နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရေနံချောင်းမြို့နယ်ရှိ ကျေးရွာ ၁၀ ရွာ၌ Cash for Work စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည်

ရေနံချောင်း၊  ဇူလိုင် ၁၀


မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့နယ်ရှိ ကျေးရွာ ၁၀ ရွာ၌ COVID-19 ကာလအတွင်း လူမှုစီးပွားဘဝ ထိခိုက်ဆုံးရှုံးမှုများအား လျော့နည်းသက်သာစေရန်နှင့် ဒေသခံပြည်သူများ ဝင်ငွေရရှိစေရန် Cash for Work စီမံကိန်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရေနံချောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။

“ကျေးလက်နေပြည်သူတွေ COVID-19 ရောဂါကာလအတွင်း လူမှုစီးပွားဘဝထိခိုက်ဆုံးရှုံးမှုတွေ လျော့နည်း သက်သာစေဖို့နဲ့ ဝင်ငွေရရှိစေဖို့ မြို့နယ်အတွင်းက ကျေးရွာ ၁၀ ရွာမှာ Cash for Work စီမံကိန်းကို ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ လုပ်ငန်းဆောင်ရွက်မယ့်ကျေးရွာတွေမှာ COVID-19 ရောဂါကာလအတွင်း နိုင်ငံခြားမှ အလုပ်မလုပ်နိုင်တော့လို့ ရွာပြန်လာတဲ့သူတွေ၊ ရပ်ဝေးဒေသတွေမှာ အလုပ်အကိုင်မကောင်းမွန်တာကြောင့် ပြန်လာကြသူတွေ၊ ကျေးရွာရှိ အလုပ်အကိုင်မဲ့နေသူတွေကို စီမံကိန်းလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်စေပြီး ဝင်ငွေရရှိစေမှာဖြစ်ပါတယ်” ဟု ရေနံချောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးဇော်လင်းနိုင်က ပြောပြသည်။

Cash for Work စီမံကိန်းသည် ကိုဗစ်ကာလအတွင်း နိုင်ငံတော်၏ အရေးပေါ်တုံ့ပြန်ရေး အစီအစဉ် တစ်ခုဖြစ်ပြီး COVID-19 စီးပွားရေး ကုစားမှုအစီအစဉ်ကို အထောက်အကူပြုခြင်း၊ ပြည်သူများချက်ချင်းဝင်ငွေ ရရှိခြင်း၊ ကျေးရွာဖွံ့ဖြိုးရေးအတွက် လိုအပ်သည့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာခြင်းတို့ကို အထောက်အကူပြုမည့် စီမံကိန်းဖြစ်ကြောင်း သိရသည်။


“ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာတွေကတော့ လက်ခုပ်ပင်၊ ဖိုးကိုး၊ ကျောင်းရာကန်၊ မုန်ကန်၊ စမ်းကြီး၊ ရွှေကျင်ကန်၊ အုတ်လှ၊ နဂါးရွာသစ်၊ ဝက်မစွတ်၊ သစ်မြင်တော စသည့် ကျေးရွာ(၁၀)ရွာတို့ ဖြစ်ပြီး ကျေးရွာတစ်ရွာကို ခွင့်ပြုငွေ ကျပ်သိန်းတစ်ရာ ချထားပေးမှာဖြစ်ပါတယ်။ အဲဒီရန်ပုံငွေနဲ့ ကျေးရွာမှာ လိုအပ်တဲ့ ရေနုတ်မြောင်း တူးဖော်တာ၊ ကျေးရွာသောက်သုံးရေကန် ပြုပြင်တူးဖော်တာ၊ အခြေခံအဆောက်အအုံ တွေဆောက်တာ စတဲ့ ကျေးရွာဖွံ့ဖြိးရေးလုပ်ငန်းတွေကို ဆောင်ရွက်ရမှာဖြစ်ပါတယ်။ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် တစ်နေ့တာ လုပ်အားခကို ကျား၊ မ မရွေး လူတစ်ဦး ငွေကျပ် ၄၈၀၀ ကနေ ၆၀၀၀ ကျပ် သတ်မှတ်ထားပါတယ်”ဟု ဦးဇော်လင်းနိုင်က ဆက်လက်ပြောသည်။

ရေနံချောင်းမြို့နယ်ရှိ ရွှေကျင်ကန်၊ အုတ်လှ၊ နဂါးရွာသစ်၊ ဝက်မစွတ်၊ သစ်မြင်တော ကျေးရွာတို့အား ဇူလိုင်လ ၆၊ ၇၊ ၈ ရက်တို့တွင် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလှ၊ ရေနံချောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက  စီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်းခြင်း၊  ကျေးရွာနေပြည်သူများ ထောက်ခံမဲဆန္ဒများနှင့်အတူ ကော်မတီဖွဲ့စည်းခြင်း ဆောင်ရွက်ခဲ့ပြီး ယနေ့အထိ စီမံကိန်းကျေးရွာ ငါးရွာအား မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။


သန်းလွင်(မကွေး)






အခြားဆက်စပ်သတင်းများ