ရန်ကုန် ဧပြီ ၁၂ ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19)ကူးစက်ပြန့်ပွားမှုအား ကြိုတင်ကာကွယ်တားဆီးသည့်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ သုမင်္ဂလာလမ်းပေါ်ရှိ သုမင်္ဂလာပန်းခြံတွင် ပန်းခြံဖွင့်ချိန်နှင့် ပိတ်ချိန်တို့ကို ပြောင်းလဲသတ်မှတ်လိုက်ကြောင်း သိရသည်။ ယခင်က အဆိုပါသုမင်္ဂလာပန်းခြံကို နေ့စဉ် နံနက် ၅ နာရီမှ ည ၈ နာရီအထိ ဖွင့်လှစ်ထားရာမှ ယခုအခါ ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) ကူးစက်ပြန့်ပွားမှုအား တစ်ဖက်တစ်လမ်းမှ ကြိုတင်ကာကွယ် တားဆီးသည့်အနေဖြင့် ပန်းခြံဖွင့်ချိန်နှင့် ပိတ်ချိန်တို့ကို နံနက် ၅ နာရီမှ ညနေ ၆ နာရီအထိဟု ပြောင်းလဲ သတ်မှတ်လိုက်ခြင်းဖြစ်သည်။ သုမင်္ဂလာပန်းခြံသည် တောင်ဥက္ကလာပမြို့နယ်အတွင်း အချက်အခြာကျပြီး တိတ်ဆိတ်အေးချမ်းသော နေရာတွင် တည်ရှိသောကြောင့် နေ့စဉ်နံနက်ခင်းပိုင်းတွင် ကျန်းမာရေးအတွက် ကိုယ်ကာယလေ့ကျင့်ခန်း ပြုလုပ်သူများ၊ လမ်းလျှောက်သူများလာရောက်လေ့ရှိကြသည်။ ထိုပန်းခြံအား အမြဲသန့်ရှင်းသာယာလှပနေစေရန် သက်ဆိုင်ရာ တောင်ဥက္ကလာပမြို့နယ် စည်ပင်သာယာရေးကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ တာဝန်ယူကာ ပြုပြင်ထိန်းသိမ်း စောင့်ရှောက်လျက်ရှိပြီး ယခုအခါ ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) ကူးစက်ပြန့်ပွားမှုအား ကြိုတင် ကာကွယ် တားဆီးနိုင်စေရန် ပန်းခြံသို့လာရောက်ကြသူများနှင့် လမ်းသွားလမ်းလာများအတွက်လက်ဆေး သောနေရာများကိုလည်း စနစ်တကျ စီစဉ်ပေးထားကြောင်း သိရသည်။ (ဆောင်းဦး)