နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပိုနိမ့်ကျကမ်းပြိုခဲ့သည့် ကမ်းနားတာ ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ၉၅ ရာခိုင်နှုန်းပြီးစီး

ညောင်တုန်း   ဇူလိုင်    ၁၁


ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့လယ် ၂၁ လမ်းမှ ၂၃ လမ်းအထိ ကမ်းနားတာသည် ၁၂ ပေ ကျော်ခန့်နိမ့်ကျခဲ့ရာမှာ ကမ်းထိန်းကာကွယ်ရေးလုပ်ငန်းများလုပ်ဆောင်ခဲ့ရာ ဇူလိုင် ၈ ရက်တွင် ၉၅ ရာခိုင် နှုန်းပြီးစီးပြီဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

"အခုပြုပြင်ရေးလုပ်ငန်းလုပ်ခဲ့တဲ့ ကမ်းနားတာဟာ ဇန်နဝါရီ ၈ ရက်ကစတင်ပြီး  အက်ကွဲကြောင်းများ ဖြစ်ပေါ်လာပြီး သိသိသာသာနိမ့်ကျခဲ့ပြီးနောက် လူနေအိမ်တွေနဲ့နီးလို့ စောင့်ကြည့်ရတဲ့အခြေအနေများ ရှိခဲ့တယ်၊ စာသင်ကျောင်း ၁ ကျောင်းကို ပြောင်းရွှေ့ခဲ့ရပါတယ်၊ အခုပြုပြင်ရေးလုပ်ငန်းတွေ ၉၅ ရာခိုင်နှုန်း ခန့်ပြီးစီးနေပါပြီ၊ လုပ်ငန်းအားလုံးကို ဇူလိုင်လမှာ ပြီးစီးအောင်လုပ်မယ်၊ လုပ်ငန်းတွေကိုစနစ်တကျလုပ်ဖို့  အဆင့်ဆင့်သောပုဂ္ဂိုလ်တွေကို မှာကြားထားတယ်"ဟု ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးကပြောသည်။

အဆိုပါ ကမ်းနားတာ အက်ကွဲနိမ့်ကျမှုကို ကွန်ကရစ်ဘိုးပိုင်အခြေပြု ကမ်းထိန်းနံရံတည်ဆောက်ခြင်းနှင့် အထွေထွလုပ်ငန်းများကို နယ်သာလန်နိုင်ငံမှ ပညာရှင်များနှင့်  မြို့နယ်ရေအရင်းမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့မှ ပူးပေါင်းကာ ၂၀၂၀ ပြည့်နှစ်၊ မတ် ၁၀ ရက်မှစတင်ကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


"မိုးမကျမီ ကာကွယ်ရေးတွေလုပ်တော့ စိုးရိမ်မှုတွေလျော့နည်းသွားပါတယ်၊ စိတ်အေးချမ်းရမယ့် တည်ဆောက်ရေးတွေဖြစ်ဖို့လည်း မျှော်လင့်ပါတယ်၊  အိမ်တွေဖျက်သိမ်းပြောင်းရွှေ့ရတဲ့အထိ  ဖြစ်လာနေ တာပါ အခုတော့လုပ်ငန်းတွေလက်စသတ်တော့မယ်ဆိုတာတွေ့ရပါတယ်၊ သဘာဝဘေးအန္တရာယ် မြေသား နိမ့်ကျမှုက အခုတစ်ကြိမ်နဲ့ဆို (၂)ကြိမ်လောက်ဖြစ်ခဲ့ပါပြီ"ဟု ညောင်တုန်းမြို့ခံ ကိုနေလင်းက ပြောသည်။

အဆိုပါ မြေအက်ကွဲသားနိမ့်ကျမှုဖြစ်ပွားခဲ့သည့်နေရာကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ဇန်နဝါရီလအတွင်းရောက်ရှိကာ စစ်ဆေးခဲ့ပြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူက ကမ်းပါးတာနိမ့်မကျခင်နှင့် နိမ့်ကျပြီးနောက်  အဆင့်ဆင့် စစ်ဆေးတိုင်းထွာချက်များကို ရှင်းလင်းတင်ပြခဲ့သေးကြောင်း သိရသည်။


ညောင်တုန်းမြို့နယ်တွင် ၂၀၁၄ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်များက ၁၂ လမ်းကမ်းနားထိပ်နှင့် ၂၀ လမ်း ကမ်းနားထိပ်တို့တွင် ကမ်းနားတာနိမ့်ကျခဲ့ပြီး ၂၀၁၉ ခုနှစ်အတွင်းကလည်း ညောင်တုန်းမြို့မြစ်ကမ်းပါး (၄)ကြိမ်အထိပြိုကျခဲ့ပြီး လူနေအိမ် ၁ လုံးပျက်စီးကာ လူနေအိမ် ၅ လုံးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ပေးခဲ့ရကြောင်း ညောင်တုန်းမြို့နယ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ သိရသည်။ 

ခရီးသွားလုလင်






အခြားဆက်စပ်သတင်းများ