နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အဖြူအစိမ်းများနှင့် ပြန်လည်သက်ဝင်လာတော့မည့် အခြေခံပညာကျောင်းများ

ရန်ကုန် ဇူလိုင် ၁၇


မြန်မာနိုင်ငံမှ အခြေခံပညာအထက်တန်းကျောင်းများအားလုံးကို ဇူလိုင် ၂၁ရက်တွင် ပြန်လည်  ဖွင့်လှစ်သွားမည် ဖြစ်ပြီး မူလတန်းနှင့် အလယ်တန်း ကျောင်းများမှာမူ အနည်းငယ် နောက်ကျ၍ သြဂုတ်လ ၄ရက်နေ့ တွင် ပြန်လည် ဖွင့်သွားမည်ဖြစ်ပြီး ကျောင်းစတင်အပ်နှံနိုင်သောနေ့များမှာ အခြေခံပညာ အထက်တန်းကျောင်းများအတွက် ဇူလိုင် ၁၃ ရက်မှ ၁၇ ရက်အထိ၊ အခြေခံပညာ အလယ်တန်း ကျောင်းများအတွက် ဇူလိုင် ၂၇ ရက် မှ ၃၁ ရက်အထိ၊ အခြေခံပညာမူလတန်း ကျောင်းများအတွက်        သြဂုတ် ၄ ရက်မှ ၇ ရက်အထိ ဖြစ်သည်။

ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏ အုပ်ထိန်းသူ၊ မိဘဆရာသမားများအနေဖြင့် ခက်ခဲသော နှစ်တစ်နှစ်ဟုဆိုရမည့် ယခုနှစ်ကျောင်းပြန်ဖွင့်ချိန်သည် ယခင်ကနှင့်မတူ ရောဂါပိုးကူးစက်မှု မရှိစေရန် ခပ်ခွာခွာနေခြင်းစသည့် အလေ့အကျင့်များ ကျင့်သုံးရင်း လက်သန့်ဆေးများနှင့် နှာခေါင်းစည်းများ ဝယ်ယူရခြင်း စသည့် ကုန်ကျမှုများစွာရှိမည်ဖြစ်သည်။


နှစ်စဉ် ဇွန်လရောက်တိုင်းကျောင်းများ မဖွင့်မီ မိခင်များသည် သားသမီးများ၏ စာသင်နှစ်ကာလတွင် အခက်အခဲမရှိ တက်ရောက်နိုင်စေရန် ကျောင်းဝတ်စုံများ၊ စာရေးကိရိယာများ  ဝယ်ပေးခြင်း၊ ကျောင်းပို့၊ ကျောင်းကြို၊ ကျူရှင်များ စသဖြင့် ကြိုတင်ပြင်ဆင်ပေးလေ့ရှိကြသည်။ မိဘများသည်မိမိတို့ သားသမီးများ အဆင်ပြေပြေ ချောချောမွေ့မွေ့ ကျောင်းတက်နိုင်စေရန်အတွက် ဂုဏ်ယူစွာ စီမံပေးတတ်ကြသည်။ စာသင်နှစ် ကာလတလျှောက် အထူးသဖြင့် မိုးရာသီတွင် ကျောင်းဝတ်စုံလုံလုံလောက်လောက် ရှိစေချင်ကြသည်။ ကျောင်းဝတ်စုံ ၂စုံ၊ ၃စုံမျှသာရှိသော မပြည့်စုံသော မိသားစုများအဖို့ မိုးရာသီတွင် ထိုဝတ်စုံများကို အလဲလှယ်သန့် ရှင်းအောင်လျှော်ဖွပ် ၍ ကျောင်းတက်ကြရသည်။

“ကျွန်မ သားသမီးသုံးယောက်လုံးအတွက်တော့ ကျောင်းဝတ်စုံအသစ်တွေ မဝယ်ပေးနိုင်ပါဘူးရှင်။ တစ်ပတ်မှာ ၃ ရက်လောက်ပဲ ကျောင်းဝတ်စုံဝတ်ကြရတယ်။ သူတို့လေးတွေကို ကျောင်းဝတ်စုံဖြူဖြူ သန့်သန့်လေးတွေနဲ့ ကျောင်းတက်စေချင်တာပေါ့။ ရှိတဲ့ အင်္ကျီဖြူတွေက မဲနယ်တွေနဲ့ လျှော်ပါများတော့ ပြာတောင်နေပြီ။” ဟု ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ အောင်ကန်လှိုင်ရွာမှ ကလေးသုံးယောက် မိခင် နေ့စားလယ်လုပ်သမဖြစ်သူ ဒေါ်လှလှအေးက ပြောသည်။


“ကျွန်တော်တို့ကျောင်းမှာ ဒီရွာနဲ့ အနီးတဝိုက် ရွာတွေကလာတက်တဲ့ အလယ်တန်းနဲ့ မူလတန်း ကျောင်းသားပေါင်း ၂၀၀ - ၂၅၀ ပတ်ဝန်းကျင်လောက်တော့ရှိတယ်။ သူတို့ထဲက ၈၀ ရာခိုင်နှုန်းလောက်က မြို့ကြီးတွေလိုကောင်းကောင်း မဖွံ့ဖြိုးသေးတဲ့ နယ်တွေကဆင်းရဲချို့တဲ့တဲ့ မိသားစုတွေဆိုတော့ ကျောင်းဝတ်စုံအဟောင်းလေးတွေနဲ့ပဲ ကျောင်းလာကြရတယ်။ တချို့ဆို ကျောင်းဝတ်စုံတောင် နေ့တိုင်း မဝတ်နိုင်ကြရှာဘူး။ အထူးသဖြင့် မိုးရာသီမှာပေါ့။ ဒါကြောင့် သူတို့ ဒီကျောင်းအင်္ကျီကိုဘဲ ထပ်ခါထပ်ခါ မဝတ်ရအောင်တခြား အင်္ကျီတွေလည်း ဝတ်ခွင့်ပြုထားပါတယ်။” ဟုအောင်ကန်လှိုင်ရွာမှ အမှတ်(၁)၊ အခြေခံပညာ အလယ်တန်းကျောင်းမှ တာဝန်ခံကျောင်းဆရာ ဦးအောင်ကိုလတ်မှ ပြောသည်။

မြန်မာပြည်၏ ချစ်စရာဓလေ့ တစ်ခုဟု ဆိုရမည့် ခက်ခဲကျပ်တည်းသော အချိန်ကာလများတွင် မရှိ ချို့တဲ့ သူများ၏ ပညာရေးစရိတ်သက်သာစေရန် ရည်ရွယ်၍ အိမ်နီးချင်း၊ ဆွေမျိုးသားချင်းများက အင်္ကျီ အဟောင်းလေးများကို ပေးကမ်းဝေမျှတတ်ကြသည်။

နိုင်ငံတော်အစိုးရ မှ ထုတ်ပြန်ထားသော သတင်းအချက်အလက်များအရ မြန်မာနိုင်ငံတွင် ခန့်မှန်းခြေ ကျောင်းသား ဦးရေပေါင်း ၉ဒသမ၂၆ သန်း နှင့် အခြေခံပညာ ကျောင်းပေါင်း ၄၇၃၆၅ ကျောင်းရှိသည်။


အများစုမှာ ပညာရေးဝန်ကြီးဋ္ဌာန လက်အောက်ရှိ အခြေခံပညာရေးဋ္ဌာနမှ စီမံခန့်ခွဲလျက်ရှိသည်။ ထို့အပြင် ကျောင်းသား၊ ကျောင်းသူ ရာခိုင်နှုန်းအတော်များများမှာ ဘုန်းတော်ကြီးပညာသင်ကျောင်း၊ ပုဂ္ဂလိကကျောင်းများ၊ ရပ်ရွာလူထုနှင့် တိုင်းရင်းသားပညာရေးကျောင်းများမှတဆင့် အခြေခံပညာ သင်ကြားနေကြသူများ ဖြစ်သည်။

မြန်မာနိုင်ငံရှိ ကျောင်းများ အတွက်တရားဝင်စတင်ရက်သည် နှစ်စဉ်ဇွန်လ (၁)ရက်နေ့ ဖြစ်သည်။ ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် လိုအပ်ပြီး၊ ရောဂါထိန်းချုပ်ပြီးသည့် နောက်မှသာ ကျောင်းများကို ပြန်လည် ဖွင့်ရန် စောင့်ဆိုင်းရမည်မှာ ထင်သလောက် မလွယ်ကူပါ။ သို့ဖြစ်ပါ၍ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ကျောင်းများကို အမြန်ဆုံး ပြန်လည်ဖွင့်လှစ်ပါက COVID-19 စည်းမျဉ်းများနှင့်အညီလိုအပ်သော ပြောင်းလဲမှုများကို  လိုက်နာဆောင်ရွက်ကြရန်ပြောကြားထားခြင်း ဖြစ်ကြောင်းသိရသည်။


AMH (မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ