နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာနိုင်ငံတွင် COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက် အမေရိကန်အစိုးရမှ ဒေါ်လာ ၃ သန်း ထပ်မံကူညီမည်

ရန်ကုန်  ဇူလိုင်  ၁၁


မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက် အမေရိကန်အစိုးရမှ နောက်ထပ် အမေရိကန်ဒေါ်လာ ၃ သန်း ထပ်မံအကူအညီပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံရုံးမှယခုလ ၁၀ ရက်က တရားဝင် ထုတ်ပြန်ကြေညာသည်။

အမေရိကန်နိုင်ငံအနေနှင့် မြန်မာနိုင်ငံတွင် COVID-19 ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယခု ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလမှစပြီး အကူအညီများပေးအပ်ခဲ့ရာ လက်ရှိအချိန်အထိ စုစုပေါင်းအမေရိကန်ဒေါ်လာ ၁၆ သန်းခွဲခန့် ရှိသွားပြီဖြစ်ကြောင်း သိရသည်။


ယခု နောက်ထပ်ပေးအပ်မည့်အကူအညီကို အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ(USAID)က ကူညီထောက်ပံ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံအတွင်း ရောဂါကူးစက်ပြန့်ပွားနေသော အရပ်ဒေသများနှင့် ပဋိပက္ခဖြစ်ပွားနေသော အရပ်ဒေသများမှ ဒေသခံပြည်သူများအကြား COVID-19 ကူးစက်ပြန့်နှံ့မှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လူသားချင်းစာနာသော အကူအညီအဖြစ် ကူညီ ထောက်ပံ့ခြင်းဖြစ်ကြောင်း သိရသည်။


မြန်မာနိုင်ငံတွင် ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အမေရိကန်နိုင်ငံက ရေရှည်ပူးပေါင်း ဆောင်ရွက်ကာ ကူညီထောက်ပံ့မှုများ ပေးအပ်သွားရန် ရည်မှန်းထားပြီး ယခုထပ်မံပေးအပ်မည့် အကူ အညီမှာလည်း ပဋိပက္ခဖြစ်နေသော အရပ်ဒေသများမှဒေသခံပြည်သူများအပါအဝင် မြန်မာနိုင်ငံအတွင်းမှလူသန်းပေါင်းများစွာအတွက် အထောက်အကူဖြစ်စေနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ သံရုံးယာယီတာဝန်ခံ George Sibley က ပြောသည်။

အမေရိကန်အစိုးရအနေနှင့် လွန်ခဲ့သော နှစ်ပေါင်း ၂၀ အတွင်း မြန်မာနိုင်ငံကို ကာလရှည်ကြာ အကူအညီ များပေးအပ်ခဲ့ရာ ယခုအခါ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလျံခန့်အထိ ရှိသွားပြီဖြစ်ကြောင်း သိရသည်။

                                                                                                                                 

ကိုဆောင်း(ဥက္ကလာ)






အခြားဆက်စပ်သတင်းများ