ရန်ကုန် ဇူလိုင် ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)တွင် ကိုဗစ်ကာလအတွင်း တိုင်းရင်းသားလူမျိုးများ၏ ရိုးရာစစ်စစ်ဟင်းလျာအမျိုးမျိုးချက်ပြုတ်မှု TV Program ကို ရိုက်ကူးထုတ်လွင့် ရန်စီစဉ်နေပြီး ကိုဗစ်ကာလလွန်မြောက်၍ တိုင်းရင်းသားကျေးရွာဖွင့်လှစ်မည်ဆိုလျှင် လာရောက်လည်ပတ်သူများအနေဖြင့် တိုင်းရင်းသားလူမျိုးများ၏ ရိုးရာဝတ်စုံများဖြင့်ချက်ပြုတ်နေမှုကို အနီးကပ်လေ့လာနိုင်ပြီး အစားအစာဟင်းလျာများမှာယူစားသောက်နိုင်မည်ဖြစ်ကြောင်းပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရုံးတာဝန်ခံရုံးမှသိရသည်။
" ဒီကိုဗစ်ကာလအတွင်းမှာပဲရအောင် အကောင်အထည်ဖော်စီစဉ်သွားမယ်ကျွန်တော်တို့တိုင်းရင်းသားကျေးရွာ(ရန်ကုန်)မှာ ဘယ်သူမှလည်းမရိုက်ဖူးသေးတဲ့ တိုင်းရင်းသားရိုးရာအစားအစာစစ်စစ်ပေါ့ ချက်ပြုတ်မှုပုံစံတွေနဲ့ရိုက်ကူးတဲ့ TV Program ကိုအကောင်အထည်ဖော်သွားမယ်။ တိုင်းရင်းသားတွေက သူတို့ ရဲ့ရိုးရာဝတ်စုံတွေဝတ်ဆင်ပြီး လူမျိုးအလိုက်ပေါ့ တိုင်းရင်းသားတွေရဲ့ရိုးရာ အစားအစာတွေချက်ပြုတ်တာတွေ ရိုးရာစစ်စစ်ချက်ပြုတ်နည်းတွေကိုပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့်သိအောင်နဲ့ တိမ်မြုပ်ပျောက်ကွယ်မှုမရှိအောင်အသိပေးနိုင်ဖို့ ဒီ TV Program ကိုအကောင်အထည်ဖော်တာပါ။ ရိုက်ကူးမှုတွေ လုပ်ပြီးရင်လည်း ရုပ်သံလိုင်းတွေမှာလွှင့်ပေးသွားမယ်။ တိုင်းရင်းသားကျေးရွာပြန်ဖွင့်ပြီဆိုရင် လာရောက်တဲ့သူတွေ အနေနဲ့လူမျိုးအလိုက် ရိုးရာဝတ်စုံတွေနဲ့ရိုးရာဟင်းလျာအစားအစာတွေချက်ပြုတ်တာကို လက်တွေ့မြင်ရမယ်။ စားရမယ်ပေါ့ ဒီအစီအစဉ်တွေကို လက်ရှိမှာတော့ဆောင်ရွက်နိုင်ဖို့လုပ်နေပါတယ်"ဟု ပြည်ထောင်စုတိုင်းရင်း သားကျေးရွာ(ရန်ကုန်) ရုံးတာဝန်ခံ ဒုတိယညွှန်ကြားရေးမှုးဦးပြည့်ဟိန်းနိုင်က ပြောသည်။
ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)တွင် ယခုကိုဗစ်ကာလအတွင်း မွန်ရိုးရာအစားအစာများ ဖြစ်သော ကြက်သောက်ဆမ်း၊ငါးစင်းကော၊ငါးနှပ်ချက်၊သစ်တိုသီးဝက်သားချက်၊ငါးကြက်ပေါင်းသီးချက် စသော ဟင်းလျာများ၊ ရခိုင်ရိုးရာအစားအစာဖြစ်သော သနပ်သုပ်၊ ငါးသောက်ဆမ်း၊ ပဲကြာဆံသုပ်ဟင်းလျာ များ၊ရှမ်းရိုးရာအစားစာများဖြစ်သော မုန်ညင်းစော၊ရှမ်းထမင်းဝါ၊ ရှမ်းခေါပုတ်ဟင်းလျာများ၊ကချင်ရိုးရာအစားအစာဖြစ်သော ဝက်သားကျောက်ဖရုံလီဆူးဟင်းလျာ၊အမဲသားထောင်း၊ အမဲသားကချင်ချက် ဟင်းလျာများ၊ ဗမာရိုးရာအစားအစာများဖြစ်သော အညာသခွတ်ပွင့်သုပ်၊ မြန်မာဘိန်းမုန့်၊ အညာဝက်သားပုန်း ရည်ကြီးချက်ဟင်းလျာများ၊ချင်းရိုးရာအစားအစာများဖြစ်သော ဆာဗူးသီး၊နွားနောက်သုပ် ဟင်းလျာ၊ကရင်ရိုးရာအစားအစာများဖြစ်သော ပိန်းဥမျှစ်ချဉ်ဟင်း၊ကရင်ရိုးရာငါးပေါင်းထုပ်ဟင်းလျာ၊ကယားရိုးရာ အစား အစာဖြစ်သော ကယားဟင်းထုတ်၊ငါးထမင်းနယ်၊ဝက်ရိုးမျှစ်ချဉ်ဟင်းရည်၊ငါးသောက်ဆမ်း၊ဝက်သား စင်း ကောကြော်စသော ရိုးရာဟင်းလျာများကို တိုင်းရင်းသားလူမျိုးများက ရိုးရာဝတ်စုံများဝတ်ဆင်ပြီး ချက်ပြုတ်သွားမည့်အစီအစဉ်ကို TV Program ရိုက်ကူးကာ ထုတ်လွှင့်မည်ဖြစ်သည်။ ထို့ပြင် ကိုဗစ်ကာလလွန်မြောက်ပြီး တိုင်းရင်းသားကျေးရွာပြန်လည်ဖွင့်လှစ်မည်ဆိုလျှင်လည်း လာရောက်လည်ပတ်သူများအနီးကပ်လေ့လာကာရိုးရာအစားအစာဟင်းပွဲများ မှာယူစားသောက်နိုင်မည်ဖြစ်ကြောင်းသိရသည်။
မင်းခ