နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗင်းနစ်မြို့တွင် ရွေ့လျားရေတားကိရိယာများကို ပထမဆုံးအကြိမ် စမ်းသပ်

ဇူလိုင် ၁၁၊ ရောမ


အကျင့်ပျက်ခြစားမှုနှင့် နှောင့်နှေးမှုများကြောင့် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီးနောက် ဗင်းနစ်မြို့တွင် ရွေ့လျားရေတားကိရိယာ ၇၈ ခု ပါဝင်သည့် စနစ်ကို ပထမဆုံးအကြိမ်စမ်းသပ်ခဲ့သည်။ အဝါရောင်ဆည်များဟု ခေါ်ဝေါ်ကြပြီး တစ်မိုင်ရှည်လျားသည့် Mose(Experimental Electromechanical Module)  စနစ်မှာ စွမ်းပကားကြီးမားသည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း အီတလီဝန်ကြီးချုပ် ဂူဆက်စပီကွန်တီက ပြောသည်။ ဗင်းနစ်မြို့မှာ ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် နှစ် ၅၀ အတွင်း အဆိုးရွားဆုံး ရေကြီးရေလျှံမှု ကြုံတွေ့ခဲ့ရသည်။ 


သို့သော် သဘာဝပတ်ဝန်းကျင်သမားများက ရေတားဂိတ်များကြောင့် ပင်လယ်ကြမ်းပြင် ထိခိုက်လိမ့်မည်ဟု ဆိုခဲ့ကြပြီး ပြီးခဲ့သည့်သောကြာနေ့က ဆန္ဒပြခဲ့ကြသည်။ ထို့အပြင် ဝေဖန်သူများကလည်း အဆိုပါရေတားစနစ်မှာ ၁၀ နှစ်နောက်ကျနေပြီဟု စောဒကတက်ခဲ့ကြသည်။ ၁၉၈၀ ပြည့်နှစ်များကတည်းက ဒီဇိုင်းဆွဲခဲ့သည့် Mose စီမံကိန်းကို ၂၀၀၃ ခုနှစ်တွင် စတင်ခဲ့သော်လည်း ၃ ကြိမ်တိုင်တိုင် ဘတ်ဂျက်သတ်မှတ်ချက်ထက် ကျော်လွန်ခဲ့ပြီး အကျင့်ပျက်ခြစားမှုကြောင့် အရာရှိတစ်ဒါဇင်ကျော်ကိုလည်း ဖမ်းဆီးခဲ့ရသည်။ 

ဗင်းနစ်မြို့ရှိ ရေဝင်ပေါက် ၃ ခုဖြစ်သည့် လီဒို( ရေတား ၂ ခု တပ်ဆင်)၊ မာလာမော့ကိုနှင့် ချီယော့ဂျီယာတို့တွင် ရေတားဂိတ်များ တပ်ဆင်ခဲ့ကြသည်။ အဆိုပါစနစ်အရ ဒီရေအလွန်မြင့်တက်လာပါက ရေတားဂိတ်များတွင် လေဖိအားများလာပြီး ရေအားလုံး ထွက်သွားမည်ဖြစ်၍ ရေတားဂိတ်များ အလိုလိုထောင်မတ်လာကာ ဗင်းနစ်မြို့အတွင်း ရေမဝင်အောင် ပိတ်ဆို့ပေးမည်ဖြစ်သည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ