နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြစ်ဝကျွန်းပေါ်ပင်လယ်ကမ်းခြေတွင် ခုံးခရုများ၊ အစုလိုက်အပြုံလိုက် ပေါ်နေသော်လည်း ပြည်ပသို့တင်ပို့ရောင်းချနိုင်ခြင်းမရှိသဖြင့် ခရုကောက်သူနည်းပါးနေ

ဘိုကလေး  ဇူလိုင်   ၁၀


မြစ်ဝကျွန်းပေါ်ပင်လယ်ကမ်းခြေတွင် ခုံးခရုများ၊ အစုလိုက်အပြုံလိုက်ပေါ်နေသော်လည်း ပြည်ပသို့ တင်ပို့ရောင်းချနိုင်ခြင်းမရှိသဖြင့် ခရုကောက်ယူရောင်းချသူနည်းပါးနေကြောင်း ဘိုကလေးမြို့နယ် သောင်တာ ကျေးရွာနေ ခုံးခရုအဝယ်ဒိုင်လုပ်ငန်းပိုင်ရှင် ကိုမောင်နိုင်နှင့် ဒေသခံပင်လယ်ရေလုပ်သားများထံမှ သိရသည်။


ခုံးခရုသည် ပြည်ပဈေးကွက်ဝင် ပင်လယ်ရေထွက်ကုန်ပစ္စည်းတစ်ခုဖြစ်သည်။ မြစ်ဝကျွန်းပေါ်ပင်လယ် ကမ်းခြေဒေသ၊ ဖျာပုံခရိုင် ကဒုံကနိကျေးရွာအုပ်စု၊ သောင်သာကျေးရွာကမ်းခြေ၊ ဧရာကျေးရွာ၊ ချောင်းဝ သောင်ခုံနေရာဒေသများ၊ လပွတ္တာခရိုင် အမတ်ကြီးကွင်းပေါက်ကျေးရွာ သောင်ခုံများတွင် အများဆုံး ထွက်ရှိနေသည့် ပင်လယ်ရေထွက်ကုန်ပစ္စည်းများဖြစ်သည်။ ပြည်တွင်းဈေးကွက်များအပြင် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချပေးနေသည့် ရေထွက်ကုန်ပစ္စည်းများလည်း ဖြစ်နေသည်။ အဆိုပါခုံးခရုများကို ပင်လယ်ဒီရေကျချိန်တွင် ပင်လယ်ကမ်းခြေသဲသောင်ပြင်များတွင်မှ တူးဖော်ရောင်းချနေကြခြင်းဖြစ်သည်။ ခုံးခရု ကောက်ယူရောင်းချသည့်လုပ်ငန်းသည် အခြားသောပင်လယ်ရေလုပ်ငန်းများကဲ့သို့ လှေ၊ပိုက်နှင့် ဖမ်းယူ သည့်ကိရိယာမလိုအပ်ဘဲ သဲသောင်ပြင်ထဲသို့ တူးဖော်ရရှိနေသဖြင့် ဒေသခံလက်လုပ်လက်စား အလုပ်သမား များအတွက် အရင်းအနှီးမလိုဘဲ အသက်မွေးဝမ်းကျောင်း စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်ဆောင်ရွက် နေကြခြင်းဖြစ်သည်။ အရင်းအနှီးရှိသူများကလည်း အလုပ်သမားများငှားရမ်းကာ ခရုကောက်လုပ်ငန်းများကို လုပ်ကိုင်ခဲ့ကြသည်။ အဆိုပါကောက်ယူရရှိသည့်ခုံးခရုများကို ဒေသတွင်းအဝယ်ဒိုင်များသို့ရောင်းချကာ ဒေသ တွင်းအဝယ်ဒိုင်များမှ ရန်ကုန်မြို့ရှိ ပြည်ပပို့ကုန်လုပ်ငန်းကုမ္ပဏီများနှင့် ဒေသတွင်းဈေးကွက်များသို့ ပြန်လည် ဖြန့်ဖြူးရောင်းချပေးကြသည်။ ဒေသတွင်းအဝယ်ဒိုင်ဈေးကွက်များတွင် အခွံချွတ်ပြီး ခရုအရွယ်အစား အလိုက် တစ်ပိဿာလျှင် ၁၅၀ဝ ကျပ်မှ ၂၀ဝ၀ ကျပ်အထိ ဈေးနှုန်းရရှိနေကြောင်းသိရသည်။


ခရုကောက်ရောင်းချသူတစ်ဦးလျှင် တစ်နေ့ခရုပိဿာချိန် ၁၀ ပိသာကျော်အထိ ကောက်ယူရရှိနိုင်သဖြင့် တစ်နေ့လျှင်လုပ်အားခဝင်ငွေ တစ်သောင်းခွဲမှ နှစ်သောင်းအထိ တွက်ခြေကိုက်မှုရှိနေကြသည်။ မိသားစုများ လျှင် ပိုမို၍တွက်ခြေကိုက်ကြသည်ဟုဆိုသည်။ ခုံးခရုများသည်၂၀၂၀ ပြည့်နှစ် ဧပြီလမှစတင်ကာ ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့ အမှတ်(၃)ရပ်ကွက်၏ တောင်ဘက်ပင်လယ်ကမ်းခြေ တစ်လျှောက်တွင် ထူးခြားစွာ နေရာအနှံ့ ခုံးများကိုအစုလိုက်အပြုံလိုက်ပေါ်ထွက်လာခဲ့သည်။ မြေကြီး ထဲသို့ နှိုက်ယူရှာဖွေရန်မလိုဘဲ သဲသောင်ပြင်ပေါ်တွင်ခရုများပေါ်ထွက်လာနေခြင်းဖြစ်သည်။ ထို့ကြောင့် ဒေသခံများအပြင် အခြားဒေသများမှပင်လာရောက်ကာ ခရုကောက်နေကြသဖြင့် ခရုကောက်သူတစ်နေ့ တစ်ထောင်ကျော်အထိ ရှိနေခဲ့သည်ဟုဆိုသည်။ အဆိုပါအချိန်တွင် ပြည်ပဝယ်လက်အဝယ်တော်များ ကိုယ်တိုင် အဆိုပါဒေသသို့လာရောက်ကာ ဈေးပြိုင်ပေးဝယ်ယူခဲ့ကြသည်။ ထို့ကြောင့် ခရုများကို အသားမထွတ်ပဲ အလုံးလိုက်အခြေအနေနှင့်ပင်တစ်တင်းခွဲ ပီနံအိတ်တစ်လုံးကို ငွေကျပ်ငါးထောင်ကျပ်မှ ခြောက်ထောင်ကျပ်အထိ ပေါက်ဈေးဖြစ်လာခဲ့သည်။ ထို့ကြောင့် ဒေသခံအဝယ်ဒိုင်များ၊ ခရုလုပ်ငန်းရှင်များနှင့်လက်လုပ်လက်စား အလုပ်သမားများအတွက် တွက်ခြေကိုက်အဆင်ပြေခဲ့ကြသည်။ ထိုသို့ခရုဈေးကွက် သွက်လက်လှုပ်ရှားနေချိန်တွင် COVID-19 ရောဂါဖြစ်စဉ်ဖြစ်ရပ်များကြောင့် ကုန်သွယ်မှုလမ်းကြောင်းများ ရပ်ဆိုင်းသွားခဲ့သဖြင့် ခရုဈေးကွက်များလည်း တမဟုတ်ချင်းအေးစက်သွားခဲ့သည်။ ထို့ကြောင့်ခရုဝယ်ယူသူ မရှိတော့သဖြင့် ခရုကောက်သူများမှာ ဒေသတွင်းဟင်းစားဈေးကွက်များကိုသာ အားထားရောင်းချပေးနေကြ ရသည်။ ထို့ကြောင့် ပင်လယ်ကမ်းခြေဒေသတွင် ခရုများကို အစုလိုက်အပြုံလိုက် တွေ့ရှိနေကြရသော်လည်းကောက်ယူသူနည်းပါးနေကြောင်း သိရသည်။                                            


 ရွှေဒုံသစ္စာ






အခြားဆက်စပ်သတင်းများ