နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Vietjet က ပြည်ပရောက်နိုင်ငံသားများကို ပြန်လည်ခေါ်ယူသည့် လေယာဉ်ခရီးစဉ်များ ဆက်လက်ပြေးဆွဲပေးခြင်းအားဖြင့် နိုင်ငံတကာ လေကြောင်းဝန်ဆောင်မှုများ ပြန်လည်စတင်နိုင်ရေးဖော်ဆောင်

ရန်ကုန် ဇူလိုင်  ၂၃


ဗီယက်နမ်အစိုးရ၏ ညွှန်ကြားချက်အရ Vietjet လေကြောင်းလိုင်းသည် နိုင်ငံသားများ၏ ဆန္ဒ၊ နိုင်ငံ၏  Quarantine ထားရှိနိုင်သည့်အခြေအနေတို့နှင့်အညီ နိုင်ငံတွင်းနှင့် ပြည်ပရှိ သက်ဆိုင်ရာ ဗီယက်နမ် အဖွဲ့အစည်း များနှင့်ပူးပေါင်းဆောင်ရွက်ကာ ပြည်ပရောက်ဗီယက်နမ်နိုင်ငံသားများကို နိုင်ငံတွင်းသို့ ပြန်လည် ခေါ်ယူပေးလျက်ရှိကြောင်း သိရသည်။


ကယ်ဆယ်ရေးလေယာဉ်ပေါ်တွင် ၁၈ နှစ်အောက်ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများ၊ ကျန်းမာရေးမကောင်းသူများ၊ အလုပ်လုပ်ကိုင်ရန်စာချုပ်ကုန်ဆုံး၍ နေထိုင်စရာမရှိသူများ၊ ကျောင်းအဆောင်များ ပိတ်ထားခြင်းကြောင့် နေထိုင်စရာမရှိသည့် ကျောင်းသား၊ကျောင်းသူများနှင့် အခက်အခဲ ရှိသူ အခြားသူများဟူ၍ ခရီးသည်များကို ဦးစားပေးအုပ်စုများ ခွဲခြားထားသည်။


ဇူလိုင် ၁၈ ရက်တွင် Vietjet သည် ဖိလစ်ပိုင်နိုင်ငံရှိ ဗီယက်နမ်နိုင်ငံသားအယောက် ၂၄၀ ကို ပြန်လည် ခေါ်ယူပေးနိုင်ရန် နိုင်ငံတကာလေယာဉ်ခရီးစဉ်တစ်ခုကို ပြေးဆွဲပေးခဲ့သည်။


အဆိုပါလေယာဉ်ခရီးစဉ်သည် Ninoy Aquino အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပျံသန်းထွက်ခွာခဲ့ကာ ပြန်လည်ရောက်ရှိလာသူများကို ၁၄ ရက်တာကာလ Quarantine ထားရှိနိုင်ရန်အတွက် ဗီယက်နမ်နိုင်ငံ တောင်ပိုင်းရှိ Can Tho အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဆင်းသက်ခဲ့သည်။ ဇူလိုင်လတွင်လည်း Vietjet သည် စင်ကာပူ၊ ထိုင်ဝမ်၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ရှိ ဗီယက်နမ်နိုင်ငံသားများကို ပြန်လည်ခေါ်ယူသည့် လေယာဉ်ခရီးစဉ် ၃ ခုကို ပြေးဆွဲပေးခဲ့သည်။


ထိုအပြင်မေလအတွင်းတွင်မူ မြန်မာနိုင်ငံရောက် ဗီယက်နမ်နိုင်ငံသားအယောက် ၂၄၀ ကို ပြန်လည် ခေါ်ယူခဲ့သည့် အထူးကယ်ဆယ်ရေး လေယာဉ်ခရီးစဉ်တစ်ခုကို ပြေးဆွဲပေးခဲ့ရာ ထိုခရီးစဉ်အတွင်း ဗီယက်နမ် နိုင်ငံရောက် မြန်မာနိုင်ငံသား ၉ ဦးကိုလည်း ပြန်လည် ခေါ်ဆောင်ပေးခဲ့သည်။


Vietjet လေကြောင်းလိုင်းအနေဖြင့် မကြာမီကာလတွင်လည်း ဆက်လက်၍ ရုရှား၊ ဘရူနိုင်း၊ အင်ဒိုနီးရှား နှင့် မြန်မာနိုင်ငံတို့မှ ဗီယက်နမ်နိုင်ငံသားများကို ပြည်လည်ခေါ်ယူနိုင်ရန် လေကြောင်းခရီးစဉ် ၄ ခုကို ထပ်မံ ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။


Vietjet အနေဖြင့် ဇူလိုင်လအကုန်တွင် ပြည်ပရောက် ဗီယက်နမ်နိုင်ငံသားပေါင်း ၁၀ဝ၀ဝ ခန့်ကို နိုင်ငံတွင်းသို့ ဘေးကင်းစွာ ပြည်လည်ခေါ်ဆောင်ပေးသွားနိုင်ရန် မျှော်မှန်းထားပြီး ပြည်ဝင်ခွင့်လိုအပ်ချက်များ၊ ဆိုက်ရောက်ချိန်တွင် Quarantine ထားရှိရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိသည်။


အဆိုပါခရီးစဉ်မတိုင်မီ၊ ခရီးစဉ်အတွင်းနှင့် ခရီးစဉ်ပြီးချိန်တို့တွင် ခရီးသည်များ၊ လေယာဉ်မောင်မယ်များ အားလုံး ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် Vietjet လေယာဉ်ခရီးစဉ်များအားလုံးကို အာဏာပိုင်များ၊ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးနှင့် အပြည်ပြည်ဆိုင်ရာလေကြောင်းပို့ဆောင်ရေးအဖွဲ့ (International Air Transport Association - IATA) တို့၏ ကမ္ဘာလုံးဆိုင်ရာစံနှုန်းများ၊ အကြံပြုချက်များနှင့်အညီ ပြေးဆွဲလျက်ရှိကြောင်း သိရသည်။


COVID-19 ဖြစ်ပွားသည့် အစောပိုင်းကာလအတွင်းကလည်း Vietjet သည် ဗီယက်နမ်နိုင်ငံသားများ၊ အခြားနိုင်ငံသားများအနေဖြင့် မိမိတို့၏နိုင်ငံသို့ ပြန်နိုင်ရေးအတွက် အခမဲ့လေယာဉ်ခရီးစဉ်များ၊ တစ်ကြောင်း တည်းပျံသန်းသည့် ခရီးစဉ်များဖြင့် ပြည်တော်ပြန် ကမ်ပိန်းတစ်ရပ်ကိုလည်း လျင်မြန်စွာပင် မိတ်ဆက် ပေးထားခဲ့သည်။


ခရီးသည်များ၊ လေယာဉ်ပေါ်လိုက်ပါသည့် လေယာဉ်မောင်မယ် များ၊ ယာဉ်များ၊ လေယာဉ်များအားလုံးသည် အပြည့်အဝ ဘေးကင်းလုံခြုံမှုရှိသည်။ ထို့အပြင် Vietjet အနေဖြင့် မရှိမဖြစ်လိုအပ်သည့် ကုန်စည်နှင့် ဆေးဝါးပစ္စည်းတန်ချိန်ပေါင်း ထောင်နှင့်ချီ၍ ကူညီသယ်ယူပို့ဆောင်ပေးခဲ့သည်။ ယူကေ၊ ပြင်သစ်၊ ဂျာမနီနှင့် အမေရိကန်နိုင်ငံတို့အား COVID-19 ကမ္ဘာ့ကပ်ရောဂါကြီးကို ကာကွယ်ထိန်းချုပ်ရာတွင် အထောက်အပံ့ပေးနိုင်ရေးရည်ရွယ်၍ Vietjet သည် ဆေးဘက်ဆိုင်ရာသုံးနှာခေါင်းစည်းပေါင်း ၂ ဒသမ ၅ သန်းကျော်ကိုလည်း လှူဒါန်းထားခဲ့သည်။

ယခုကဲ့သို့ ပြည်ပရောက်နိုင်ငံသားများကို ပြည်လည်ခေါ်ယူသည့် ခရီးစဉ်များ၏ရလဒ်အပေါ်မူတည်၍ Vietjet သည် မြေပြင် အနေအထားနှင့်အညီ ခရီးစဉ်အခေါက်ရေ ထိန်းညှိရေး၊ ဗီယက်နမ်နိုင်ငံသားများကို နိုင်ငံတွင်းသို့ ပြန်လည်ခေါ်ဆောင်နိုင်ရန် ကယ်ဆယ်ရေးနှင့် စီးပွားဖြစ်လေယာဉ်ခရီးစဉ်များကို တိုးချဲ့ပြေးဆွဲနိုင်ရေးတို့အတွက် အစိုးရ၊ အာဏာပိုင်များနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်သည်။ လက်ရှိတွင် Vietjet လေကြောင်းလိုင်းသည် အပြည်ပြည်ဆိုင်ရာ လေကြောင်း ခရီးစဉ်များကို ပြန်လည်ပြေးဆွဲနိုင်ရန် ပြင်ဆင်မှုများကို ပြုလုပ်ပြီးဖြစ်ကာ အစိုးရ၏ တရားဝင် ခွင့်ပြုချက်ကို စောင့်ဆိုင်းလျက်ရှိကြောင်း သိရသည်။    


ခရီးသွားလုလင်






အခြားဆက်စပ်သတင်းများ