ရန်ကုန် ဧပြီ ၁၁ Coronavirus Disease 2019(COVID-19) ကာကွယ်၊ထိန်းချုပ်၊ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီမှ သင်္ကြန်ကာလအတွင်း ပုံမှန်ဝင်ငွေမရရှိသောအခြေခံပြည်သူတို့အား စားသောက်ကုန်ငါးမျိုးကို ဧပြီ ၁၀ ရက်နေ့မှ စတင်၍ ပေးဝေရန် ပြည်သူများကို အသိပေးခဲ့ပြီး ဧပြီ ၁၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးတွင် လူဦးရေအများဆုံး မြို့နယ်တစ်ခုဖြစ်သော လှိုင်သာယာမြို့နယ်၌ အမှတ်(၆)ရပ်ကွက်အား စတင်ပေးဝေခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ အခြေခံပြည်သူတို့ကို စားသောက်ကုန်များပေးဝေခဲ့ကြောင်း သိရသည်။ “ ယနေ့ လှိုင်သာယာမြို့နယ်(အရှေ့ပိုင်း)ကို စပြီးပေးဝေပါတယ်။ အမှတ်(၆)ရပ်ကွက်က အိမ်ထောင်စု ၁၁၉၂ စုကို စပြီးဝေပါတယ်။ ကျန်တဲ့ရပ်ကွက်၊ ကျေးရွာတွေကို ပစ္စည်းရောက်တာနဲ့ ဆက်ပြီးပေးဝေသွားမှာပါ” ဟု မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ဆွေက ပြောသည်။ လှိုင်သာယာမြို့နယ်တွင် အခြေခံပြည်သူအိမ်ထောင်စု ၄၇၅၇၉ စုအားစားသောက်ကုန်များ ဆက်လက် ပေးဝေသွားမည်ဖြစ်ပြီး အိမ်ထောင်စု ၈၀ဝဝဝ ကျော်ရှိသော လှိုင်သာယာ(အနောက်ပိုင်း)မှ စာရင်းရရှိသော အခြေခံပြည်သူ ၃၂၂၇ဝ ဦးအား ဧပြီ ၁၁ ရက်နေ့မှစတင်ပေးဝေမည်ဖြစ်ရာ ဧပြီ ၁၀ ရက်တွင် လှိုင်သာယာ (အရှေ့ပိုင်း)မှ (၆)ရပ်ကွက်အား စတင်ပေးဝေခြင်းဖြစ်သည်။ “လှိုင်သာယာ(အရှေ့ပိုင်း)က လူဦးရေများတော့ ၄၂ ရာခိုင်နှုန်းရှိပြီးတော့ ကျွန်တော်တို့ အနောက်ပိုင်းက ၃၉ ရာခိုင်နှုန်းရှိတယ်။ ရွှေပြည်သာက ၃၇ ရာခိုင်နှုန်းရှိပြီးတော့ ကျန်တဲ့မြို့နယ်တွေက ၃၀ ရာခိုင်နှုန်းအောက်ပဲ ရှိတယ်။ ဒါကြောင့် စာရင်းကောက်ပြီး အိမ်ထောင်စုများတဲ့ လှိုင်သာယာ(အရှေ့ခြမ်း)ကို ပထမဆုံးပေးဝေတာပါ။ မနက်ဖြန် အနောက်ပိုင်းစပြီးဝေသွားမှာပါ။ ဒီကာလမှာ အားလုံးစည်းစည်းလုံးလုံးနဲ့ ကျော်ဖြတ်ဖို့တော့လိုပါတယ်” ဟု လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းက ပြောသည်။ ဧပြီ ၁၀ ရက်က လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ အမှတ်(၆)ရပ်ကွက်မှ အခြေခံပြည်သူအိမ်ထောင်စု ၁၁၉၂ စုအား နေ့လယ်ပိုင်းမှစ၍ ပေးဝေခဲ့ရာ ပြည်သူတို့ ကျေနပ်အားရလျက်ရှိပြီး ကျန်ရပ်ကွက်၊ ကျေးရွာများအား ဆက်လက်ပေးဝေမည်ဖြစ်၍ အရှေ့ပိုင်းနှင့် အနောက်ပိုင်းရှိ စာရင်းကောက်ယူထားသော ရပ်ကွက်၊ ကျေးရွာ တို့မှ အခြေခံပြည်သူတို့အား ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် ကြက်သွန် စသော စားသောက်ကုန်ငါးမျိုးကို ဆက်လက် ပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။ ဓာတ်ပုံ - ကနူး၊ (၁၁၂)