ရန်ကုန် ဇူလိုင် ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ အလုံလမ်းမကြီးနှင့် ရထားလမ်းဖြတ်သန်းရာ အလုံလမ်းပိုင်းရှိ ရထားလမ်း၊ကားလမ်းခုံးကျော်တံတားစီမံကိန်းကို မြန်မာ့မီးရထား တံတားပေါင်အလုပ်ရုံ( မလွှကုန်း )အင်ဂျင်နီယာဌာနမှတာဝန်ယူဆောင်ရွက်လျက်ရှိရာ လက်ရှိတွင် စီမံကိန်းလုပ်ငန်းများပြီးစီးမှု သည် ၇၅ ရာခိုင်နှုန်းခန့် ပြီးစီးလာပြီး ယခုနှစ်စက်တင်ဘာလကုန်ပိုင်းအပြီးဆောင်ရွက်သွားရန် လုပ်ငန်းများအရှိန်အဟုန်မြှင့် ဆောင်ရွက်နေကြောင်း မြန်မာ့မီးရထား တံတားပေါင်အလုပ်ရုံ (မလွှကုန်း )ရုံးမှ သိရသည်။
အဆိုပါ အလုံလမ်းရထားခုံးကျော်တံတားတည်ဆောက်ရေးစီမံကိန်းသည် လက်ရှိတွင် တံတားတည်ဆောက်မှုလုပ်ငန်းများပြီးစီးနေပြီးတံတားအပေါ်သို့ တက်ရောက်မည့်ချ ဉ်းကပ်လမ်းများ တည်ဆောက်နေပြီဖြစ်သည်။ လုပ်ငန်းတစ်ခုလုံးအနေဖြင့် စီမံကိန်းလုပ်ကွက်များအားလုံးပြီးစီးမှုသည် ၇၅ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်သည်။ ထိုတံတားစီမံကိန်းကို ယခုနှစ်စက်တင်ဘာလကုန်ပိုင်းတွင် အပြီးတည်ဆောက်သွားရန် အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိကြောင်းသိရ သည်။
" အဓိကကတော့ အလုံဘူတာဟာ မိုးရွာရင်ရေဝပ်တယ်။ဒီအပေါ်မှာသွားနေတဲ့မြို့ပတ်ရထားတွေ တခြားရထားတွေရောက အဲ့ဒီမှာရပ်ထားရပါတယ်။ဒါကြောင့်ရေမဝပ်ရေးအတွက်လုပ်တာဖြစ်သလို ဒီတံတား ကလည်းနိမ့်ပြီး ကျဉ်းတဲ့အပိုင်းတွေရှိတယ်။ ဒါကြောင့်ရေထွက်စရာမရှိဘဲ ရေဝပ်ရတာလည်းဖြစ်ပါတယ်။ ဒီအလုံတံတားကိုတည်ဆောက်ပြီးရင် ရထားလမ်းကိုလည်းမြှင့်နိုင်မယ် ရထားလမ်းဘေးက ရေမြောင်း ထည့်ပြီးတော့ အဲ့မှာဝပ်နေတဲ့ရေတွေ ကိုသက်ဆိုင်ရာရေထွက်ပေါက်ကိုဆက်သွယ်စီးဆင်းစေမှာဖြစ်လို့ အလုံဘူတာ ရေဝပ်တဲ့ဒုက္ခကင်းဝေးမယ်။ ဒါ့အပြင် နောက်ပြေးဆွဲမဲ့မြို့ပတ်ရထားတွေအတွက်လဲလိုအပ်တဲ့ အမြင့်ကိုရရှိမှာဖြစ်ပါတယ်။ အခုအခါမှာကတော့ စီမံကိန်းလုပ်ကွက်တွေအတော်များများပြီးစီးနေပါပြီး ရာခိုင်နှုန်းအနေနဲ့ ၇၅ ရာခိုင်နှုန်း အထိရှိလာပြီပေါ့။ လာမဲ့စက်တင်ဘာလကုန်ပိုင်းလောက်ကိုအပြီးသတ်ဆောင်ရွက်နိုင်ဖို့လုပ်ငန်းကို အရှိန်အဟုန်မြှင့်နေပါတယ်"ဟု မြန်မာ့မီးရထားတံတားပေါင် အလုပ်ရုံ (မလွှကုန်း) အင်ဂျင်နီယာမှုးဦးမောင်ချိုက ပြောသည်။
ယခင် အလုံလမ်း၊ရထားလမ်း၊ကားလမ်းခုံးကျော်တံတားဟောင်းသည် အရှည် ၃၁ ပေ ၆ လက်မရှိရာ ကျဉ်း မြောင်းနေ၍ တံတားနှင့်ရထားလမ်းအကြားတွင် ရေမြောင်းဆောက်လုပ်နိုင်မှုမရှိကြောင်း အမြင့်သည် ၁၂ပေ နှင့် ၆ လက်မသာရှိ၍ ရထားများပြေးဆွဲရာတွင် ထားရှိရမည့်အနိမ်ဆုံးသက်မှတ်ချက် ဖြစ်နေသည့်အတွက် ရထားလမ်းကိုအပေါ်သို့ မြှောက်မ၍အဆင့်မမြင့်နိုင်ဘဲဖြစ်ပေါ်နေကြောင်း သိရသည်။ ယခုအခါတွင်အသစ်တည်ဆောက်မှုအဖြစ် အမြင့် ၁၇ ပေ ခွဲ အထိ မြင့်သွားပြီးအကျယ် ၅၅ ပေ အကျယ်ရသည်အထိ ဆောက်ရွက်လိုက်ခြင်းဖြစ်သည်။ ရေမြောင်းများစနစ်တကျတည်ဆောက်ခြင်း၊ ကားလမ်းကိုလည်းယခင် ၂၆ ပေ ၆ လက်မရှိနေရာမှ ယခု ၄၄ ပေအကျယ်အထိ ရအောင်ဆောင်ရွက်ပြီး လေးလမ်းသွားကားလမ်းဖြစ်ပေါ်လာမည်ဖြစ်ကြောင်းသိသည်။
အလုံလမ်းရထားခုံးကျော် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းသည် RC ဘိုးပိုင် ဖောင်ဒေးရှင်းဖြစ်ပြီး RC Card နှင့် RC Sharp ဖြင့်တည်ဆောက်ပြီးတံတားပေါင်မှထုတ်လုပ်သော PC Girders ၅၇ ပေ ၃ လက်မ ကိုတင်ကာ ထိုမှတဆင့် RC ကွန်ကရစ်ကြမ်းခင်းလောင်းပြီး တည်ဆောက်ထားခြင်းဖြစ်သည်။ ၂၀၁၉ ဘက်ဂျက်မှ အလုံတံတားတည်ဆောက်ခြင်းအတွက် ကျပ်သန်း ၂၀ဝ ပါဝင်ပြီး လိုအပ်သောကျန်ငွေများကို ၂၀၂၀ ဘက်ဂျက်ငွေမှရယူကာ စက်တင်ဘာလကုန်ပိုင်း အပြီးတည်ဆောက်ရန် တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း မြန်မာ့မီးရထား တံတားပေါင်အလုပ်ရုံ (မလွှကုန်း )ရုံးမှ သိရသည်။
မင်းခ