ဧပြီ ၁၀၊ ဆားနား ရန်ပုံငွေအခက်အခဲကြောင့် ယီမင်နိုင်ငံရှိ ဒေသများအတွက် အထောက်အပံ့ပစ္စည်းပေးပို့မှုကို ကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ်က တစ်ဝက်လျှော့ချရမည်ဟု ဘီဘီစီသတင်းဌာနက ဖော်ပြသည်။ အထောက်အပံ့ပစ္စည်း ပေးပို့မှုအပေါ် ဟူသီလက်နက်ကိုင်များက နှောင့်ယှက်ဟန့်တားမည်ကို စိုးရိမ်သည့် အတွက် အလှူရှင်အချို့က အထောက်အပံ့ပစ္စည်းပေးပို့မှုကို ရပ်နားထားကြောင်း ကုလသမဂ္ဂက ပြောသည်။ ဧပြီလလယ်ကစ၍ အဆိုပါဒေသရှိ မိသားစုများအနေဖြင့် လစဉ်လတိုင်း အထောက်အပံ့ပစ္စည်း ရတော့မည် မဟုတ်ဘဲ တစ်လခြားတစ်ခါသာ ရရှိမည်ဟု ဆိုသည်။ ယီမင်စစ်ပွဲမှာ ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာထောက်ထားမှု ကပ်ဘေးဆိုက်မှုဖြစ်စေသည်ဟု သတ်မှတ်ထားသည်။ ၄ နှစ်ကျော် ကြာမြင့်နေသည့် ယီမင်စစ်ပွဲကြောင့် လူ ၁၀၀၀၀၀ ကျော် သေဆုံးခဲ့သည်ဟု သတင်းများက ဖော်ပြသည်။ ကုလသမဂ္ဂ အေဂျင်စီဖြစ်သည့် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်မှာ လစဉ်လတိုင်း ယီမင်နိုင်ငံသား ၁၂ သန်းကျော်ကို ကျွေးမွေးစောင့်ရှောက်လျက်ရှိသည်။ အဆိုပါ လူ ၁၂ သန်းအနက် ၈၀ ရာခိုင်နှုန်းကျော်မှာ ဟူသီလက်နက်ကိုင်များ ထိန်းချုပ်ထားသည့် နေရာများတွင် နေထိုင်သူများ ဖြစ်သည်။ Ref:BBC(KNT)