ရန်ကုန် ဇူလိုင် ၂၂
ရန်ကုန်တိုင်းဒေသကြီး၏ YBS ကားများတွင် ကတ်ဖြင့်ငွေပေးချေသည့် စနစ်ကို ဇူလိုင်လ ၂၁ ရက်တွင် စတင်မည်ဖြစ်ခြင်းကြောင့် ဇူလိုင် ၁၆ ရက်မှစ၍ Yangon Payment Service - YPS ကတ် ၂ သိန်း ကျော်ဖြန့်ဝေရောင်းချရာ စိတ်ဝင်စားသူအများအပြား လာရောက်ဝယ်ယူလျက်ရှိကြောင်း သိရသည်။
"ရောင်းတဲ့နေ့ကစပြီး စိတ်ဝင်စားကြပါတယ်။ ဆိုင်တွင်လည်း လာမေးမြန်းပြီး ဝယ်သွားသူတွေ လည်းများတယ်။ တစ်မနက်တည်းကို ကတ် ၄၀ ကျော်လောက် ရောင်းကုန်သွားပါပြီ"ဟု ကျောက်တံတား မြို့နယ် YPS ကတ်ရောင်းချနေတဲ့ G&G မှ အရောင်းတာဝန်ရှိသူ တစ်ဦးကပြောခဲ့သည်။
YBS ဘတ်(စ်)ကားများပေါ်တွင် ကတ်ဖြင့်ငွေပေးချေသည့် YPS ကတ်များကို G&G စတိုးဆိုင် ၁၀၂ ဆိုင်နှင့် YPS Service Center ၃ ခုတွင် ကတ်တစ်ကတ်ကို ၂၀၀၀ ကျပ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး ငွေဖြည့်သွင်းခြင်းကို အနည်းဆုံး ၁၀၀၀ ကျပ်မှ အများဆုံး ၅၀၀၀၀ ကျပ်အထိ ထည့်သွင်းနိုင်ကြောင်း Asia Starmar Transport Intelligent ကုမ္ပဏီမှ သိရတယ်။
"ပထမဆုံး ယင်းစနစ်စတင်စမ်းသပ်အသုံးပြုတဲ့အတွက်ကြောင့် သြဂုတ်လ ၁၅ ရက်အထိ ကတ်အတွင်း ငွေ ၅၀၀၀ ဖြည့်တင်းရင် YPS ငွေဖြည့်ကတ်တစ်ကတ်ကို အလကားပေးသွားမှာဖြစ်ပါတယ်။ ကတ်တွေက ဒီလထဲ နှစ်သိန်းခွဲလောက် ဖြန့်ဝေထားပါတယ်"ဟု Asia Starmar Transport Intelligent ကုမ္ပဏီမှ တာဝန်ရှိသူ ဒေါ်ရီရီခင်ကပြောကြားခဲ့ကြောင်း သိရသည်။
ဘတ်(စ်)ကားစီးနင်းသူများက YPS ကတ်ကို အသုံးပြုမည်ဆိုပါက ဘတ်(စ်)ကားပေါ်တက်ရာတွင် အရှေ့တံခါး၌ တပ်ဆင်ထားသည့် BUS Validator စက်တွင် ကတ်ကိုထိရမည်ဖြစ်ပြီး ဘတ်(စ်)ကား ပေါ်မှပြန်ဆင်းရာတွင်လည်း အနောက်တံခါး၌ တပ်ဆင်ထားသည့် BUS Validator စက်တွင် ထပ်မံထိပေးမှ စီးနင်းသည့်ခရီးစဉ်၏ ကျသင့်မှုနှုန်းထားကို ဖြတ်တောက်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မြင့်ဌေး(မြို့တော်သတင်း)