ဇူလိုင် ၁၈
မက္ကဆီကိုကြယ်ပွင့် ဆောလ်ကန်နယ်လိုအယ်ဗာရက်ဇ်ရဲ့ ပြိုင်ဘက်အဖြစ် ရွေးချယ်ခြင်းမခံရခဲ့ရင်တော့ ဘီလီဂျိုးဆောင်ဒါနဲ့ မကျေပွဲထပ်မံထိုးသတ်ရန်ဆန္ဒရှိနေတယ်လို့ ဗြိတိန်ဘင်တန်ဝိတ်တန်းလက်ဝှေ့ ချန်ပီယံ ဂျွန်ရိုက်ဒါက ပြောဆိုခဲ့ပါတယ်။ ဂျွန်ရိုက်ဒါရဲ့ပွဲစီစဉ်သူ အက်ဒီဟမ်းက စက်တင်ဘာလထဲမှာ ဆောလ်ကန်နယ်လိုအယ်ဗာရက်ဇ်နဲ့ ယှဉ်ပြိုင်ထိုးသတ်ပွဲဖြစ်မြောက်ဖို့ မက္ကဆီကိုကြယ်ပွင့်ရဲ့ ကိုယ်စားလှယ် အဖွဲ့နဲ့ ညှိနှိုင်းဆွေးနွေးလျက်ရှိပါတယ်။ တကယ်လို့ ဆောလ်ကန်နယ်လိုအယ်ဗာရက်ဇ်နဲ့ ပွဲစဉ်အတွက် ညှိနှိုင်းမှုအဆင်မပြေဖြစ်ခဲ့ရင် ဘီလီဂျိုးဆောင်ဒါနဲ့ နောက်တစ်ပွဲ ထပ်မံရင်ဆိုင်ထိုးသတ်လိုတယ်လို့ ဂျွန်ရိုက်ဒါက ပြောဆိုခဲ့ပါတယ်။
“ဒီမှားယွင်းနေတာတွေအားလုံးမှန်သွားအောင် ကျွန်တော်ပြောင်းလဲပစ်ချင်ပါတယ်။ ဘီလီဂျိုးနဲ့ပွဲဖြစ်ဖို့ နီးစပ်မယ်လို့ကျွန်တော်ထင်ပါတယ်။ သူအဆင်သင့်ဖြစ်နေမယ်လို့ ကျွန်တော်ယုံကြည်နေသလို သူလဲ ကျွန်တော့်နည်းတူယုံကြည်နေပါလိမ့်မယ်။ ကျွန်တော်ကတော့ ချန်ပီယံတိုင်းနဲ့ယှဉ်ပြိုင်ထိုးသတ်ချင်နေတဲ့ သူပါ”လို့ ဂျွန်ရိုက်ဒါကပြောခဲ့ပါတယ်။
(SO)