နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လူမှုစီးပွားဘဝ တိုးတက်စေချင်

ရန်ကုန်   ဇူလိုင်   ၁၁


ကမ္ဘာ့လူဦးရေသည် လာမည့် ၂၀၅၀ ပြည့်နှစ်တွင် ကိုးဘီလျံမှ တစ်ဆယ်ဘီလျံအထိ တိုးပွားလာနိုင်သည်ဟု ကမ္ဘာ့ပညာရှင်များက ခန့်မှန်းထားကြသည်။ ကမ္ဘာ့လူဦးရေသည် ယနေ့ကမ္ဘာကြီးတွင် ခုနစ်ဘီလျံအထိ ရောက်ရှိနေပြီဖြစ်သည်။

နှစ်စဉ်တိုးပွားလျက်ရှိသော ကမ္ဘာ့လူဦးရေသည် စားနပ်ရိက္ခာလိုအပ်ချက် မလုံလောက်မှုပြဿနာများ အစဉ်ခြိမ်းခြောက်လျက်ရှိသည်။ ယနေ့ကမ္ဘာတစ်ဝန်း၌ စားနပ်ရိက္ခာဖူလုံရေး၊ အာဟာရပြည့်ဝစေရေးနှင့် ဆင်းရဲ ငတ်မွတ်မှုတိုက်ဖျက်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေသည်ကို တွေ့ရသည်။ ဇူလိုင် ၁၁ ရက်နေ့သည် ကမ္ဘာ့ကုလသမဂ္ဂမှ သတ်မှတ်ထားသော ကမ္ဘာ့လူဦးရေနေ့ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့လူဦးရေနေ့ဆောင်ပုဒ်အဖြစ် COVID-19 ကာလမှာ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ ကျန်းမာရေး နှင့် အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပါဟု သတ်မှတ်ထားသည်။

လူဦးရေတိုးတက်မှုနှုန်းထားကို ကြည့်လျှင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ လူဦးရေတိုးတက်မှုနှုန်းထားမှာ အမြင့်ဆုံး ဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများမှ စီးပွားရေးနှင့် လူမှုရေးပြဿနာများ ပိုမိုကြုံတွေ့လာကြရသည်။ သို့ဖြစ်ရာ ဆင်းရဲ နွမ်းပါးမှု၊ လူဦးရေတိုးတက်မှုနှင့် နိုင်ငံများ၏ စီးပွားရေးအင်အားတို့မှ ချိတ်ဆက်လျက်ရှိသည်။ လူဦးရေပေါက်ကွဲ မှုပြဿနာကို ကမ္ဘာ့ကုလသမဂ္ဂက ဦးဆောင်ပြီး လူဦးရေပြဿနာများကို ဖြေရှင်းဆောင်ရွက်လျက်ရှိသည်။


မြန်မာနိုင်ငံတွင် စားနပ်ရိက္ခာဖူလုံရေးနှင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝတိုးတက်ဖွံ့ဖြိုးရေး လုပ်ငန်းများကို နိုင်ငံတော်အစိုးရက ဦးစားပေးဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်အစိုးရသည် လက်ရှိကာလ တွင် ၅၄ သန်းကျော်ရှိသော လူဦးရေအတွက် စားနပ်ရိက္ခာဖူလုံလျက်ရှိသော်လည်း နောင်တိုးပွားလာမည့် လူဦးရေသန်း ၁၀၀ အတွက် ရေရှည်မျှော်မှန်းဆောင်ရွက်လျက်ရှိသည်။ ကြီးမားကျယ်ပြန့်လျက်ရှိသော COVID-19 ကပ်ရောဂါသည် ကမ္ဘာကြီးတစ်ခုလုံး၏ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေးနှင့် လူနေမှုစနစ်ကြီး တစ်ခုလုံးကို ဖျက်ဆီးလျက်ရှိသည်။

လယ်ယာကဏ္ဍသည် နိုင်ငံတော်၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းစဉ်တွင် အရေးပါသောလုပ်ငန်းဖြစ်ပြီး နိုင်ငံလူဦးရေ ၇၀ ရာခိုင်နှုန်းခန့် အသက်မွေးဝမ်းကျောင်းပြုနေသော ကျေးလက်နေ ပြည်သူများ၏ လူနေမှုအဆင့်အတန်းကို တိုးတက်ဖော်ဆောင်ပေးနိုင်စွမ်းရှိသည်။ နိုင်ငံတော် သည် စီမံကိန်းအမျိုးမျိုးကို ကျေးလက်ဒေသများတွင် ဖော်ဆောင်လျက်ရှိရာ ကျေးလက်ပြည်သူလူထုစီးပွားဖွံ့ဖြိုးမှု အတွက် အလေအလွင့်မရှိစေဘဲ ထိထိရောက်ရောက် အားသွန်ခွန်စိုက် လုပ်ကိုင်ကြရန် လိုအပ်သည်။


သို့ဖြစ်ရာ COVID-19 ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာသော လူမှုစီးပွားစိန်ခေါ်မှုများကို ကျေးလက်နေ ပြည်သူများ၏ စွမ်းပကားဖြင့် ကျော်လွှားနိုင်ရေး အင်အားစုများတွင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် ပါဝင်လျက်ရှိရာ ယင်းတို့၏ ကျန်းမာရေးနှင့် အခွင့်အရေးများကို အလေးထားဂရုပြု ကာကွယ်စောင့်ရှောက်စေချင်ကြောင်း ။            ။






အခြားဆက်စပ်သတင်းများ