နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်ခရိုင်တွင် လယ်ဧက ၅၄၀၀၀ ကျော်ကို ချေးငွေသိန်းပေါင်း ၈၀၀၀၀ ကျော်ထုတ်ချေးမည်

ပြည်  ဇူလိုင်  ၉


ယခုနှစ် မိုးကာလ စိုက်ပျိုးစရိတ်ချေးငွေအဖြစ် ပြည်ခရိုင်တွင် လယ်စိုက်ဧက ၅၄၆ဝဝကျော်ကို စိုက်ပျိုး စရိတ်ချေးငွေ သိန်းပေါင်း ၈၀၀၀၀ကျော် ထုတ်ချေးသွားမည်ဖြစ်ကြောင်း ပြည်ခရိုင်၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။


ယခုနှစ်အတွက် စိုက်ပျိုးစရိတ်ချေးငွေများကို ပြီးခဲ့သည့် မေလ ၁၉ ရက်ကတည်းက ပြည်မြို့နယ်တွင်  လယ်တစ်ဧကကို တစ်သိန်းခွဲနှုန်းဖြင့် ထုတ်ချေးနေပြီဖြစ်သည်။ ယင်းသို့ ထုတ်ချေးခြင်းသည်  ယခင်နှစ်က ထုတ်ယူထားသည့် စိုက်ပျိုးစရိတ် ချေးငွေများ ဘဏ်သို့ ပြန်လည် ပေးသွင်းပြီးသည့် တောင်သူများကို ထုတ်ချေး ခြင်းဖြစ်ဟုသိရသည်။


"မနှစ်က ထုတ်ချေးထားတဲ့ချေးငွေကို ပြန်ဆပ်ပြီးတဲ့ တောင်သူတွေကို ချေးငွေပြန်ထုတ်ပေး တာဖြစ်တယ်။ ထုတ်ပေးတဲ့နေရာမှာ ပထမအသုတ် ဒုတိယသုတ်ဆိုပြီး တစ်သုတ်စီ ထုတ်ပေးနေတာပါ။ ပြန်ဆပ်မယ့် တောင်သူတွေကိုလည်း အစိုးရက  COVID ကာလ ဖြစ်နေတာကြောင့် တောင်သူတွေ အခက်အခဲမဖြစ်အောင် အတိုးနှုန်း ၅ ရာခိုင်နှုန်းအထိ လျှော့ချပေးထားတယ်။"ဟု ပြည်ခရိုင် ဘဏ်ခွဲမန်နေဂျာ ဒေါ်ညိုညိုစိန်က ပြောသည်။


လက်ရှိတွင်  ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် စိုက်ပျိုးရာသီက မိုးစပါးအတွက် စိုက်ပျိုးစရိတ်ချေးငွေများ ပြန်ဆပ်ရန် ရာခိုင်နှုန်းအားဖြင့် ၅၁ ရာခိုင်နှုန်းကျော်၊ ငွေကျပ်သိန်းပေါင်း သုံးသောင်းကျော် ကျန်ရှိနေကြောင်း ဇွန် ၂၅ ရက် စာရင်းအရ သိရသည်။


"အရင်ချေးငွေ မဆပ်ရသေးရင် နောက်ချေးငွေအသစ်ထုတ်မပေးဘူး။ အရင်ချေးငွေဆပ်ပြီးတော့လည်း ချေးငွေအသစ်က တန်းမရဘူး။ အဲ့တော့ လယ်သမားတွေက ချေးငွေပြန်ဆပ်ရမယ့် နောက်ဆုံးကာလ ကျမှ ဆပ်ကြတယ်၊ ဆပ်ချေး သဘောပေါ့။ အဲ့လိုဆပ်တာက ဘဏ်ကိုပြန်ဆပ်ဖို့ကို လယ်သမားမှာ ငွေမရှိဘူး။ ဒီတော့ ဘေးကနေ ၅ ကျပ်တိုး ၊ ၁၀ ကျပ်တိုးနဲ့ ယူပြီး ဘဏ်ကိုဆပ်ရတာပါ။ ဆပ်ပြီး ချက်ချင်းပြန်မထုတ်ပေးတော့ အဆင်မပြေဘူး " ဟု တောင်သူ ဦးသိန်းဟံက ပြောသည်။ လက်ရှိတွင် ဇွန်လ ၂၅ ရက်အထိ  ပြည်ခရိုင်အတွင်းမှ  ကျေးရွာအုပ်စု ၁၁အုပ်စုအတွက် သိန်း ၇၀၀၀ ကျော် ထုတ်ချေးပြီးဖြစ်ကြောင်း သိရသည်။

ယခုနှစ်တွင် လယ်သမားများသည် အစိုးရ၏ COVID ကာလ ကုစားသည့် ချေးငွေအစီအစဉ်ဖြစ်သည့် လယ်တစ်ဧက ၅၀၀၀၀ ကျပ်ကိုလည်း မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေနှင့်အတူ တပါတည်း ချေးယူနိုင် မည်ဖြစ်ကြောင်း သိရသည်။                                                                                


အောင်မြင့်ဌေး(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ