ဇူလိုင် ၂၂၊ ဝါရှင်တန်
အမေရိကန်နိုင်ငံတွင် ကြုံတွေ့နေရသည့် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါမှာ အကောင်းဘက်ကို မဦးတည်မီ ပိုဆိုးရွားသည့် အခြေအနေ ကြုံရလိမ့်မည်ဟု သမ္မတဒေါ်နယ်ထရမ့်က သတိပေးခဲ့သည်။ ဒေါ်နယ်ထရမ့်မှာ ကပ်ရောဂါဘေးနှင့်ပတ်သက်၍ ယခင်ကထက် ပိုတည်ကြည်လေးနက်စွာ ပြောဆိုခဲ့ပြီး အမေရိကန်ပြည်သူအားလုံး နှာခေါင်းစည်းတပ်ဆင်ကြရန် တိုက်တွန်းခဲ့သည်။ ဒေါ်နယ်ထရမ့်သည် ယခင်က နှာခေါင်းစည်းများကို မသန့်ရှင်းသည့်အရာဟု မှတ်ချက်ပေးခဲ့ဖူးသော်လည်း အမေရိကန်နိုင်ငံတစ်ဝန်းတွင် ဗိုင်းရပ်စ်ကူးစက်မှုများ မြင့်တက်လာချိန်တွင် ယင်း၏လက်ထောက်အရာရှိများက ပိုထိရောက်သည့် ချဉ်းကပ်မှုလုပ်ရန် တွန်းအားပေးခဲ့ကြသည်ဟု သတင်းများက ဖော်ပြသည်။
'' အခြေအနေက အကောင်းဘက် ပြန်မရောက်ခင် ပိုဆိုးလာဖို့ရှိပါတယ်။ ဒီလိုပြောရတာ ကျွန်တော်လည်း ဘဝင်မကျပါဘူး။ တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာ မနေနိုင်တဲ့ အခြေအနေမျိုးမှာ နှာခေါင်းစည်း တပ်ဆင်ကြဖို့၊ နှာခေါင်းစည်းဆောင်ကြဖို့ ပြည်သူအားလုံးကို တိုက်တွန်းပါတယ်။ နှာခေါင်းစည်းတပ်ရတာ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ အကျိုးသက်ရောက်မှုတော့ ရှိပါတယ်''ဟု ဒေါ်နယ်ထရမ့်က ပြောသည်။ ဒေါ်နယ်ထရမ့်မှာ မိန့်ခွန်းပြောနေစဉ် အိတ်ထဲမှ နှာခေါင်းစည်းကို ထုတ်ယူခဲ့သော်လည်း တပ်ဆင်ခဲ့ခြင်း မရှိပေ။
Ref:BBC(KNT)