ရန်ကုန် ဇူလိုင် ၂၃
ရုပ်ရှင် နှစ်(၁၀၀) ပြည့် အထိမ်းအမှတ်ပွဲတွင် Tik Tok ပြိုင်ပွဲပါဝင်နေသည့်အပေါ် သရုပ်ဆောင် ဖိုးကျော်က “ရုပ်ရှင်နှစ်တစ်ရာပြည့်မှာ Tik Tok ပြိုင်ပွဲတဲ့ သေလို့ရတယ်ဗျာ။ သူတို့တော့ မသိဘူး ကျွန်တော်ကတော့ ရှက်တယ်ဗျ။ ကျွန်တော်က ဘာမှမဟုတ်ပါဘူး၊ အပေအတေလောက်ဆိုပေမယ့် ကျွန်တော်ရှက်တယ်။ နိုင်ငံတကာမှာဆို Tik Tok က အနုပညာမဟုတ်ဘူးဗျ။ ကလေးကစားစရာပါပဲ။ ကျွန်တော်လည်း ကိုယ့်ထမင်း ကိုယ်စားပြီး ဒီစကားကို ပြောရတာပါ။ အမှန်ကတော့ ကောင်းစေချင်လို့ ကျွန်တော်ပြောတာပါ” ဟု ပြောထားသည်။ မြန်မာ့ရုပ်ရှင်နှစ်တစ်ရာပြည့် ပြိုင်ပွဲတွင် Tik Tok ပြိုင်ပွဲထည့်သွင်းကျင်းပမည်ဆိုသည့် သတင်းသည် ဇူလိုင် ၅ ရက်ကတည်းက လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပျံ့နှံ့ခဲ့သည်။
Tik Tok ပြိုင်ပွဲအပေါ် ဖိုးကျော်၏သဘောထားကို ပြောပြပြီးနောက် ယင်း၏အနုပညာလှုပ်ရှားမှုများ အကြောင်း ထပ်မံပြောထားသည်။ ထုတ်လုပ်သူများက မငှားကြသည့်အတွက် ဇာတ်ကားများလည်း ယခင်လောက်ရိုက်ခွင့်မရတော့ကြောင်း ပြောထားသည်။
ဖိုးကျော်သည် ဝါရင့်သရုပ်ဆောင်ကျော်ဟိန်းနှင့်အတူ " လူမိုက် တစ်ရာ" ဆိုသည့် ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးခဲ့ဖူးသူဖြစ်သည်။ အဆိုပါ ရုပ်ရှင်ဇာတ်ကားကြီးသည် ပရိသတ်အားပေးမှု အခိုင်အမာရရှိခဲ့သည့် ဇာတ်ကားတစ်ကားဖြစ်သည်။ သရုပ်ဆောင်ဒွေးနှင့်လည်း ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားများစွာတွင် အတူတွဲသရုပ်ဆောင်ခဲ့ဖူးသူတစ်ယောက်ဖြစ်သည်။ အမျိုးသားဇာတ်ဆောင်ဆုအကယ်ဒမီထူးချွန်ဆုကို လည်း ၂၀၀၆ ခုနှစ်တွင် "မျှော်လင့်ခြင်းများစွာ" ဆိုသည့် ရုပ်ရှင်ဇာတ်ကားကြီးဖြင့် ရရှိထားသူဖြစ်သည်။
(HWY)