နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်မြို့တွင် အိမ်ငှားဈေးကွက်ပြန်သွက်လာ

ရန်ကုန်   ဇူလိုင်   ၆


ရန်ကုန်မြို့တွင် ယခုရက်ပိုင်းအတွင်း အိမ်အငှားဈေးကွက်ပြန်သွက်လာပြီး အထူးသဖြင့် ဆင်ခြေဖုံး မြို့နယ်များ၌ များပြားနေခြင်းဖြစ်သည်ဟု အိမ်ခြံမြေအကျိုးတော်ဆောင်လုပ်ငန်းများထံမှ သိရသည်။ 


ထိုအိမ်အငှားဈေးကွက်တွင် သာမန်အားဖြင့် ပွင့်လင်းရာသီကာလမှ မိုးမကျမီကာလအတွင်း ငှားရမ်းသူ များပြားလေ့ရှိတတ်သော်လည်း ယခုနှစ်ပွင့်လင်းရာသီကာလတွင် COVID 19 ရောဂါကာကွယ်ရေး သတ်မှတ် ချက်များနှင့် Home Stay အစီအစဉ်များကြောင့် ငှားရမ်းသူမရှိသလောက်ဖြစ်ခဲ့ရာမှ ယခု ဇူလိုင်လအတွင်း ငှားရမ်းသူများပြားလာခဲ့ခြင်းဖြစ်သည်။ “အများဆုံးငှားရတာက အိမ်တွေပါ၊ ဆင်ခြေဖုံးရပ်ကွက်တွေဘက် ပိုများပါတယ်၊ ကန်ထရိုက်တိုက်ခန်းနဲ့ ကွန်ဒိုအခန်းတွေကတော့ ငှားရတာတွေရှိတယ်၊ နည်းတယ်၊ လုံးချင်းအနေနဲ့ကတော့ ငှားသူမရှိသလောက် ဖြစ်နေသေးတယ်”ဟု ကမ္ဘာကျော် အိမ်ခြံမြေအကျိုးတော်ဆောင် လုပ်ငန်းပိုင်ရှင် ကိုကျော်ကျော်လင်းက ရှင်းပြသည်။ ထိုသို့အများဆုံးငှားရမ်းရသော အိမ်အခန်းများမှာ လှိုင်၊ မရမ်းကုန်း၊ ကမာရွတ်၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ သင်္ဃန်းကျွန်း၊ ပုဇွန်တောင်၊ သာကေတ စသည့်မြို့နယ်များအတွင်းတွင် ဖြစ်ကြသလို Downtown ဧရိယာအတွင်းတွင်မူ ကွန်ဒိုအခန်းအချို့ ငှားရမ်းခဲ့ကြရကြောင်း သိရသည်။ “ရန်ကုန်ရဲ့ အိမ်ငှားရမ်းမှုအခြေအနေကို ပြန်ကြည့်မယ်ဆိုရင် ကုမ္ပဏီလုပ်ငန်းတွေအများစုဟာ အရင်တုန်းက မြို့လယ် Downtown ဧရိယာတွေထဲကိုပဲ ရွေးပြီးတော့ ပြောင်းရွှေ့ငှားရမ်းကြပါတယ်၊ အခုနောက်ပိုင်းမှာ ကားပါကင်နေရာအခက်အခဲရှိတာတွေ၊ Traffic ကိစ္စတွေ၊ တခြားသောနေရာနဲ့ယှဉ်ရင် ဈေးနှုန်းကြီးမြင့်တဲ့အနေအထားတွေကြောင့် မြို့လယ် Downtown မှာ မဟုတ်ဘဲ သွားလာရလွယ်တဲ့ အခြားသော မြို့နယ်တွေထဲက Bussiness Tower တွေမှာ ပြောင်းရွှေ့ငှားရမ်း လာကြတယ်၊ ဒါကိုအကြမ်းဖျင်းကြည့်ရင် စီးပွားရေးလုပ်ငန်းတွေဟာ မြို့လယ်ကနေ အပြင်ဘက်ကို ရွေ့သွားတဲ့ အရွေ့တစ်ခုလို့ သုံးသပ်မိပါတယ်၊ ဒါက အန်ကယ်လေ့လာထားတဲ့ Data တွေကို အခြေခံပြီး ပြောတာပါ”ဟု  အိမ်ခြံမြေဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းများလုပ်ကိုင်နေသော ဦးဇော်ထွန်းက ရှင်းပြသည်။ မကြာခင်ဝါဝင်တော့မည်ဖြစ်သည့်အတွက် ဝါတွင်းကာလအတွင်း အိမ်ရာရွှေ့ပြောင်းခြင်းမပြုရသော ထုံးတမ်းစဉ်လာများကြောင့် ယခုကာလကတည်းက အိမ်ငှားရမ်းမှုများမှာ များလာခြင်းဖြစ်သည်ဟု သုံးသပ်ထားကြသည်။ “ညီမတို့က အရင်တုန်းကတော့ အဆောင်နေတယ်၊ အခုတော့ အဆောင်ကသူငယ်ချင်းတွေ စုပြီးတော့ တိုက်ခန်းငှားပြီးနေကြတယ်၊ အဆောင်လခက တစ်ယောက်ကို ၃၅၀ဝ၀ ကျတယ်လေ၊ နေရထိုင်ရတာလည်း ကျပ်ကျပ်ညပ်ညပ်နဲ့ တိုက်ခန်းငှားခကျတော့ စုပေါင်းလိုက်ရင် ဒီလောက်မကျဘူး၊ တစ်ခုရှိတာက အရင်ဆုံး ခြောက်လတို့ ဆယ်လတို့အတွက် ငှားရမ်းခငွေကို အပြတ်ကြိုပေးထားရတစ်ခုတော့ အခက်အခဲ ရှိတယ်၊ အဆောင်ထက်ကို နေရတာတော်တော်လေးလည်း အဆင်ပြေတယ်”ဟု ရန်ကုန်မြို့မှ ဈေးဝယ် စင်တာတစ်ခုတွင် အရောင်းဝန်ထမ်းအဖြစ် လုပ်ကိုင်နေသည့် မဖြိုးသီရိက ပြောသည်။ ထိုသို့ ငှားရမ်းသူများပြားသလို ငှားရမ်းခများမှာ တည်ရှိရာနေရာ၏ အချက်အချာကျမှုအပေါ်မူတည်၍ အိမ်အခန်းများ ဖြစ်ပါက ငွေကျပ် ၈၀ဝ၀ဝ မှ ၂၅၀ဝ၀ဝ ကျပ် ခန့်အထိ လည်းကောင်း၊ ကန်ထရိုက်တိုက်ခန်းများ ဖြစ်ပါက ၁၃၀ဝ၀ဝ ကျပ်မှ ၃၀ဝ၀ဝ၀ ကျပ်အထိလည်းကောင်း၊ ကွန်ဒိုမီနီယံအခန်းများဖြစ်ပါက ကျပ် ၆၀ဝ၀ဝ၀ လောက်မှ ၁၅၀ဝ၀ဝ၀ ကျပ်လောက်အထိလည်းကောင်း အသီးသီးရှိကြပြီး ကုမ္ပဏီ၊ ရုံးခန်းများဖွင့်ကြသည့် အချို့သော ကွန်ဒိုအခန်းကျယ်များမှာ တစ်နှစ်လျှင် ၁၈ သိန်းဝန်းကျင်မှ ၂၂ သိန်းလောက်အထိ ရှိတတ်ကြောင်း သိရသည်။                                     


(HK)






အခြားဆက်စပ်သတင်းများ