နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လောဘဟာ အမှောင်ဆိုရင် ဒန်ပရိုက်က အလင်းထဲကိုလာခဲ့သူတစ်ယောက်ပေါ့

၂၀၁၅ ခုနှစ်မှာ ဆီယက်တယ်မြို့အခြေစိုက် ကတ်ငွေပေးချေမှုကုမ္ပဏီပိုင်ရှင်က သူ့ကုမ္ပဏီမှာ အလုပ်လုပ်တဲ့ ဝန်ထမ်း ၁၂၀ လုံးကို တစ်နှစ်အခြေခံ လုပ်ခ အမေရိကန်ဒေါ်လာ ၇၀၀၀၀ ပေးခဲ့ပြီး သူ ကိုယ်တိုင်ကတော့ တစ်နှစ်ကို အမေရိကန်ဒေါ်လာ တစ်သန်း လျှော့ယူခဲ့ပါတယ်။ နောက်ငါးနှစ်ကြာတဲ့ အထိ သူက အဲဒီလုပ်ခပဲ ရယူခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ စွန့်စားမှုက အလုပ်ဖြစ်ခဲ့ပါတယ်။ ဒန်ပရိုက်ဟာ သူ့သူငယ်ချင်း ဗယ်လာရီနဲ့အတူ ဆီယက်တယ်မြို့ကို စီးမိုးထားတဲ့ ကက်စကာဒီ တောင်ပေါ် တက်လာခဲ့ပါတယ်။ အဲဒီအချိန်မှာ သူ့အတွက် စိတ်မသက်မသာဖြစ်စေမယ့် စကားမျိုး ကြားခဲ့ရတာပါ။ သူတို့နှစ်ယောက် တွဲလျှောက်လာ တုန်း ဗယ်လာရီက သူအဆင်မပြေတဲ့အကြောင်း ပြောပြတယ်။ သူ့အိမ်ရှင်က တစ်လကို အိမ်ငှားခ အမေရိကန်ဒေါ်လာ ၂၀၀ အထိ တိုးတောင်းထား တဲ့အကြောင်း၊ ပေးစရာရှိတာတွေ မပေးနိုင်သေးတဲ့ အကြောင်း အစုံပါပဲ။ ကြားလိုက်ရတဲ့ အဖြစ်အပျက် ကြောင့် ဒန်ပရိုက် စိတ်တိုသွားတယ်။ ဗယ်လာရီက သူ့ရဲ့အဆက်ဟောင်းလေ။ ဗယ်လာရီက စစ်တပ်ထဲ မှာ ၁၁ နှစ်တောင် တာဝန်ထမ်းဆောင်ခဲ့ပြီး အီရတ် စစ်မြေပြင်ကို နှစ်ကြိမ်တိုင်တိုင် သွားခဲ့သူပါ။ အခု အချိန်မှာတော့ စားဝတ်နေရေးအတွက် အလုပ်နှစ်ခု လုပ်နေရပြီး တစ်ပတ်ကို အလုပ်လုပ်ချိန် နာရီ ၅၀ ရှိပါတယ်။ ''လူသားတစ်ယောက်အနေနဲ့ ဗယ်လာရီရဲ့ တာဝန်ထမ်းဆောင်မှု၊ ဂုဏ်ပြုဆုတွေနဲ့ အားထုတ် ကြိုးပမ်းမှုက သူ့ရဲ့ဘဝဖြစ်တည်မှုကို အဓိပ္ပာယ် ဖွင့်ဆိုနေပါတယ်''လို့ ဒန်ပရိုက်က ဆိုပါတယ်။ ဗယ်လာရီက တစ်နှစ်လုပ်ခ အမေရိကန်ဒေါ်လာ ၄၀၀၀၀ ရပါတယ်။ အဲဒီလုပ်ခနဲ့ဆိုရင် ဆီယက်တယ် မြို့မှာ အိမ်ကြီးအိမ်ကောင်း ငှားနေလို့မရပါဘူး။ ကမ္ဘာကြီးက သာတူညီမျှမှုမရှိတဲ့နေရာတစ်ခုဖြစ်နေ လို့ ဒန်ပရိုက် ဒေါသထွက်မိတာပါ။ချက်ချင်းဆိုသလို ပဲ အဲဒီပြဿနာထဲမှာ သူကိုယ်တိုင် ပါဝင်ဖြေရှင်းဖို့ ဆုံးဖြတ်လိုက်တယ်။ ဒန်ပရိုက်က အသက် ၃၁ နှစ်အရွယ်မှာ သန်းကြွယ်သူဋ္ဌေးဖြစ်နေသူပါ။ ဆယ်ကျော်သက် ဘဝမှာ သူတည်ထောင်ခဲ့တဲ့ Gravity Payments ကုမ္ပဏီက ဖောက်သည် ၂၀၀၀ လောက်ရှိနေပြီး ဒေါ်လာသန်းချီ တန်ကြေးရှိပါတယ်။ ဒန်ပရိုက်က တစ်နှစ်လုပ်ခ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ သန်း ရနေသူပါ။ ဗယ်လာရီပြောတဲ့စကားတွေကြားပြီးတဲ့ နောက်မှာတော့ သူ့ဝန်ထမ်းတွေလည်း ဗယ်လာရီ လို ရုန်းကန်ရလိမ့်မယ်လို့ ဒန်ပရိုက် တွေးမိခဲ့ပြီး အပြောင်းအလဲလုပ်ဖို့ ဆုံးဖြတ်လိုက်တာပါ။ အိုင်ဒါဟိုဆိုတဲ့ ကျေးလက်ဒေသမှာ မွေးဖွားခဲ့တဲ့ ဒန်ပရိုက်ဟာ ခရစ်ယာန်ဘာသာကို နက်နက် ရှိုင်းရှိုင်း သက်ဝင်ယုံကြည်ပြီး အပြုသဘောဆောင်သူပါ။ တက်ကြွနေတတ်သူပါ။ တခြားသူတွေကို ချီးကျူး ဖို့ ဝန်မလေးသူ၊ ယဉ်ကျေးဖော်ရွေသူပါ။ ဒါပေမဲ့ အမေ ရိကန်နိုင်ငံမှာဖြစ်နေတဲ့မညီမျှမှုတွေကို တွန်းလှန် တိုက်ဖျက်ရာမှာတော့ ဒန်ပရိုက်က ခရူးဆိတ် စစ်သည်တစ်ယောက်ပါ။ ''နယူးယော့ခ်တာဝါ အပေါ်ဆုံးထပ်အခန်းထဲမှာ လူတချို့တလေ ရွှေကုလားထိုင်တွေနဲ့ ထိုင်နိုင်ဖို့ အတွက် ငတ်ပြတ်ခံရတဲ့သူ၊ အလုပ်လက်မဲ့ဖြစ်နေ သူ၊ နိုင်ထက်စီးနင်း လုပ်ခံရသူတွေ ရှိနေပါတယ်။ ကျွန်တော်တို့ ယဉ်ကျေးမှုက လူ့အဖွဲ့အစည်းထဲမှာ လောဘစိတ်ကို အချိန်ပြည့်အရောင်တင်နေကြတာပါ ပဲ။ ဖို့ဘ်မဂ္ဂဇင်းရဲ့ အချမ်းသာဆုံးစာရင်းက အဆိုးဆုံး ဥပမာကြီးဆိုတာ ခင်ဗျားတို့လည်း သိကြမှာပါ။ ကမ္ဘာ့ အချမ်းသာဆုံးပုဂ္ဂိုလ်စာရင်းမှာ ဘီလ်ဂိတ်က ဂျက်ဖ်ဘီဇို့စ်ကို ပြန်ကျော်သွားတယ်။ အဲဒါကိုဘယ်သူ က အရေးစိုက်မှာလဲ''လို့ ဒန်ပရိုက်က ပြောပါတယ်။ ၁၉၉၅ ခုနှစ်မတိုင်ခင်က အမေရိကန်နိုင်ငံရဲ့ အဆင်းရဲဆုံး လူဦးရေတစ်ဝက်ရဲ့ ပိုင်ဆိုင်မှုပမာဏက အချမ်းသာဆုံး တစ်ရာခိုင်နှုန်းထက် ပိုများခဲ့ပါတယ်။ ဒါပေမဲ့ ၁၉၉၅ ခုနှစ်မှာ အချမ်းသာဆုံး ၁ ရာခိုင်နှုန်းက အဆင်းရဲဆုံး လူဦးရေတစ်ဝက်ထက် ပိုင်ဆိုင်မှုပိုများ လာခဲ့ပါတယ်။ ပြီးတော့ အဲဒီကွာခြားချက်က များ သထက် များလာပါတယ်။ ၁၉၆၅ ခုနှစ်မှာ အမေရိကန် နိုင်ငံရဲ့ CEO တွေက အောက်ခြေဝန်ထမ်းတွေထက် လုပ်ခလစာ အဆ ၂၀ ပိုများကြတယ်။ ဒါပေမဲ့ ၂၀၁၅ ခုနှစ်မှာတော့ CEO တွေနဲ့ အောက်ခြေဝန်ထမ်း တွေကြား လုပ်ခလစာ ကွာခြားချက်က အဆ ၃၀၀ အထိ ရှိလာတယ်။ ဗြိတိန်နိုင်ငံမှာဆိုရင်လည်း စတော့ ရှယ်ယာဈေးကွက်မှာ ငွေပင်ငွေရင်းအများဆုံးကုမ္ပဏီ ၁၀၀ ရဲ့ အကြီးအကဲတွေက အောက်ခြေဝန်ထမ်းတွေ ထက် လုပ်ခလစာ ၁၁၇ ဆ ပိုရနေပါတယ်။ ဗယ်လာရီနဲ့အတူ တောင်ပေါ်တက်နေတဲ့ ဒန်ပရိုက်ဟာ အသက်ကို ခပ်ပြင်းပြင်းရှုသွင်းနေရင်း ခေါင်းထဲကို အတွေးတစ်ခုဝင်လာခဲ့တယ်။ ဒန်ပရိုက် က ဒန်နီယယ်ကာနီမန်နဲ့ အန်ဂတ်စ်ဒီယာတန်တို့လို နိုဗယ်ဆုရ စီးပွားရေးပညာရှင်တွေ ရေးသားထားတဲ့ ''အမေရိကန် နိုင်ငံသားတစ်ယောက် ပျော်ရွှင်ဖို့ ငွေ ဘယ်လောက်လိုမလဲ"ဆိုတဲ့ သုတေသနကို ဖတ်ရှု ထားသူပါ။ ဒန်ပရိုက်က သူ့ရဲ့Gravity ကုမ္ပဏီမှာ အနိမ့်ဆုံးလုပ်ခလစာကို သိသိသာသာတိုးမြှင့်ပေး မယ်လို့ ဗယ်လာရီကို ချက်ချင်းကတိပေးလိုက်တယ်။ ဒန်ပရိုက်ရဲ့ခေါင်းထဲမှာ ပေသီးခေါက်သလို ကိန်းဂဏန်းတွေ ပြေးလွှားနေပြီးနောက်မှာတော့ အနိမ့်ဆုံးလုပ်ခလစာကို အမေရိကန်ဒေါ်လာ ၇၀၀၀၀ သတ်မှတ်လိုက်တယ်။ သူရဲ့လုပ်ခလစာ လျှော့ယူဖို့ လိုသလို သူ့ရဲ့အိမ်နှစ်လုံးကို အပေါင်ထားရမယ်၊ သူ့ရဲ့စတော့ရှယ်ယာတွေ၊ သူစုထားတဲ့ပိုက်ဆံတွေကို ထုတ်သုံးရမယ်ဆိုတာ ဒန်ပရိုက် တွေးပြီးသားပါ။ အဲဒီ နောက်မှာတော့ သူ့ဝန်ထမ်းတွေကိုခေါ်ပြီး အနိမ့်ဆုံး လုပ်ခလစာတိုးပေးမယ်လို့ ကြေညာလိုက်တယ်။ ဝန်ထမ်းတွေ ခုန်ပေါက်ပျော်မြူးကြမယ်လို့ သူတွေးထားပေမဲ့ တစ်ခန်းလုံး တုပ်တုပ်မလှုပ်ဘဲ ငြိမ်သက်နေလို့ အနိမ့်ဆုံးလုပ်ခ တိုးပေးမယ့် အကြောင်း နောက်တစ်ခါထပ်ပြီး ကြေညာခဲ့ရပါတယ်။ အဲဒီအချိန်တုန်းက ဝန်ထမ်းတွေ ဘာလို့မပျော်ခဲ့ကြ တာလဲဆိုတာကို နောက်ငါးနှစ်အကြာမှာဒန်ပရိုက် က ရယ်ကျဲကျဲ ပြောပြခဲ့ပါတယ်။ လူတစ်ယောက် ပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့ လုံလောက်တဲ့ဝင်ငွေပမာဏ က တစ်နှစ်လုပ်ခအမေရိကန်ဒေါ်လာ ၇၅၀၀၀ ရှိတယ် လို့ သတ်မှတ်ထားတဲ့ ပရင့်စတန်ပါမောက္ခတွေရဲ့ သုတေသနကို သူမေ့နေခဲ့တယ်ဆိုတာပါပဲ။ ဒါပေမဲ့ ဒန်ပရိုက်က အနိမ့်ဆုံးလုပ်ခကို အမေရိကန်ဒေါ်လာ ၇၀၀၀၀ အထိ တိုးပေးလိုက်လို့ သူ့ကုမ္ပဏီမှာအလုပ် လုပ်နေတဲ့ ဝန်ထမ်း ၃ ပုံ၊ ၁ ပုံလောက်က ချက်ချင်း ဆိုသလို လုပ်ခနှစ်ဆ မြင့်တက်သွားခဲ့ပါတယ်။ အဲဒီနောက်မှာပဲ Gravity ကုမ္ပဏီလည်း အသွင် ပြောင်းလဲလာခဲ့ပါတယ်။ သူတို့ကုမ္ပဏီရဲ့ဖောက်သည် ပမာဏ နှစ်ဆမြင့်တက်လာပြီး ဖောက်သည်တွေရဲ့ ငွေပေးချေမှုပမာဏကလည်း တစ်နှစ်ကို အမေရိကန် ဒေါ်လာ ၃ ဒသမ ၈ ဘီလျံရှိနေရာကနေ ၁၀ ဒသမ ၂ ဘီလျံအထိ မြင့်တက်ခဲ့ပါတယ်။ ပြီးတော့ ဒန်ပရိုက် အတွက် နောက်ထပ်ဂုဏ်ယူစရာ တိုးတက်မှုတစ်ခု ရှိနေပါသေးတယ်။ ''အနိမ့်ဆုံးလုပ်ခကို အမေရိကန်ဒေါ်လာ ၇၀၀၀၀ မသတ်မှတ်ခင်တုန်းက ကျွန်တော်တို့ကုမ္ပဏီဝန်ထမ်း တွေက တစ်နှစ်ကို ကလေး ၂ ယောက်လောက်အထိ ပဲ မွေးကြပါတယ်။ အနိမ့်ဆုံးလုပ်ခတိုးပေးပြီး လေးနှစ်ခွဲ အကြာမှာပဲ ကျွန်တော်တို့ ဝန်ထမ်းတွေမွေးဖွားခဲ့တဲ့ ကလေး ၄၀ ကျော်ရှိလာခဲ့ပါတယ်''လို့ ဒန်ပရိုက်က ပြောပါတယ်။ ကုမ္ပဏီဝန်ထမ်း ၁၀ ရာခိုင်နှုန်းလောက် က ကိုယ်ပိုင်အိမ်ဝယ်နိုင်ခဲ့တယ်။ တကယ်တော့ ဆီယက်တယ်မြို့က အမေရိကန်နိုင်ငံမှာ အိမ်ငှားဖို့ တောင် ဈေးအကြီးဆုံးမြို့ပါ။ အနိမ့်ဆုံးလုပ်ခကို တိုး မပေးခင်တုန်းက သူတို့ကုမ္ပဏီမှာ ကိုယ်ပိုင်အိမ်ဝယ် နိုင်သူက ၁ ရာခိုင်နှုန်းပဲရှိပါတယ်။ ဝန်ထမ်းတွေက သူတို့ရဲ့ပင်စင်ရန်ပုံငွေအတွက် ကိုယ့်သဘောနဲ့ကိုယ် ထည့်ဝင်တဲ့ပမာဏက နှစ်ဆကျော် မြင့်တက်လာခဲ့ တယ်။ ဝန်ထမ်း ၇၀ ရာခိုင်နှုန်းကတော့ အကြွေးတွေ ကျေအောင်ဆပ်နိုင်ခဲ့တယ်။ မဂ္ဂဇင်းတွေက သူ့ကို အမေရိကန်နိုင်ငံရဲ့ အကောင်းဆုံးသူဋ္ဌေးလို့ ခေါင်းစဉ် တပ်ဖော်ပြကြသလို သူ့လုပ်ရပ်ကို ထောက်ခံအားပေး တဲ့ စာလွှာရာချီ လက်ခံရရှိခဲ့ပါတယ်။ ဒါပေမဲ့ ဝေဖန်မှု တွေလည်း မကင်းခဲ့ပါဘူး။ Gravity ကုမ္ပဏီရဲ့ ဖောက်သည်တချို့ကတောင် သူ့လုပ်ရပ်ကို နိုင်ငံရေး လွှမ်းမိုးမှုတစ်ရပ်လို သဘောထားတယ်လို့ စာပို့ခဲ့ကြ ပါသေးတယ်။ အဲဒီအချိန်တုန်းက ဆီယက်တယ်မြို့မှာအနိမ့်ဆုံး လစာကို အမေရိကန်ဒေါ်လာ ၁၅ ဒေါ်လာတိုးပေးဖို့ အချေအတင်ဆွေးနွေးနေချိန်ပေါ့။ ဒါက အမေရိကန် နိုင်ငံမှာ အနိမ့်ဆုံးလစာကို အမြင့်ဆုံးပမာဏတိုးပေးဖို့ ဆွေးနွေးတာဖြစ်ပါတယ်။ အသေးစားလုပ်ငန်းပိုင်ရှင် တွေကတော့ အဲဒီလိုသာ တိုးပေးလိုက်ရင် သူတို့ အလုပ်ပိတ်ရမယ်ဆိုပြီး လစာတိုးပေးဖို့ အကြောက် အကန်ငြင်းနေတဲ့အချိန်ပေါ့။ လက်ယာဝါဒရှိတဲ့ ရေဒီယိုအစီအစဉ်တင်ဆက်သူ လင်ဘက်ဂျ်ကတော့ ဒန်ပရိုက်ကို ကွန်မြူနစ်လို့ သမုတ်ခဲ့ပါတယ်။ Gravity ကုမ္ပဏီရဲ့ဝန်ထမ်းနှစ်ယောက်ကတောင် ဒန်ပရိုက်ရဲ့ လုပ်ရပ်ကို ကန့်ကွက်တဲ့အနေနဲ့ အလုပ်ကနုတ်ထွက် သွားခဲ့ပါတယ်။ ဂျူနီယာ ဝန်ထမ်းတွေက နေ့ချင်း ညချင်း လုပ်ခအဆမတန် မြင့်တက်သွားတာကို သူတို့တွေ မခံစားနိုင်ခဲ့ကြ ပါဘူး။ ဒန်ပရိုက်ကဒီလိုလုပ်လိုက်လို့ ကုမ္ပဏီမှာ အပျင်းထူတဲ့သူတွေများလာပြီး အပြိုင်အဆိုင် အလုပ်လုပ်ကြတော့မှာမဟုတ်ဘူးလို့ သူတို့က ဆင်ခြေပေးခဲ့တယ်လေ။ ဒါပေမဲ့ သူတို့ထင်သလို မဖြစ်ခဲ့ပါဘူး။ လုပ်ခတွေ တိုးပေးပြီးကတည်းက ဂျူနီယာဝန်ထမ်းတွေကလည်း သူတို့အလုပ်ကို ဖိဖိ စီးစီး လုပ်ကြတယ်။ ''အလုပ်လုပ်နေချိန်မှာ ပိုက်ဆံ ကို ဦးစားပေးစရာမလိုတော့လို့ ကိုယ်စိတ်အားထက် သန်ရာကို ပိုပြီးတစိုက်မတ်မတ်လုပ်နိုင်လာတယ်''လို့ Gravity ရဲ့ အရောင်းဌာနဒါရိုက်တာ ရိုဆီတာ ဘာလိုး က ပြောပါတယ်။ ''ဝန်ထမ်းတစ်ယောက်ဆိုရင် အရင်တုန်းက ကုမ္ပဏီကိုလာဖို့ တစ်နေ့ကို တစ်နာရီခွဲ ကားမောင်း လာရတယ်။ လမ်းမှာ ကားဘီးပေါက်ပြီး ကားဘီး လဲစရာ ပိုက်ဆံမရှိမှာ ပူပန်ခဲ့ရတယ်။ သူက အဲဒီလို စိတ်ဖိစီးမှုနဲ့ နေ့တိုင်းကြုံခဲ့တယ်''လို့ ဒန်ပရိုက်က ပြောပါတယ်။ ဒါပေမဲ့ အနိမ့်ဆုံးလုပ်ခကို အမေရိကန် ဒေါ်လာ ၇၀၀၀၀ အထိ တိုးပေးလိုက်ချိန်မှာတော့ သူက ရုံးနဲ့နီးတဲ့နေရာကို အိမ်ပြောင်းလာပြီး ကျန်းမာ အောင် စားသောက်နေထိုင်ခဲ့တယ်။ ဒါကြောင့်လည်း Gravity ကုမ္ပဏီက အရင်ထက်ဝင်ငွေပိုကောင်းလာ ခဲ့ပါတယ်။ အရင်တုန်းကအိမ်ကြီး အိမ်ကောင်းမှာ နေထိုင်ပြီး ဈေးကြီးတဲ့ စားသောက်ဆိုင်တွေမှာ ရှန်ပိန်သောက်တတ်တဲ့ ဒန်ပရိုက်ဟာ ဝန်ထမ်းတွေ ကို အနိမ့်ဆုံးလုပ်ခ တိုးပေးပြီး သူ့ရဲ့လုပ်ခကိုလျှော့ယူ လိုက်ပြီးနောက်မှာတော့ Airbnb ကနေ အိမ်ငှားနေ ခဲ့သလို ၁၂ နှစ်သက်တမ်းရှိတဲ့ အော်ဒီကားအစုတ် လေးကိုပဲ စီးခဲ့ပါတယ်။ သူ့ဝန်ထမ်းတွေက အော်ဒီ ကားအစုတ်လေးစီးနေတာ မကြည့်ရက်လို့တိုးတိုး တိတ်တိတ် ပိုက်ဆံစုပြီး သူ့ကို Tesla ကားသစ် တစ်စီး ဝယ်ပေးခဲ့ကြပါတယ်။ ဒါဟာ မေတ္တာ ရောင်ပြန်ဟပ်တာလို့ဆိုရမှာပါ။ ဒန်ပရိုက်ဟာ လုပ်ခလျှော့ယူခဲ့ပေမဲ့ သူ့အလုပ် အပေါ်မှာတော့ အရင်ကထက်တောင်ပိုပြီး အာရုံစိုက်ခဲ့ပါသေးတယ်။ ''နေ့တိုင်းမှာ စမ်းသပ်မှုတွေရှိပါတယ်။ ကျွန်တော်က မက်ခ်ဇူကာဘတ်နဲ့ သက်တူရွယ်တူ ပါပဲ။ ငါလည်းသူ့လို ချမ်းသာချင်တယ်၊ ဖို့ဘ် မဂ္ဂဇင်းရဲ့ အချမ်းသာဆုံးစာရင်းမှာ သူနဲ့အပြိုင် ဖြစ်ချင်တယ်၊ ပိုက်ဆံအများကြီးရှာပြီး Time မဂ္ဂဇင်းမျက်နှာဖုံးမှာ ပါချင်တယ်လို့တွေးမိခဲ့တဲ့ အမှောင်နေ့တွေကျွန်တော့်မှာ ရှိခဲ့ဖူးပါတယ်။ လောဘဖုံးနေတဲ့ အဲဒီအရာတွေကလည်း သွေးဆောင် မြူဆွယ်နေလို့ ငြင်းပယ်ဖို့ခက်ပါတယ်။ ဒါပေမဲ့ အခုတော့ ကျွန်တော့်ဘဝက အများကြီးပိုကောင်း လာပါပြီ''။ ဒါကတော့ ဒန်ပရိုက်ရဲ့နိဂုံးချုပ်စကားသံပါပဲ။ Ref:BBC






အခြားဆက်စပ်သတင်းများ