နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး

ရန်ကုန်   ဇူလိုင်   ၉


လောက၌အသိဉာဏ်ပညာပြည့်စုံသော သူတစ်ယောက်အနေဖြင့် အရာရာကို ချင့်ချိန်စဉ်းစားလုပ်ကိုင်တတ် ၍ ကောင်းကျိုးစီးပွားအဖြာဖြာတို့ တိုးပွားလာကြ၏။ အသိဉာဏ်ပညာသည် အကောင်း၊ အဆိုး၊ အကြောင်း အကျိုးတို့ကို ဝေဖန်ပိုင်းခြားသိနိုင်စွမ်းပေသည်။ မိမိတို့နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေးဟူသည့် အင်အားတောင့်တင်းခိုင်မာစေရန် နိုင်ငံသားများ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံဖြိုးတိုးတက်ရေးသည် အရေးပါသည်။

ယင်းသို့ တိုးတက်စေရန် အဓိကမဏ္ဍိုင်သည် ပညာရေးကဏ္ဍဖြစ်ပြီး ပညာရေးကဏ္ဍတွင်လည်း အခြေခံ ပညာရေးကဏ္ဍသည် အဓိကကျသည်။ နိုင်ငံတော်သစ်ကို တည်ဆောင်ရာတွင် မျိုးဆက်သစ်လူငယ်များ အပါအဝင် တစ်နိုင်ငံလုံး လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိကကျသည့်အတွက် ပညာရေး ကဏ္ဍကို နိုင်ငံတကာအဆင့်မီမြင့်မားတိုးတက်အောင် ဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတိုင်းကလည်း လူတိုင်းခေတ်နှင့်အညီ အမီလိုက်နိုင်စေရန် အပြိုင်အဆိုင် ကြိုးပမ်းလျက်ရှိရာ မိမိတို့က လည်း မိမိတို့၏ ပညာရေးဆိုင်ရာ ရည်မှန်းချက်များကို အောင်မြင်အောင် ကြိုးပမ်းအကောင်အထည်ဖော်ကြရ မည်ဖြစ်သည်။ ယနေ့ကမ္ဘာတစ်ဝန်းဖြစ်ပေါ်လျက်ရှိသော COVID-19 ရောဂါကြောင့် ထိန်းချုပ်ကိုင်တွယ်ရေး လုပ်ငန်းများကို ကမ္ဘာ့နိုင်ငံတိုင်း အချိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင်လည်း COVID-19 ကပ်ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ COVID-19 ကူးစက် ဖြစ်ပွားမှုအရှိန်အဟုန်နည်းလာမှုအပေါ် မူတည်၍အဆင့်လိုက်၊ အပိုင်းလိုက် လုပ်ငန်းများ ပြန်လည်စတင်ဆောင် ရွက်လျက်ရှိသည်။


မြန်မာနိုင်ငံရှိ ကျောင်းများ ပြန်လည်ဖွင့်လှစ်မည့် အစီအစဉ်အရ အခြေခံပညာအထက်တန်းအဆင့် ကျောင်း များအားလုံးကို ဇူလိုင်လ ၂၁ ရက်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကျန်းမာရေးနှင့်ညီညွတ်၍ လုံခြုံဘေးကင်းစေရန် စီစဉ်ဆောင်ရွက်ပြီး ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်သည်။

ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် Physical Distancing အရ ဆရာ၊ ကျောင်းသားတစ်ဦးနှင့် တစ်ဦးအကြား ခြောက်ပေခြားပြီး သင်ကြားသင်ယူနိုင်ရန် စီစဉ်ထားသကဲ့သို့ ကျောင်းများပြန်ဖွင့်ရာတွင် ပုံမှန် ဖွင့်မည့်ကျောင်းများ တစ်ပတ်ခြားဖွင့်မည့် ကျောင်းများ၊ တစ်ပတ်ခြားနှစ်သုတ်တက်ရောက်ရမည့်ကျောင်းများ၊ တစ်ပတ်ခြားနှစ်သုတ်သုံးရက်စီ တက်ရမည့် ကျောင်းများဟူ၍ရှိရာ ကျောင်းများပြန်လည်ဖွင့်လှစ်သည့်အခါ အရည်အသွေးရှိသော သင်ယူတတ်မြောက်မှုရှိစေရန် လိုအပ်သည်။

ပညာရေးရည်မှန်းချက်ပေါက်မြောက်အောင်မြင်နိုင်ရေးအတွက် ဆရာ၊ ဆရာမများက ဆရာပီသစွာ အစဉ် လေ့လာသင်ယူမှုကို မြတ်နိုးတန်ဖိုးထားဆောင်ရွက်နေသူ၊ အစဉ်လေ့လာသင်ယူနေသူဖြစ်သကဲ့သို့ မိမိတို့တပည့် များကိုလည်း အစဉ်လေ့လာသင်ယူမှုကို မြတ်နိုးတန်ဖိုးထားသူ၊ ဘဝတစ်လျှောက်အစဉ်လေ့လာသင်ယူ နေသူများ ဖြစ်လာအောင် ဆောင်ကြဉ်းပေးဆောင်နေသူများဖြစ်အောင် ကြိုးပမ်းကြရမည်ဖြစ်သည်။

နိုင်ငံသားများ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန် စနစ်တကျပညာရေးကဏ္ဍက မိမိတို့၏ တာဝန်များကို ဆတက်ထမ်းပိုးတိုး၍ ကြိုးပမ်းအကောင်အထည်ဖော်စေချင်ကြောင်း။






အခြားဆက်စပ်သတင်းများ