံသေဈေးတစ်ခုအဖြစ် သတ်မှတ်လို့မရသေးတဲ့အခြေအနေ ဖြစ်နေတယ်။ တစ်ရက်ကိုကျပ်တစ်သောင်းဝန်းကျင်ခန့် အတက်၊ အကျ ရှိနေတယ်။ ဒီလိုနဲ့ပဲ အရောင်းအဝယ်လုပ်နေရတာပါ။ ပုံသေဈေးပြောလို့တော့မရသေးဘူး" ဟု ရန်ကုန်ဈေးကွက်မှ ရွှေအရောင်းအဝယ်လုပ်ငန်းရှင်ကိုချိုကြီးက ပြောသည်။
မင်းခ